Breaking News

အကျည်းတန်ညနေခင်းများ နဲ့ စည်ကားနေတဲ့ညနေခင်းများ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၂


အကျည်းတန်ညနေခင်းများနဲ့ စည်ကားနေတဲ့ ညနေခင်းများ

ညနေခင်း နေဝင်ချိန် ရှုခင်းကို စိတ်ပေါ့ပါးစွာနဲ့ ကြည့်ရှုကာ ပြင်ပလောကရဲ့ သဘာဝအလှတွေကို မခံစားဖြစ်တာ နှစ်နဲ့ချီခဲ့တာကို မိုးရာသီကုန်ပြီးဆောင်း အငွေ့အသက်ရခါစ ညနေခင်း နေဝင်ချိန်ကို ကြည့်မိသည့် တခုသော ညနေခင်းမြင်ကွင်းကို ကြည့်ရင်း တွေးမိသည်။ 

စစ်အာဏာသိမ်းပြီးနောက် ညနေခင်းများမှာ ဆန္ဒပြရာမှ ပြန်ကြသည့် ညနေခင်းများ၊ တီရှပ်အဆင်တူတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကော်ဦးထုပ်များဖြင့် ဆန္ဒပြရာမှပြန်လာကြသည့် မြင်ကွင်းများ၊  လမ်းများမှာ အတားအဆီးများနှင့် လုံထိန်းရဲ၊ စစ်တပ်ကို ခုခံမှုလုပ်ဖို့ ပြင်ဆင်ကြသည့် ညနေခင်းများ ၊ ကားတာယာအဟောင်းတွေကို မီးရှို့ထားကြသည့် ညနေခင်းများ ထိုမှ လအနည်းငယ်အကြာ ကိုဗစ် တတိယလှိုင်းတွင် တိတ်ဆိတ်ခြောက်ကပ်ကာ ခြောက်ခြားနေခဲ့သည့် ညနေခင်းများ၊ အဖမ်းအဆီးနှင့် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်စီးနင်းမှုများ ဖမ်းဆီး သတ်ဖြတ်ခံရသည့် သတင်းများဖြင့် ဖြတ်သန်းကြရသည့် ညနေခင်းတွေက သဘာဝ အလှတရားကို မခံစားဖြစ်လောက်အောင် စိတ်ပင်ပန်းရသည့် ၊ စိတ်မကောင်းဖြစ်ရသည့် နေ့ရက်၊ လတွေက နှစ်ပေါက်သည်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

သဘာဝပတ်ဝန်းကျင်က သူ့အတိုင်း လှပနေမှာဖြစ်ပေမယ့် ဒီပတ်ဝန်းကျင်တွင် နေထိုင်ကြသူတွေရဲ့ ဘဝတွေက မလှပကြ။ စိတ်ဖိစီးမှု၊ စိတ်မချမ်းမြေ့မှု၊ စိတ်ပင်ပန်းမှုနှင့် အန္တရာယ် ကျရောက်နိုင်ခြေအတွက် အစဥ်အမြဲ သတိဖြင့် နေထိုင်နေကြရတဲ့ ဘဝတွေဖြစ်နေခဲ့ပြီး ပြင်ပလောကရဲ့ အလှတရားတွေကို မခံစားနိုင်ကြသည့် အခြေအေနေမျိုးဖြစ်သည်။ 

မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေအကြောင်း တွေးကြည့်ပြီး သူတို့၏ ညနေခင်းတွေက ဘယ်လိုနေမှာလဲ။  အညာဒေသက ညနေခင်းတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရတာတွေ၊ လက်နက်သံ၊ နေအိမ်ရိက္ခာ မီးရှို့မှုတွေကို စိုးရိမ်ရမှု ၊ ဖမ်းဆီးခံရမည့် ဘေးမှတိမ်းရှောင်ဖို့ အချင်းချင်း သတင်းအချက်အလက် ဖလှယ်နေကြရသည့် ဘဝတွေဖြစ်တာကြောင့် မည်သူတဦးတလေမှ စိတ်လက်သက်သာစွာ သဘာဝရှုခင်းတွေကို ခံစားနိုင်ကြမှာ မဟုတ်ပေ။ 

အလားတူ တောင်တန်းများဖြင့် အေးမြ သာယာလှပနေသည့် ချင်းပြည်နယ် တောင်ပိုင်း၊ အလယ်ပိုင်း မြောက်ပိုင်းဒေသတိုင်း စစ်ကောင်စီရဲ့ ကားတန်းတွေ ဖြတ်သန်းမှု အလစ်အငိုက်တိုက်ခိုက်မှု၊ လက်စားချေ တုံ့ပြန်ကာ ကျေးရွာတွေကို မီးရှို့ခြင်း စသည့် ရှုခင်း မြင်ကွင်းများဖြင့် အစားထိုးခံခဲ့ရသည့်သဘောလည်း ဖြစ်သည်။ 

ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် ဆယ်စုနှစ် တခုနီးပါး လျော့ကျခဲ့သည့် လက်နက်ကိုင်တိုက်ပွဲများက အဆိုပါ ၁၀ နှစ်မတိုင်ခင်ကထက် ပိုမိုပြင်းထန်သည့် အရှိန်ဖြင့် တောက်လောင်လာခဲ့သည့်နောက် မည်သည့် ဒေသတွင်မှ သဘာဝ အလှတရားကိုခံစား နိုင်ကြသည့် အခြေအနေမရှိကြတော့ပါ။ သဘာဝ ပတ်ဝန်းကျင်မှာနေထိုင်နေကြရသော်လည်း လိုအပ်သည့် မီး၊ အမိုးအကာ၊ ဆေးဝါး စသည့်အရာများ မရှိပဲနေထိုင်ကြရခြင်း ဖြစ်သည်။ တနည်းအားဖြင့် နေအိမ်များမှ တိမ်းရှောင်ကာ တောထဲ တောင်ထဲသွားရောက်နေထိုင်ကြရခြင်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်တွင် အပန်းဖြေဖို့ လာရောက်နေထိုင်ကြသည့် အဖြစ်မျိုးမဟုတ်ပဲ၊ ရွာမှာ အိမ်မှာနေထိုင်နေခဲ့လျင် ကျရောက်နိုင်သည့် အသက်ဘေးကြောင့် သဘာဝပတ်ဝန်းကျင် တောထဲတောင်ထဲ တိမ်းရှောင်ကြရသည့်အနေအထား၊   လက်နက် ၊ အမြောက်ဆံ၊ လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲမပြတ်နားစွင့်နေကြရသည့် အခြေအနေမျိုးတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။ 

သို့ရာတွင် မြို့နှင့် ကျေးလက်ဒေသတွေက အစဥ်အမြဲမတူညီသည့် အခြေအနေ ကွာခြားမှု ရှိနေဆဲဖြစ်သည်။ မြို့တွေမှာ ဗုံးကွဲမှု၊ ပစ်ခတ်မှုများ ကြိုကြားကြိုကြားရှိသည့်တိုင် ကျေးလက်ဒေသတွေလို နေအိမ်မီးရှို့ခံရမယ့်အရေး၊ စားနပ်ရိက္ခာမီးရှို့ခံရမယ့်အရေး ၊ ကျည်၊ အမြောက်ဆံကျမယ့်အရေး စိုးရိမ်မှု မရှိကြပေ၊ အဖမ်းခံရနိုင်ခြေ နှိပ်စက်ညှင်းပန်းခံရနိုင်ခြေတော့ ရှိသော်လည်း မတည်မငြိမ်ဖြစ်နေသည့် ကျေးလက်က ဘဝတွေနှင့် နှိုင်းယှဥ်လျင် များစွာကွာခြားနေသည်ကို တွေ့နိုင်သည်။ 

စစ်အာဏာသိမ်းပြီး ၁၈လ ၁၉ လအကြာ ရန်ကုန်မြို့တွင် လမ်းမကြီးတွေပေါ်တွင် စစ်တပ် ကင်းချသည့်နေရာ အုပ်ချုပ်ရေးရုံးများတဝိုက်ရှိ လမ်းများတွင် ဆူးကြိုးများ အတားအဆီးများ မြွေလိမ်မြွေကောက် အတားအဆီးများ ချထားသည့်တိုင် အဆိုပါအတားအဆီးနေရာနှင့် ကပ်လျက် ဘီယာဆိုင်များ ကေတီဗွီများတွင် ညဘက် ကားတွေအပြည့်၊ လူတွေ အပြည့်ဖြင့် စည်ကားနေကြသည်ကို တွေ့ရသည်။ 

ပြီးခဲ့သည့် ရက်က ညဘက် အပြင်မှအပြန် မြင်ရသည့်မြင်ကွင်းက ရန်ကုန်မြို့၏ ညနေခင်းက နကိုအနေအထားအတိုင်းနီးပါး ပြန်ရောက်နေသလို တွေ့မြင်လိုက်ရသည်။ လှည်းတန်းလမ်းဆုံကျော်လာသည့်အခါ စံရိပ်ငြိမ်၊ ဘူတာရုံလမ်း၊ သုခ၊ သံလမ်း စသည့်နေရာများတွင် ညဘက် ဘီယာဆိုင်တွေ ကေတီဗွီတွေရှေ့မှာ လူတွေကားတွေဖြင့် စည်ကားနေသည့် မြင်ကွင်းကို တွေ့ခဲ့ရသည်။  

မကြာခဏ ပစ်ခတ်မှု၊ ဗုံးဖောက်ခွဲမှု ဖြစ်ပွားလေ့ရှိသည့် လှိုင်မြို့နယ် တွင်ပင် ဘီယာဆိုင် ကေတီဗွီများ စည်ကားလျက်ရှိသည်ကိုတွေ့ရမည် ဖြစ်သည်။ အလားတူ သမိုင်း ပါရမီလမ်းတလျှောက်၊  မရမ်းကုန်း မြို့နယ်က ပါရမီလမ်း၊ ကန်ရိပ်သာလမ်း၊  သင်္ဃန်းကျွန်း ရတနာလမ်း တလျှောက်၊ ကျောက်ကုန်း၊ ကမ္ဘာအေးလမ်းတလျှောက် ဘီယာဆိုင်တွေမှာ ညဘက်ဆို ကားတွေလမ်းနှစ်ဖက်နှစ်ချက် အပြည့်နီးပါး ရပ်ထားကြသည့် မြင်ကွင်းတွေက ရန်ကုန်မှာ သူ့လူတန်းစားအလွှာလိုက် အဆင်ပြေသုံးစွဲနိုင်ကြသည့် အနေအထားကို မြင်တွေ့ရမည် ဖြစ်သည်။ လုယက်မှု ၊ လူသတ်လုယက်မှုလို ရာဇဝတ်မှုတွေက နေ့စဥ်လိုလို ဖြစ်ပွားနေကြသော်လည်း လူစည်ကားသည့် လမ်းမများ နေရာများတွင်တော့ ဘာမှမဖြစ်သလို စိုးရိမ်စရာမရှိသလို ညနေခင်းတွေက စည်ကားနေမြဲ ဖြစ်သည်။ 

ရာဇဝတ်မှုခင်းတွေက လူအသွားအလာပြတ်သည့် လမ်းတချို့ ရပ်ကွက်တချို့မှာ စက်ဘီးနဲ့ သွားလာသူ၊ ဆိုင်ကယ် သို့မဟုတ် ခြေကျင် အလုပ်မှပြန်သူတွေကို ပစ်မှတ်ထား လုယက်နေကြခြင်း ဖြစ်သည်။ ကိုယ်ပိုင်ကားဖြင့် သွားလာသူများအဖို့တော့ အတိုင်းအတာတခုထိ အန္တရာယ်နည်းပါးနေဆဲသဘောလည်း ဖြစ်သည်။ 

လက်နက်ကိုင် တော်လှန်ရေး၊ နယ်မြေစိုးမိုးရေး၊ ထိန်းချုပ်ရေး နှင့် အုပ်ချုပ်နိုင်ရေး ကြိုးပမ်းမှုတွေ ရှိနေသည့်တိုင် ရန်ကုန်မြို့၊ မန္တလေးမြို့ အပါအဝင် မြို့ကြီးတချို့မှာတော့ ပစ္စုပ္ပန်ကျကျ လက်တွေ့ဘဝမှာ အသက်ရှင်ရပ်တည်ဖို့အတွက် အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်နေကြသူများ ရှိသလို ငွေကြေးချောင်လည်သူ စီးပွားရေး အခွင့်အလမ်းကောင်းသူတွေကလည်း စားသောက်ဆိုင် ၊ ကေတီဗွီ စသည့် အပန်းဖြေရာနေရာများတွင် စည်ကားနေသည့်သဘောဖြစ်သည်။ 

သတင်းတွေမှာပါရှိသလို မြန်မာနိုင်ငံတနိုင်ငံလုံး စစ်ဘေး ၊ ဖောက်ခွဲမှု တိုက်ခိုက်မှုများ နေ့စဥ်ဖြစ်ပျက်နေသည့် အနေအထားမျိုးမဟုတ်ဘဲ ပုံမှန်အနေအထားလို မြင်ရသည့် နေရာများလည်း ရှိနေပြီဖြစ်သည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar