Breaking News

စစ်မီးတွေ တောက်နေလဲ မြန်မာပြည်သူတွေက နောက်မဆုတ်တမ်းပဲ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၂၂


စစ်မီးတွေ တောက်နေလဲ မြန်မာပြည်သူတွေက နောက်မဆုတ်တမ်းပဲ

မြန်မာပြည်တွင်းက မြို့ပြတွေမှာ မိးပြတ်တောက်မှုတွေက ပိုပြင်းထန်လာပါတယ်။ စိတ်အပန်းပြေစရာ ရှားပါးတဲ့ပြည်သူတွေအတွက် ကမ္ဘာဖလားဘောလုံးပွဲမှာ သက်သာရာရမယ့်အစား ဆိုးဝါးတဲ့မီးပြတ်တောက်မှုကြောင့် စိတ်ဖိစီးမှု ပိုခံစားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်မက်ပြင်းထန်နေတဲ့ နယ်စပ်ဒေသ၊ တိုင်းရင်းသားဒေသနဲ့ အညာတခွင်မှာ စစ်ဘေးရှောင်တွေအတွက်က လိုင်းမိတဲ့ မိုဘိုင်းဖုန်း နဲ့ ကွန်ယက်ကို အားကိုးပြီး ဘောလုံးပွဲကို ကြည့်ကြတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ကမ္ဘာဖလားဘောလုံးပွဲကို မြန်မာပြည်တွင်းမှာ လွတ်လပ်ပျော်ရွှင်စွာ ကြည့်ခဲ့ရတဲ့ ဘ၀တွေဟာ တဆစ်ချိုး ပြောင်းပြန်ချိုးတွေနဲ့ ကြမ်းတမ်းခက်ခဲ စွန့်စားခန်းတွေ ကိုယ်တိုင်ဖြတ်သန်းနေရပြီး ဘောလုံးပွဲခံစားချက်တွေလည်း မရှိတော့ဘူးလို့ ပြောကြသူတွေလဲ ရှိပါတယ်။

စစ်မီးပြင်းထန်နေတဲ့ မြန်မာပြည်အတွက် NUG အစိုးရကတော့ အမြဲတမ်း အားပေးစကားတွေ ထုတ်ပြန်နေဆဲလို့ ဆိုရပါမယ်။ 

ပြည်သူတွေ ထိခိုက်နစ်နာမှု ထပ်မဖြစ်အောင် တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်အောင် လုပ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၉ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ဝန်ကြီးချုပ်က ဆိုခဲ့ပါတယ်။

"စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့ အမျှ ထိခိုက် နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် ( ၂ ) က တော်လှန် ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်"လို့ဆိုပါတယ်။ 

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီကို စစ်မျက်နှာပြင် အပြင် တိုက်စစ်မျိုးစုံဖွင့်၍ တော်လှန်ရန် တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကိုရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိတဲ့အကြောင်း သတင်းတွေထဲမှာ ထပ်ခါတလဲလဲ ဖတ်နေရပါတယ်။

ရခိုင်စစ်မျက်နှာမှာ အလွတ်သဘော အပစ်အခတ်ရပ်ထားတယ်လို့ သတင်းတွေ ထွက်အပြီး ရခိုင်ပြည်မြောက်ပိုင်း မြို့နဲ့ ကျေးလက် ဆက်ကြောင်းတွေ ကုန်သယ်လမ်းကြောင်းတွေ ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ 

စစ်ကောင်စီနဲ့ အပစ်အခတ် အလွတ်သဘောရပ်စဲတဲ့အပေါ် ရခိုင်အခြေစိုက် DMG သတင်းဌာနရဲ့ နိုဝင်ဘာ ၂၆ရက် ညပိုင်းက မေးမြန်းချက်ကို "ရခိုင်ပြည်သူတွေရဲ့ လက်ရှိရင်ဆိုင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲခြင်း (A humanitarian ceasefire) ကို သဘောတူညီတာ ဖြစ်တယ်။ ကျန်တာကတော့ ဘာမှ ပြောင်းလဲမှုမရှိပါဘူး၊ နဂို နိုင်ငံရေးရပ်တည်ချက် အတိုင်းပါပဲ" လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ဖြေဆိုထားပါတယ်။ ဘယ်လိုပဲ ပြောပြော စစ်ကောင်စီဘက်က ဖြတ်တောက်ပိတ်ဆို့မှုတွေ မဖြေလျော့သ၍ အပစ်ရပ်ထားတယ်ဆိုတာ ပြည်သူတွေအတွက် ထိရောက်မှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။

စစ်ကောင်စီက စစ်ဆင်ရေးထိုးစစ်တွေကို သူတို့ချမှတ်ထားတဲ့ စီမံကိန်းများအတိုင်း ဆက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ကိုးကန့်နယ်မြေဖက်မှာလည်း စစ်မီးက ဖြန့်ကျက်လာပါပြီ။ မြန်မာ-တရုတ်နယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ချင်းရွှေဟော်မှာရှိတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်-ကိုးကန့်(MNDAA) နဲ့ စစ်ကောင်စီတပ်တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ MNDAA ဘက်က သတင်းထုတ်ပြန်လာပါတယ်။ ချင်းရွှေဟော်မှာရှိတဲ့ ကိုးကန့်တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ လာရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

မြန်မာပြည်တွင်းစစ်မီးက ပိုပြီး တိုးလာ တောက်လောင်လာနေချိန်မှာ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေထဲမှာ NUG ၏ ကာကွယ်ရေးတပ်တွေ၊ ဒေသခံတွေ၏ PDF တပ်တွေကို ထောက်ပို့ ငွေကြေးကူညီ လှူဒါန်းတာတွေက နည်းမျိုးစုံနဲ့ ကျင်းပနေကြ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။ NUG စီမံဘဏ္ဍာဝန်ကြီးဌာနက စီစဉ်နေတဲ့ ဘွန်း၊ မြေကွက်၊ အင်ယူဂျီပေး စတဲ့ ရန်ပုံငွေ စုဆောင်းတဲ့ စနစ်တွေကလည်း မြန်မာပြည်သူ၏ လက်ခံယုံကြည်အားပေးမှု ရရှိနေဆဲ ဖြစ်ပါတယ်။ NUG က လက်ခံရရှိတဲ့ ရန်ပုံငွေတွေ အလှူငွေတွေထဲက ၉၅%ကို ခုခံကာကွယ်စစ်အတွက် သုံးစွဲနေတယ်လို့ အစဉ်တစိုက် ပြောဆိုနေပါတယ်။ ခုချိန်ထိ ပြည်ပအကူအညီ မရရှိဘဲ မြန်မာပြည်သူတွေ ပြည်တွင်းပြည်ပကနေ ငွေကြေး၊ ကာယ၊ ဉာဏအားတွေ စိုက်ထုတ်ပြီး ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေး ဖြစ်နေဆဲပါပဲ။

တော်လှန်ရေးကြီးကို အမြန်ဆုံး အောင်မြင်စွာ ပြီးဆုံးလိုသူတွေကတော့ မြန်မာပြည်သူတွေကိုယ်တိုင် ဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက် ဖြစ်နေပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar