အင်းစိန်ထောင် ဖောက်ခွဲမှုမှာ ပါဝင်သူတချို့ ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်၊ မော်လမြိုင်မြို့က PDF စုပြီး နေထိုင်တဲ့နေရာ ဝင်စီးခံရ
မြန်မာ့နွေဦးခရော်နီကယ် - နိုဝင်ဘာ ၁၄ မြင်ကွင်း
မိုးမခ - နိုဝင်ဘာ ၁၅၊ ၂၀၂၂
အင်းစိန်ထောင် ဖောက်ခွဲမှုမှာ ပါဝင်သူတချို့ ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်၊ မော်လမြိုင်မြို့က PDF စုပြီး နေထိုင်တဲ့နေရာ ဝင်စီးခံရ
အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင်အဝင်ဝ ထောင်ဝင်စာပစ္စည်းလက်ခံရာ ကောင်တာ ပေါက်ကွဲမှုမှာ ပါဝင်ခဲ့သူတချို့ကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ အထူးတာဝန် ဆောင်ရွက်ရေးအဖွဲ့လို့ အဓိပ္ပာယ်ရတဲ့ အတိုကောက်အားဖြင့် STA လို့အမည်ပေးထားတဲ့ အဖွဲ့မှာ ပါဝင်ခဲ့သူတွေ ဖြစ်ပြီး လင်မယား ၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန်ချက်မှာပါပြီး အမျိုးသားဖြစ်သူက အင်းစိန်ထောင် အဝင်ဝ ပေါက်ကွဲစေတဲ့ ဗုံးထောင်ရာမှာ ကိုယ်တိုင်ပါဝင်သူ ဖြစ်ကာ ဇနီးဖြစ်သူက ဖြစ်စဥ်ကို အဝေးက ဗီဒီယိုမှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့သူလို့ ဆိုထားပါတယ်။
အင်းစိန်ထောင်ရှေ့ ပေါက်ကွဲမှုက နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေကို အသက်ဆုံးရှုံးစေတာ ဒဏ်ရာရစေတာတွေအထိ ဖြစ်ပျက်ခဲ့ပြီး ဒီလို ဖောက်ခွဲမှုကိုလည်း စစ်ကောင်စီဆန့်ကျင်သူတွေဘက်က အများအပြားက ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။ အကျဥ်းထောင်ဝန်ထမ်း ထောင်မှူးကို ပစ်မှတ်ထားလုပ်ဆောင်တယ်လို့ STA အဖွဲ့ကပြောဆိုပေမယ့် လက်တွေ့မှာ အရပ်သားတွေ ဒိထက်ပိုတိတိကျကျ ပြောရရင် နိုင်ငံရေးအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေ အကျဥ်းကျသူတွေရဲ့ မိသားစုဝင်တွေ ကို ထိခိုက်စေနိုင်တဲ့ ဒီလိုနေရာမှာ ဖေါက်ခွဲတာဟာ စဥ်းစားဥာဏ်နည်းရာကျပြီး အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းကျသားတွေရဲ့ အခွင့်အရေးတွေကို ပိုမို ထိခိုက်ချုပ်ချယ်ခံရစေမှာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
အခု ဖမ်းဆီးခံရတဲ့ ၂ ဦးအနက် ဇနီးဖြစ်သူကို ပထမဦးစွာ ခြေရာခံနိုင်ပြီး ဖမ်းဆီးခဲ့တယ်ဆိုတာကြောင့် အဖြစ်အပျက်က ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာပေါ် လွှင့်တင်ခဲ့တဲ့ဆီကနေ ခြေရာခံမိတာလားလို့ ယူဆစရာလည်း ရှိနိုင်ပါတယ်။ ဒစ်ဂျစ်တယ် ခြေရာကျန်ရစ်ခြင်း ခြေရာခံခြင်းတွေက သာမန်သူတွေအဖို့ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ခြေရာခံမှု သဲလွန်စကျန်ရစ်မှုတွေ ဖြစ်စေနိုင်တာ ဖြစ်လို့ အခုလို ဖမ်းဆီးခံရတာလားလို့ တွေးဆစရာတွေ ရှိနေတာ ဖြစ်ပါတယ်။
ဖုန်း ကွန်ရက်၊ အင်တာနက်ကွန်ရက်ကို လိုအပ်ရင် အချက်အလက်တွေ ရယူခွင့်ရှိနေတဲ့ စစ်ကောင်စီအနေနဲ့ အခုလို မြို့ပေါ်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေ ၊ ပစ်ခတ်မှုတွေ နောက် ဒစ်ဂျစ်တယ် သဲလွန်စလိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားကြတာလို့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ အတိုက်အခံ အင်အားစုတွေ အနေနဲ့ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်၊ ယူကျူ့ စတာတွေက နေ လူထုကို စည်းရုံးလှုံ့ဆော်ဖို့ ပလက်ဖောင်းအဖြစ် အသုံးချတဲ့နေရာဖြစ်တာ မှန်သော်လည်း လျှို့ဝှက်လုပ်ဆောင်မှုတွေက အချင်းချင်း ဆက်သွယ်မှုတွေက ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ တဖက်က စစ်ကောင်စီ ချုပ်ကိုင် ကြည့်ရှုခွင့်ရှိနေတဲ့ ပလက်ဖောင်းတွေ ဖြစ်နေတာ ၄င်းတို့အနေနဲ့ ငွေကြေးသုံးစွဲပြီး နည်းပညာဆိုင်ရာ ထောက်လှမ်းမှု စောင့်ကြည့်မှုတွေ လုပ်နိုင်တာကို မေ့လျော့ထားလို့ မဖြစ်ပါဘူး။
အခုကိစ္စမှာ ဒစ်ဂျစ်တယ် သဲလွန်စကနေ ကျိုးပေါက်သွားတယ်လို့ တထစ်ချမဆိုနိုင်သော်လည်း ထုတ်ပြန်ချက် ကို ကြည့်တဲ့အခါ ဒစ်ဂျစ်တယ် သဲလွန်စကနေ လုံခြုံရေးစည်းကျိုးပေါက်တာ ဖြစ်နိုင်ခြေရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့ အဖို့ အခြားသတင်းတပုဒ်မှာတော့ နိုဝင်ဘာ ၁၄ ရက်နေ့ညက မော်လမြိုင်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခု ဖြစ်တဲ့ ဇေယျာသီရိ ၃ ရပ်ကွက်က PDF တွေစုနေကြတဲ့ အငှားနေအိမ်တအိမ်ကို ဝင်စီးရာမှာ အချို့ သေဆုံးပြီး ၆ ဦးအဖမ်းခံရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ မိန်းကလေးအပါအဝင် လူငယ်တွေ စုပြီးနေထိုင်ကြတဲ့ နေအိမ်ကို စစ်ကောင်စီဘက်က သတင်းရပြီး ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားစဥ် PDF တွေဘက်က ပြန်လှန်ပစ်ခတ်ရာကနေ ရဲတဦး သေဆုံးပြီး စစ်ကောင်စီဘက်က လက်နက်ငယ်သာမက လက်နက်ကြီးလိုမျိုးနဲ့ပါ ပစ်ခတ်ပြီး ပိတ်ဆို့ဖမ်းဆီးမှုကြောင့် အရပ်သား တချို့ ဒဏ်ရာရတာ၊ အဲဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးသားဖြစ်သူ ဒဏ်ရာရတာရှိခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားကြပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့ဟာ ယေဘုယျအားဖြင့် အခြားမြို့တွေနဲ့နှိုင်းစာရင် ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု အနည်းအကျဥ်းသာ ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီ ၊ မွန်ညီညွတ်ရေးပါတီ တို့အနေနဲ့ စစ်အာဏာသိမ်းကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိပြီး မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်အချို့က နစက အဖွဲ့ထဲမှာ ပါဝင်နေတာ ဖြစ်ပြီး မွန်ပြည်သစ်ပါတီနဲ့ စစ်ကောင်စီတပ်တွေအကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခြင်း မရှိပါဘူး။ ကေအန်ယူနဲ့ ဆက်စပ်တဲ့ PDF တွေ၊ သို့မဟုတ် ဒေသအလိုက် ၄င်းတို့ဘာသာ ထူထောင်ကြတဲ့ PDF အဖွဲ့တချို့တော့ မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ လှုပ်ရှားကြပေမယ့် မော်လမြိုင်မြို့ပေါ်မှာ လှုပ်ရှားကြတဲ့အဖွဲ့ရယ်လို့ ထင်ထင်ရှားရှားမရှိခဲ့ပါဘူး။
အခု ပစ်ခတ်မှုဖြစ်ပွားတဲ့အဖွဲ့ အနေနဲ့ ဒေသခံတွေ ၄င်းတို့ဘာသာ ဖွဲ့စည်းထားတဲ့ အဖွဲ့လား သို့မဟုတ် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖွဲ့နဲ့ ချိတ်ဆက်လှုပ်ရှားတဲ့ အဖွဲ့လားဆိုတာ တိတိကျကျ မသိရှိရသေးပါဘူး။ မော်လမြိုင်မြို့ဟာ လက်နက်သယ်ယူရာမှာလည်း အဓိက လမ်းကြောင်းမဟုတ်ပဲ ကရင်ပြည်နယ် မြဝတီ ကော့ကရိတ်တို့က တဆင့် ဘားအံ၊ သထုံ၊ ရန်ကုန်လမ်းကြောင်းကသာလျှင် အဓိက သယ်ယူကြတဲ့ လမ်းကြောင်းဖြစ်ပြီး မော်လမြိုင်မြို့က သီးခြား ဖြစ်နေတဲ့ သဘောမျိုးလည်း ရှိတာဖြစ်ပါတယ်။
ခုလို သတင်းရပြီး ဝင်စီးခံရတဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ရင် ရန်ကုန်မြို့လို လူဦးရေ များပြားတဲ့မြို့ လူနေထူထပ်တဲ့ ရပ်ကွက်တွေ နဲ့ တယောက်နဲ့ တယောက် သတိပြုမိဖို့ အခွင့်အလမ်းနည်းပါးတဲ့ နေရာတွေမှာ PDF တွေအနေနဲ့ စုစည်းပြီးနေထိုင် လှုပ်ရှားကြတာ အတိုင်းအတာတခုထိ လုံခြုံနိုင်ပေမယ့် မော်လမြိုင်လို ရပ်ကွက်တွေမှာ လူအဝင်အထွက် အပြောင်းအလဲ နည်းပါးတဲ့ နေရာမှာ အခုလို PDF တွေ စုစည်းပြီး နေထိုင်ကြတာမျိုးက အာရုံစိုက်ခံရဖို့ လွယ်ကူနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar