Breaking News

အောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၅)

ကိုအောင်မှိုင်း - ကျနော် ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၁၃ (နိဂုံးပိုင်း-၅)

(မိုးမခ) နိုဝင်ဘာ ၃၀ ၂၀၂၂


နိဂုံးပိုင်း

( ဗမာလူမျိုးကြီးဝါဒဆိုတာ ဗမာတိုင်းရင်းသားတွေကိုယ်တိုင် တိုက်ပွဲဝင်ရမယ့် သဘောတရားတရပ် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပင်လုံစာချုပ်ချုပ်စဥ်ကာလမှာ  ဒီအမြင်ဟာ  မှေးမှိန်နေပေမဲ့ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံကတော့ ဗမာလူမျိုးကြီးဝါဒကို ပုံဖော်ထားတာဖြစ်တယ်လို့ပြောနိုင်ပါတယ်။ ဦးနု ဟာ ဒီအတွက် လုံးဝတာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ )                                                                                                                                                                      ကိုအောင်မှိုင်း



အပိုင်း ( ၅ ) ပင်လုံညီလာခံမတိုင်မီ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ဗမာလူမျိုးကြီးဝါဒ

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ရေးအမြင်

ကျနော့်အနေနဲ့ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး အမျိူးသားလွတ်မြောက်ရေးတိုက်ပွဲတွေကို ဦးစီးဦး ဆောင်သူတဦးဖြစ်တဲ့ ဗိုလ်ချူပ်အောင်ဆန်းရဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ပါတ်သက်တဲ့အမြင်ကို အခိုင် အမာ သိလိုခဲ့ပါတယ်။သူ့ကို အဲဒီခေတ်ရဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ချစ်ခင်လေးစား ကြတာကိုတော့ စာပေတွေမှာအထင်အရှား ဖော်ပြကြတာ တွေ့ရပါတယ်။သေချာတဲ့အချက်အလက် တခုအနေနဲ့ ၁၉၄၅ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ရက်မှာ ကရင်အမျိူးသားရဲဘော်အပေါင်းထံသို့  ပေးပို့ သောသဝဏ်လွှာဟာ ခိုင်မာတဲ့အချက်အလက် တခုဖြစ်မယ်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။

'' စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးရေးနှင့်ပတ်သက်၍ လိုက်နာရန် ကရင်အမျိုးသား

ရဲဘော်အပေါင်းထံပေးပို့သော သဝဏ်လွှာ''

၁၉၄၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ရက်။

လူမျိုးများနှင့် ပတ်သက်၍ ကျွန်ုပ်၏သဘောထားကို အကျဥ်းအားဖြင့် ဖေါ်ပြရသော် အောက်ပါ အတိုင်းဖြစ်ပါသည်။

( ၁ ) မည်သူမဆို ဘာသာ သာသနာ တရားအရေးတွင် လွတ်လပ်စွာကိုးကွယ်လိုရာ ဘာသာကို ကိုး ကွယ်ခွင့်ရှိရမည်။ နိုင်ငံတော်အစိုးရသည် ဘာသာရေးတွင် ကြားနေရမည်။

( ၂ ) လူမျိုးကွဲပြားမှုကို၄င်း၊ ဘာသာကွဲပြားမှုကို၄င်း၊ ယောင်္ကျား မိန်းမကွဲပြားမှုကို၄င်း၊အခြေပြုကာ နိုင်ငံတော်အတွင်း ရာထူးဌာနန္တရ အလုပ်အကိုင်များရရှိရေးတွင် ချူပ်ချယ်မှုများမရှိစေရ။

( ၃ ) အလုပ်သမားများသည်၄င်း၊ လယ်သမားများသည်၄င်း၊ အင်းသမားများသည်၄င်း၊ လူမျိူး ဘာသာမရွေး အခွင့်အရေးတန်းတူရရှိရမည်။အလုပ်သမားများသည် ကျန်းမာရေးနှင့်ညီညွတ်သော အလုပ်ချိန်ကိုသာလုပ်ရ၍ နားခွင့်ရက်များ အသက်မွေးဝမ်းကျောင်း လုံလောက်သောအခကြေးငွေများ  စသည်တို့ရရမည်။လူမျိူးဘာသာကွဲပြားသူများအတွက်နေ့ထူးနေ့မြတ်များကို အစိုးရကရုံးပိတ်ရက် အဖြစ် အသိအမှတ်ပြုရမည်။ လယ်သမား အင်းသမားများတွင်လည်း သီးစားခပေးခြင်းကိစ္စ၊နွားစား ကျက်နေရာများ အခမဲ့သုံးစွဲခွင့်ကိစ္စ၊အိမ်သုံးထင်းဝါး အိမ်ယာဆောက်လုပ်မည့်သစ်ဝါးများ  အခမဲ့ရ ရှိခွင့်ကိစ္စ၊အိမ်သုံးစားရန် သားငါးဖမ်းဆီးနိုင်ခွင့်ကိစ္စတို့အတွက် ဆင်းရဲသား လယ်သမား အင်းသမား များသည် လူမျိူးမရွေး ရရှိရမည်။

( ၄ )ပညာများကို လူမျိုးမရွေး ၊ ဘာသာမရွေး၊ ကျားမ မရွေး သင်ကြားပိုင်ခွင့်ရှိရမည်။

( ၅ )လူမျိုးကွဲပြားသူများသည် မိမိတို့သီးသန့်ယဥ်ကျေးမှုကိုသာ ပိုင်ခွင့်ရှိရမည်။ဥပမာ ကရင်များ အတွက် ကရင်ကျောင်းများ၊ ရှမ်းများအတွက် ရှမ်းကျောင်းများ၊ ကရင်များအတွက် ကရင်နေ့များ၊ ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင်ဘာသာကို အစိုးရရုံးသုံးကျောင်းသုံးဘာသာအဖြစ် အသိအမှတ်ပြုခြင်း၊ ကရင်အမျိုးသားအဝတ်၊ ကရင်စရိုက်ဓလေ့ ထုံးစံကို အသိအမှတ်ပြု ခြင်း၊ ကရင်စာပေယဥ်ကျေးမှုကို အသိအမှတ်ပြုခြင်း အစရှိသည်တို့ပင်ဖြစ်ပါသည်။

( ၆ ) လူမျိုး၏နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဆက်ဆံရေး ( social ) နှင့်ပတ်သက်သော အခွင့်အရေးများ ကို တတ်နိုင်သမျှ ဥပဒေအားဖြင့် အသိအမှတ်ပြုရမည်။

( ၇ ) ဗမာများထက် အဆင့်အတန်းနိမ့်သော လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန် အထူး ကြိုးစားဆောင်ရွက်လျှက် ဗမာများနှင့်အတူ ကမ္ဘာ့အဆင့်အတန်း( world level )သို့ အမြန်ဆုံးတက် လှမ်းနိုင်ရမည်။ လူမျိုးအချင်းချင်း နှိမ့်ချသည့် အသုံးအနှန်း၊ အခေါ်အဝေါ်၊ စာပေအမှတ်အသား၊ အထိမ်းအမှတ်၊ အလံအစရှိသည်တို့ကို အစိုးရကဥပဒေဖြင့် တားမြစ်ပေးရမည်။လူမျိုးများညီညွတ်မှု ကို ရှေ့ရှုသော အမှတ်အသား အထိမ်းအမှတ် စာပေများကိုသာ သုံးရမည်။

အထက်ပါအချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကို သိသာစေရန် ဖေါ်ပြခြင်း ဖြစ်ပါသည်။       ဤသဘောထားအတိုင်း အထမြောက်ရန် ကျွန်ုပ်သည် အစဥ်တစိုက်ကြိုးပမ်းမည်ကို ရဲဘော်တို့အား စကားလက်ဆောင်ပါးလိုက်ပါသည်။

(ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးဂန္ထတဝင် စာ ၁၂၅ - ၁၂၈  မောင်ကျော်ရင် ၁၉၆၉ ဖေဖော်ဝါရီ )

ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားကို ဆန်းစစ်မည်ဆိုရင် သူဟာ ပြောတဲ့အတိုင်း လုပ်ပြီး လုပ်တဲ့အတိုင်း ပြောလေ့ရှိတဲ့အတွက် သူ့မှာ ဗမာလူမျိုးကြီးဝါဒ အရှင်းမရှိတာကို ပေါ်လွင်ပါတယ်။

သေချာတာက ဒါဆို ဗမာလူမျိုးကြီးဝါဒဆိုတာ မရှိခဲ့ဘူးလားဆိုတဲ့ မေးခွန်းကလည်း သဘာဝကျစွာ ဖြစ်ပေါ်လာမှာဖြစ်သလို ဘယ်အချိန် ဘယ်အခါမှာ ထင်ထင်ရှားရှား တွေ့မြင်လာရသလဲ  ဆိုတာကို လည်း ကျနော်တို့ အသေအချာလေ့လာဆန်းစစ်ဖို့လိုမှာ ဖြစ်ပါတယ်။

အခိုင်အမာပြောရမယ်ဆိုရင် ဗိုလ်ချူပ်အောင်ဆန်းမကျဆုံးမီကတည်းက ဗမာခေါင်းဆောင်အချို့ ( ဦးနု အပါအဝင်)  တို့မှာ ဗမာလူမျိုးကြီးဝါဒ အသေအချာရှိနေကြတယ်ဆိုတာကိုတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ သူ ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာ သာ အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် ကြီးမာလှစွာသော ဒီမိုကရေစီရေး ဆုံး ရုံးမှုကြီးတခု ဖြစ်ပါတယ်။

ကနေ့စစ်အုပ်စုဟာ လိုရင်လိုသလို အမျိုး ဘာသာ သာသနာလို့ အော်တဲ့အခါ အော်တယ်။ ရွှေဝါ ရောင်တော်လှန်ရေးမှာတော့ ရဟန်း သံဃာတွေကို ရက်ရက်စက်စက် ပက်ပက်စက်စက် ရိုက်နှက် ဖမ်းဆီး သတ်ဖြတ်တယ်။ ကနေ့ နွေဦးတော်လှန်ရေးမှာတော့ ပိုပြီးထင်ထင်ရှားရှား တွေ့လာရပြီ ဖြစ်ပါတယ်။ ရဟန်း သံဃာတွေကို သတ်ဖြတ်ရုံတင်မကဘဲ ဘုရား ကျောင်းကန်တွေကိုပါ မီးရှို့ဖျက်ဆီးတာတွေ လုပ်လာပါတယ်။ ကနေ့ စစ်အုပ်စုကတော့ တဖက်က ပက်ပက်စက်စက်သတ်ဖြတ်နေသလို အခြားတဖက်ကလည်း အမျိုး ဘာသာ သာသနာဆိုတာတွေ ပြောတုန်းပါဘဲ။အဲဒီလိုပဲ တိုင်းရင်းသား တွေကို ဖက်ဒရယ်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့တွေ  ပြောဆိုနေကြရင်း တိုင်းရင်းသားဒေသတိုင်းကို လေယာဥ်တွေနဲ့ ဗုံးတွေကြဲ စက်သေနတ်တွေနဲ့ပစ် အမြောက်ကြီးတွေနဲ့ပစ်၊ ရွာတွေ မီးရှို့ဆိုတာတွေကိုလည်း ထင်ထင်ရှားရှားပင် တွေ့နေရချိန်ဖြစ်ပါတယ်။

ကျနော့်အနေနဲ့  အလေးအနက်တင်ပြလိုတာက  သမိုင်းအမှားအယွင်းဆိုတာ   မျိုးဆက်အဆက် ဆက်ထိအောင် ဆိုးကျိုးတွေပေးလေ့ရှိပါတယ်။ စစ်အုပ်စုဟာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်လိုမှ လူ  ရာဝင်စရာ အကြောင်းမရှိတော့တာလဲ သေချာသလောက် ရှိနေပြီဖြစ်ပါတယ်။ 

ဒါကြောင့် နိုင်ငံရေး သမားတွေဖြစ်ကြတဲ့ ကနေ့ နွေဦးတော်လှန်ရေးကို ဦးဆောင်နေသူများအနေနဲ့   ဦးအောင်ဆန်းလို တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအပေါ်မှာ   စိတ်စေတနာ  ရိုးရိုးရှင်းရှင်းနဲ့  ပြောသလိုလုပ်ပြီး လုပ်သလိုပြောနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။


ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar