Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၄ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၄ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၂


အရင်းရှင်စနစ်လား- ဆိုရှယ်လစ် စနစ်လား မေးခွန်း 

စီးပွားပျက်ကပ်ကြီးကြောင့် အရင်းရှင်စနစ်အပေါ် ယုံကြည်မှု ကင်းမဲ့လာကြသည်။ ၁၉၄၀ ခုနှစ်များအတွင်း လူအများ၏ ခံစား ရမှုမှာ ယင်းနှင့်ပတ်သက်၍ တစုံတခုတော့ အခြေခံကျကျ မှားယွင်းနေပြီဟု မြင်ကြသည်။ ဂျာမဏီနှင့် အီတလီတွင် လူများ ကြိုက် ထောက်ခံမှုရလာနေသည့် ဖက်ဆစ်ဝါဒကလွဲ၍ အခြားရွေးချယ်စရာ လူအများအာရုံကျလာစေသော နိုင်ငံရေးနှင့် စီးပွားရေးစနစ်မှာ ဆိုဗီယက်ယူနီယံတွင် ကျင့်သုံးနေသည့် ဗဟိုချုပ်ကိုင် စီမံကိန်းချ စီးပွားရေးစနစ် ဖြစ်သည်။ ဆိုဗီယက် တွင် ပိုင်ဆိုင်မှုများကို နိုင်ငံတော်က ပိုင်သည်။ ထိုမျှမက ဆိုဗီယက်ယူနီယံ၏ စီးပွားရေးစနစ်က စီးပွားကျခြင်း၊ အလုပ်လက်မဲ့ဖြစ်ရ ခြင်းတို့ဖြင့် ဒုက္ခတွေ့ မနေပါ။ အာဏာရှင်အုပ်ချုပ်မှုအောက်ရှိ ဗဟိုမှချုပ်ကိုင်သည့် စီမံကိန်းချစီးပွားရေးစနစ်က အနောက် တိုင်း ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးနေသည့် အရင်းရှင်စနစ်ထက်စာလျှင် ပို၍ ကောင်းမွန်သည့် လည်ပတ်နေသည့် စီးပွားရေးစနစ် ဖြစ်နေသည် မဟုတ်ပါလား။ 

ဤမေးခွန်းက နိုင်ငံရေးသမားများနှင့် ပညာရှင်များ၏ စိတ်ကိုပါ လွှမ်းမိုးထားသည်။ ဂျိုးဆက်ဖ် ရွှမ်းပီတာ (Joseph Schumpeter) ဤမေးခွန်းကို အထူးစိတ်ဝင်စားသည်။ သူ၏ ၁၉၄၂ ခုနှစ်တွင် ထွက်ရှိလာသည့် “အရင်းရှင်စနစ်၊ ဆိုရှယ်လစ် စနစ် နှင့် ဒီမိုကရေစီ” (Capitalism, Socialism and Democracy) စာအုပ်တွင် ဆွေးနွေးထားသည်။ ရွှမ်းပီတာက ဆွေးနွေး ရာတွင် အရင်းရှင်စနစ်က မရှင်သန်နိုင်ပါ။ အချိန်ရလာသည်နှင့်အမျှ ယင်း၏ကိုယ်ပိုင် စမ်းသပ်ဖွံ့ဖြိုးမှု မရောက်မီတွင် ကိုယ်တိုင် သတ်ပစ်နေသည်ဟု ဆိုသည်။ ရွှမ်းပီတာ၏ စိတ်ကူးထဲတွင် ဆိုရှယ်လစ် လူမှုအဖွဲ့အစည်းတခု ရှိနေသည်။ ယင်း၏ အင်စတိကျူးရှင်း ဖွဲ့စည်းမှုပုံစံတွင် ထုတ်လုပ်မှုနည်းလမ်းများ၊ ထုတ်လုပ်မှုကိုယ်တိုင်ကို ဗဟိုအာဏာပိုင်မျာတွင် အပ်နှံထား ရမည်ဟု မြင်ထားသည်။ 

ရွှမ်းပီတာက ဆိုရှယ်လစ်စနစ်သည် လုံးဝပြည့်စုံ စီမံခန့်ခွဲနိုင်သည်ဟု မြင်သည်။ သို့သော်လည်း စိတ်ထဲထည့်ထားရမည့် ကိစ္စ မှာ ဆိုရှယ်လစ်စီးပွားရေးစနစ်အတွက် ကြီးမားသည့် ဗျူရိုကရေစီယန္တယား လိုအပ်သည်။ အနည်းဆုံး ယင်းစနစ်ပေါ်ထွန်းလာ သည်အထိ၊ ကောင်းစွာလည်ပတ်နိုင်သည်အထိ လူမှုအခြေအနေများ ပြည့်စုံလာသည့်တိုင် လိုအပ်သည်ဟု ယူဆသည်။ သူက ယင်းစနစ်သည် အရင်းရှင်စီးပွားရေးစနစ်များတွင် စီးပွားရေးခေါင်းဆောင်များ ရင်ဆိုင်ကြရသည့် မရေရာ မသေချာမှုများကို ကိုယ်တွယ်ရန် ပို၍လွယ်ကူသည်ဟု သူက ဆွေးနွေးသည်။ ယင်းစနစ်တွင် မရေရာ မသေချာမှုဟူ၍ မရှိဘဲ လူမှုပုံစံဖွဲ့စည်း ထားသည့် စက်မှုလုပ်ငန်းများ၏ မန်နေဂျာများက မည်သည့်ကုန်ကို ထုတ်လုပ်ရမည်ကို တိကျသေချာသိနေနိုင်သည်ဟု ဆို ပါသည်။ 

ကားလ် ပိုလာညီ (Karl Polanyi) ၏ ၁၉၄၄ ခုနှစ်ထုတ် “ဧရာမ အသွင်ပြောင်းလဲမှုကြီး” (The Great Transformation) တွင် အရင်းရှင်စနစ်ကို ဝေဖန်ထားရာ၌ လူမှုအဖွဲ့အစည်းများအပေါ် ဩဇာလွှမ်းမိုးနိုင်မှုကို ပြုတ်ပြုတ်ပြုန်း သုတ်သင်ပစ်ခြင်းဟု မြင်သည်။ ဖရက်ဒရစ် ဟေးယက် (Friedrich Hayek) ၏ ရောင်းကောင်းလှသည့် ၁၉၄၄ ခုနှစ်ထုတ် စာအုပ် “ကျွန်ပြုရာ လမ်း”(The Road to Serfdom) တွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ သတိပေးခဲ့သည်။ ယင်းသို့ဆောင်ရွက် နေပါက လူမှုအဖွဲ့အစည်းအနေဖြင့် တဖြည်းဖြည်း အာဏာရှင်စနစ် ကျင့်သုံးရာ ကုန်းဆင်းသို့ လျောကျဆင်းသွားမည်ဟု ဆိုခဲ့သည်။ လူများက လွတ်လပ်တော့မည် မဟုတ်ဘဲ၊ ရှေ့လျှောက်သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်တော့မည် မဟုတ်ဟု ဆိုသည်။ 

ဆိုဗီယက်ယူနီယံက အမေရိကကို တဖြည်းဖြည်းနှင့် နည်းပညာအရ လိုက်မီလာသည်။ သင်္ကေတသဘောဆိုရလျှင် ပထမ ဦးဆုံး အာကာသယာဉ်မှူး ယူရီဂါဂါရင် လိုက်ပါ၍ အာကာသထဲသို့ စပွတ်နစ် (Sputnik)  ကို လွှတ်တင်လိုက်သည်။ အာကာသယာဉ် လွှတ်တင်ရာ၌ ပထမဦးဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုထက်ကို စောနေသည်။ ဤသို့ဖြင့် “အခွင့် အလမ်းများ အတောမသတ် တည်ရှိရာမြေ” ဟူသည့် ပြိုင်ဆိုင်မှုစိတ်ဓာတ်အပေါ် စိုးရိမ်ပူပန်မှုများ ဖြစ်လာစေသည်။ ဂျွန် ကက်နက် ဂါဘရီယက် (John Kenneth Galbraith) က ၁၉၆၇ ခုနှစ်ထုတ် “အသစ်သော စက်မှုနိုင်ငံတော်” (The New Industrial State) တွင် လေ့လာဖော်ပြထားသကဲသို့ အာဏာသစူးစမ်းလေ့လာမှု အကြီးအကျယ်ဖြစ်ပေါ်လာမှုတွင်… စစ်ရေးအကျိုး ဆက် မပါဟု ဆိုသော်လည်း… အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာအကြား ဂုဏ်သိက္ခာအတွက် အထူးအရေးကြီးနေ သည်။ ဤသို့ဖြင့် လသို့ပထမဦးဆုံး အာကာသယာဉ်ကို လွှတ်တင်ခဲ့သည်။ နေစကြာဝဠာစနစ်၏ အခြာ‌သောဂြိုဟ်များ နှင့် အာကာသ၏ ရောက်လွယ် ထိလွယ်နေရာများသို့လည်း ယာဉ်များလွှတ်ခဲ့သည်။  စိုးရိမ်ပူပန်မှုမှာ နည်းပညာတိုးတက်မှုဆိုင်ရာ နယ်ပယ်မျှသာ မဟုတ်ပါ။ ပေါ ဆယ်မြူရယ်ဆင် (Paul Samuelson) က သူ၏ စီးပွားရေး ပညာဆိုင်ရာ ဖတ်စာအုပ်တွင် (Economics)  တွင် ဆိုဗီယက်ယူနီယံ၏ GDP က ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ်အကြား တွင် အမေရိကန်ကို ကျော်တက်သွားလိမ့်မည်ဟု နမိတ်ဖတ်ခဲ့သည်။ 

ဆိုဗီယက်ယူနီယံက ဒုတိယကမ္ဘာစစ်အပြီးတွင် သံမဏိကန့်လန့်ကာ ချခဲ့သည်။ စစ်အေးတိုက်ပွဲ ဆက်၍ ဖြစ်လာသည်။ ဆိုဗီ ယက်ယူနီယံက သူ၏နိုင်ငံရေးနှင့် အယူဝါဒရေးရာ ဩဇာကို ကမ္ဘာတဝန်း ပြန့်ပွားရေး ဆောင်ရွက်လာခဲ့သည်။ အထူးသဖြင့် ကိုလိုနီစနစ်မှ လွတ်လပ်လာခါစ နိုင်ငံများက သူ၏အယူဝါဒကို တိမ်းညွှတ်ကြသည်။ အမေရိကန်ပြည်ထောင်စု ဦးဆောင်မှု အောက်ရှိ ‘လွတ်လပ်သောကမ္ဘာ’ တွင်လည်း အလားတူ ဖြစ်သည်။ မဟာအင်အားကြီးနိုင်ငံ ၂ ခု အကြား ထိပ်တိုက်ရင်ဆိုင် တွေ့မှု ဖြစ်လာခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့သည့်အခါမှသာ စစ်အေးတိုက်ပွဲ နိဂုံး ချုပ်ခဲ့သည်။ ဂျွန် ကက်ဆီဒီ (John Cassidy) က စီးပွားရေးအရ အားသာချက်များ ပြိုလဲရပုံကို ရှင်းပြခဲ့သည်။ 

“စီးပွားရေးပညာ ဆိုသည်မှာ … ယေဘုယျအားဖြင့် မက်လုံးအပေါ်တွင် မူတည်သည်။ ကွန်မြူနစ်ဝါဒ ပြိုလဲကျဆင်းရမှုမှာ အရင်းရှင်စနစ်တွင် ထွန်းကားရှင်သန်သော တီထွင်ဖန်တီးမှု၊ စွန့်ဦးတီထွင် လုပ်ငန်းများ၊ အလုပ်ကြိုးစား အားထုတ်မှုတို့ကို တိုက်တွန်းအားပေးရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်။ ယေဘုယျသဘောဆိုရလျှင် ဤအချက်များအပေါ် အရင်းရှင်စနစ် က ဆုချပေးပြီး၊ ရှေးရိုးစွဲဝါဒနှင့် အပျင်းကြောဆွဲဇိမ်ခံခြင်းကို ပြစ်ဒဏ်ပေးသောကြောင့် ဖြစ်သည်။ 

ဈေးကွက်စနစ်က နှလုံး သားမဲ့ပြီး ခွင့်မလွှတ်တတ်ပါ။ သို့သော် မာ့စ်နှင့် အိန်ဂျယ်တို့ထောက်ပြခဲ့သည့်အတိုင်း ဤထူးခြားချက်များကြောင့်ပင် ထုတ် လုပ်နိုင်စွမ်း မြင့်စေခြင်း ဖြစ်သည်။” 

သို့သော် အချိန်အရ နောက်တလှမ်းပြန်ဆုတ်၍ ကြည့်ကြပါစို့။  

Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar