သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၂ )
သီအိုဇော် - မလေးရှား ရွေးကောက်ပွဲနှင့် နိုင်ငံရေးအပြောင်းအလဲများ ( ၂ )
(မိုးမခ) ဒီဇင်ဘာ ၉ ၊ ၂၀၂၂
အကယ်၍သာ အစိုးရအဖွဲ့သစ်တရပ်ကို ဝန်ကြီးချုပ်အနေနဲ့ ဦးဆောင်ဖို့အတွက်သာမက ကက်ဘိနက်မှာ ဘဏ္ဏာ ရေးဝန်ကြီးအဖြစ်နဲ့ပါ တာဝန်ယူရဖို့ အကြောင်းဖန်လာခဲ့တယ် ဆိုကြပါစို့။ ထိပ်တန်းနိုင်ငံရေးသမား တယောက် အတွက်တောင် ဒီကြီးလေးတဲ့တာဝန်တွေကြောင့် စိတ်လှုပ်ရှားမှုတွေ ဖြစ်မိနိုင်ပါတယ်။ ဒါပေမဲ့ ‘အန်နဝါ အီဘ ရာဟင်’ အတွက်ကတော့ အခြားသူတွေထက်စာရင် ပိုစိတ်ပေါ့ပါးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ် တိုင်က ဒု-ဝန်ကြီးချုပ်(၁၉၉၃-၉၈)၊ ဘဏ္ဍာရေးဝန်ကြီး(၁၉၉၁-၉၈)တာဝန်တွေ ယူခဲ့ဖူးတဲ့သူ ဖြစ်တဲ့အတွက်ပါ။ ဒါ့ အပြင် ‘၁၉၉၃ခုနှစ်အတွက် ‘Euromoney’မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း ဘဏ္ဍာရေးဝန်ကြီး လေးယောက်ထဲမှာ တ ယောက် အပါအဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရရုံသာမက ‘Asiamoney’ မဂ္ဂဇင်းရဲ့ ‘၁၉၉၆ ခုနှစ်အတွက် ဘဏ္ဍာရေးဝန်ကြီး’ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ မလေးရှားနိုင်ငံမှာတော့ သူတို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးအတွေ့အကြုံအရ ဝန်ကြီးချုပ်လက်ထဲ ဘဏ္ဍာ ရေးဝန်ကြီးဌာန ထည့်ပေးလိုက်ရမှာကို စိတ်မသက်မသာဖြစ်နေသူများ ရှိကြတာကို တွေ့ရပါတယ်။ ဘာ့အတွက် လဲဆိုတော့ အခု ‘1Malaysia Development Berhad’ (1MDB) ငွေကြေးအရှုပ်တော်ပုံနဲ့ ထောင်ဒဏ်(၁၂)နှစ် ကျခံ နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ‘နာဂျစ်ရာဇတ်’(Najib Razak)လက်ထက်မှာ ဒီလိုပူးတွဲတာဝန်ယူပြီး အာဏာအလွဲ သုံးစားပြုမှုတွေ အကြီးအကျယ် ကြုံတွေ့ခဲ့ရဖူးလို့ပါ။ဒါ့ကြောင့် ‘‘PKR’ပါတီ ဒု-ဥက္ကဋ္ဌနဲ့ စီးပွားရေးရာဝန်ကြီး ဖြစ် သူ ’ရာဖီဇီရမ်လီ’ (Rafizi Ramli)က ‘အန်နဝါ’ဟာ ‘နာဂျစ်’မဟုတ်သလို ပုံမှန်ထက်ထူးခြားတဲ့ အခြေအနေရဲ့ လို အပ်ချက်အရသာ ဒီလို တာဝန်ယူရတာဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့ရပါတယ်။
အာဏာကို လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အခြေအနေက အမတ်နေရာ(၃၀)ပဲ ဒီရွေးကောက်ပွဲမှာ ရရှိတော့တဲ့ ‘BN’ ပါတီရဲ့ ကျဆင်းလာတဲ့ လူထုထောက်ခံမှုဟာ ‘နာဂျစ်’နဲ့ ‘1MDB’ပုံရိပ်ဆိုးတွေနဲ့လည်း ပတ်သက်နေပါတယ်။ တ ကယ်တော့ ‘BN’နဲ့’ UMNO’ခေါင်းဆောင် ‘အာမက်ဇာဟစ်ဟမဒီ’(Ahmad Zahid Hamidi) ဆိုရင်လည်း လာဘ် ပေးလာဘ်ယူမှု၊ငွေကြေးခဝါချမှု၊ရာဇဝတ်မှုမကင်းတဲ့ ယုံကြည်မှုဖေါက်ဖျက်မှု စုစုပေါင်းစွဲဆိုချက်(၄၇)ခုကို တ ရားရုံးမှာ ရင်ဆိုင်နေရတာပါ။သူ့ကို ‘အန်နဝါ’ရဲ့ အစိုးရသစ်မှာ ဒု-ဝန်ကြီးချုပ် ခန့်အပ်လိုက်တာကိုလည်း ကျယ် ကျယ်လောင်လောင် ဝေဖန်ပြောကြားနေကြပါတယ်။ဒီအတွက် ‘အန်နဝါ’က တရားစီရင်ရေးအပိုင်းမှာ လွတ်လပ် မှု အပြည့်ရှိမှာဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုကင်းတဲ့၊ သန့်ရှင်းတဲ့ အစိုးရကောင်းတရပ် ဖြစ်ဖို့ အဓိက ထား ကြောင်း အာမခံ ပြောကြားခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့ဖို့လိုအပ်ပြီဆိုတာနဲ့ ပါဝင်ထောက်ခံမှုနဲ့ ရာထူးနေရာ ခွဲဝေခန့်အပ်မှုတို့က ခေါင်းနဲ့ပန်းလို တွဲလို့လာတာပါ။ အပေးအယူ အလျှော့အတင်းများ မကင်းနိုင်ပါဘူး။ နိုင်ငံရေးဟာ ‘ကိန်းဂဏန်းတွေရဲ့ ကစားပွဲ’ ဆိုတဲ့ စကားလိုပါပဲ၊ ကိုယ့်ဘက်ကို ထောက်ခံမှု အရေအတွက် တိုးလာအောင် နည်းအမျိုးမျိုးနဲ့ လုပ်ကြရတာပါ။ များသောအားဖြင့် နောက် ( ၅ ) နှစ်အတွက် အာဏာရ အစိုးရအဖွဲ့ထဲ ဝင်ပါမလား၊ အတိုက်အခံအဖြစ်နဲ့ ရပ်တည် မလား၊ မိမိပါတီ/မိမိကို ဘယ်အနေအထားက ပိုအားကြီးလာစေနိုင်မလဲ၊ကိုယ့်ရဲ့မဲဆန္ဒနယ်မြေအတွက် ဘာက ပိုပြီး အကျိုးရှိစေမလဲ အစရှိတဲ့ နိုင်ငံရေးအကျိုးစီးပွား နှီးနွယ်တာတွေနဲ့ပဲ ပိုင်းခြားဆုံးဖြတ်လေ့ ရှိကြပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ သူတို့ပြောခဲ့တဲ့ စကားတွေကိုလည်း မပြောခဲ့သယောင်ယောင် အတိတ်မေ့ရောဂါ ရပေး ကြရပါတယ်။ ‘ဇာဟစ်’ဆိုရင် ရွေးကောက်ပွဲ မလုပ်မီက ‘BN’ရဲ့သဘောထားကို No ‘PKR’ No ‘DAP’ ဆိုပြီး ‘PH’ ရဲ့ အမာခံပါတီများနဲ့ မပူးပေါင်းနိုင်ကြောင်း ပြောခဲ့တာပါ။ ဒီလိုပါပဲ ‘အန်နဝါ’တို့ ‘PH’ဘက်ကလည်း ‘BN’ကို မဲပေး ခြင်းဟာ ‘BN’နာယကနဲ့’ UMNO’ဥက္ကဋ္ဌ ‘အာမက်ဇာဟစ် ဟမဒီ’လို ပြဿနာမျိုးစုံနဲ့လူကို ဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ပေးလိုက်ခြင်းပဲဆိုပြီး လူထုကို သတိပေးခြောက်လှန့်ခဲ့ပါတယ်။ ‘PN’ပါတီဘက်ကလည်း အလားတူပြောဆို တိုက်ခိုက်တဲ့အတွက် ‘BN’ဘက်က ရွေးကောက်ပွဲနိုင်ခဲ့ရင် ဝန်ကြီးချုပ်လုပ်မယ့် သူက အခု ‘BN’ဝန်ကြီးချုပ် ‘အစ္စ မေးလ် ဆပ်ဘရီ’ပဲ ဖြစ်တယ်၊ ‘ဇာဟစ်’ မဟုတ်ဘူးလို့ ငြင်းဆိုချက် ထုတ်ခဲ့ရပါတယ်။ အခုတော့ အဲဒီ ‘ဇာဟစ်’ က ပဲ ‘PH’ ညွန့်ပေါင်းအစိုးရရဲ့ ဒု-ဝန်ကြီးချုပ် ဖြစ်လာပါပြီ။ ‘အန်နဝါ’ရဲ့ နိုင်ငံခြားခရီးစဥ်ကာလ၊ ခွင့်ကာလတို့မှာ ခေတ္တ ဝန်ကြီးချုပ်တောင် ဖြစ်လာနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။
မှတပါး အခြားရွေးချယ်စရာ ရှိပါရဲ့လား
‘အန်နဝါ’ရဲ့ ‘PH’ ပါတီက အများဆုံးအနိုင်ရရှိတဲ့ ပါတီဆိုပေမယ့် (၈၂) နေရာသာ ရရှိထားတာပါ။ ‘PH’ပါတီအတွက် (၂၂၂) နေရာရှိတဲ့ ပါလီမန်အတွက် (၁၁၂) နေရာ အနည်းဆုံးရဖို့ သင်္ချာနည်းနဲ့ ကြိုးစားရတာထက် ပိုအားထုတ်ရမယ့် အခြေအနေလို့ ပြောရပါမယ်။ဘာ့အတွက်လည်းဆိုတော့ အရေအတွက်ပြည့်ခဲ့ရင်တောင် ‘PN’ဒါမှမဟုတ်‘BN’က ညွန့်ပေါင်းအစိုးရထဲ ပါဝင်မလာခဲ့ရင် ‘မလေး’လူမျိုးများ မရွေးချယ်တဲ့ မလေးရှား အစိုးရသစ်သာ ဖြစ်သွားနိုင်တဲ့ အရေးကို ထည့်တွက်နေရတဲ့ အတွက်ဖြစ်ပါတယ်။
ဒီလိုပါ၊ မလေးရှားနိုင်ငံ သတင်းအချက်အလက်ဌာနရဲ့ ထုတ်ပြန်ထားချက် (၂၀၁၆) အရဆိုရင် ‘မလေး’လူမျိုးက (၆၁.၈) ရာခိုင်နှုန်းနဲ့ အများစု၊’မလေးတရုတ်’လူမျိုး (၂၁.၄) ရာခိုင်နှုန်း၊’မလေးအိန္ဒိယ’လူမျိုး (၆.၄) ရာခိုင်နှုန်းခန့် ရှိပါတယ်။ ‘အန်နဝါ’ရဲ့ ‘PH’ပါတီကို ထောက်ခံကြသူတွေ အများစုက ‘မလေး’လူမျိုးမဟုတ်သူတွေပါ။ ‘မလေး’ လူမျိုး အများစုက အစဥ်အဆက် ‘BN’ ပါတီကို ထောက်ခံခဲ့ကြရာကနေ အခုနောက်ပိုင်းမှာ ‘PN’ ကို ပြောင်းထောက်ခံလာကြပါတယ်။
ဒီရွေးကောက်ပွဲမှာ လူမျိုးစုအလိုက် မဲပေးပုံစံနဲ့ပတ်သက်တဲ့ အချက်အလက်၊ စာတမ်းတွေ နောက်ပိုင်းမှာတော့ ပိုတွေ့လာရမယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်မှာ ကနဦးစစ်တမ်းလို့ ဖော်ပြထားတဲ့ နိုင်ငံရေးသုတေသီ ‘ဘရစ်ဂျက် ဝဲ့လ်ရှ်’ (Bridget Welsh)ရဲ့ လေ့လာတွေ့ရှိချက်ကိုပဲ သတိပြုမိပါသေးတယ်။ တောင်တရုတ်ပင်လယ် တဖက်ခြမ်းက အရှေ့မလေးရှား-‘ဆာဘားနဲ့ဆာရာဝပ်’(Sabah & Sarawak) ပြည်နယ်များ မပါဝင်ပဲ အနောက် မလေးရှားလို့လည်း သိထားကြတဲ့ ကျွန်းဆွယ်မလေးရှားဘက်ကို သုတေသနပြုထားတာလို့ ပြောပါတယ်။ ဒါကလည်း အတော်အတန် ခြုံငုံမိတယ်လို့ ဆိုရပါမယ်၊ အမတ်နေရာ(၁၆၆) သို့မဟုတ် (၇၅) ရာခိုင်နှုန်းက အဲဒီဘက်မှာရှိလို့ပါ။
အတိုချုပ်ပြောရရင် မလေးလူမျိုးတွေက ‘PN’ ပါတီကို အများဆုံး၊ ‘BN’ကိုတော့ ဒုတိယအများဆုံး၊ ‘PH’ကို တော့ အနည်းဆုံး မဲထည့်ကြတယ်လို့ သုံးသပ်ထားပါတယ်။ရာခိုင်နှုန်းနဲ့ ပြောရရင် (၅၄%၊ ၃၃%၊ ၁၁%) လို့ ဖော်ပြပါ တယ်။ ဒါ့ကြောင့် ‘အန်နဝါ’ရဲ့ ‘PH’ညွန့်ပေါင်းမှာ ‘PN’ သို့မဟုတ် ‘BN’သာမပါရင် မလေးလူမျိုးတွေကို ကိုယ်စားပြု တဲ့ မလေးရှားအစိုးရလို့ခေါ်ဖို့ အတော်ခက်သွားနိုင်ပါတယ်။ ‘PH’ကို မလေးတရုတ်တွေရဲ့ (၉၄) ရာခိုင်နှုန်း၊ မ လေးအိန္ဒိယတွေရဲ့ (၈၃) ရာခိုင်နှုန်းက မဲထည့်ကြတာကိုလည်း ဆက်လက်ဖေါ်ပြခဲ့ပါတယ်။
‘Merdeka Center’ဟာ ဒီရွေးကောက်ပွဲအတွက် သုတေသနစစ်တမ်းကောက်တဲ့ အဖွဲ့အစည်းများစွာအနက် ‘PH’ ပါတီက (၈၂)နေရာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းခဲ့တဲ့ တခုတည်းသော စစ်တမ်းဌာနပါ။ဒါ့ကြောင့် သူတို့ရဲ့ မလေး လူမျိုးများ မဲပေးပုံစံစစ်တမ်း ကောက်ထားတာကို ‘ဘရစ်ဂျက် ဝဲ့လ်ရှ်’တွေ့ရှိချက်နဲ့ နှိုင်းယှဥ်ကြည့်မိပါတယ်။ ရွေး ကောက်ပွဲမတိုင်မီ နိုဝင်ဘာလ (၁၆-၁၈)ရက်နေ့ ကောက်ခံချက်အရ မလေးလူမျိုးတွေက ‘PH’ပါတီကို (၁၃.၃) ရာ ခိုင်နှုန်း မဲပေးမယ်လို့ ဖြေဆိုခဲ့တဲ့အတွက် ‘ဘရစ်ဂျက်’ရဲ့ ဖေါ်ပြချက်နဲ့ နီးစပ်တယ်လို့ ဆိုနိုင်ပါတယ်။
ရွေးကောက်ပွဲလွန် ကနဦးအချက်အလက်စစ်တမ်းနဲ့ ရွေးကောက်ပွဲကြို ထင်မြင်ချက်စစ်တမ်း (၂)ခုကိုသာ မှီငြမ်း ပြီး အရေးပါတဲ့ ကောက်ချက်ချဖို့ ခက်လှပါတယ်။ ဒါ့ကြောင့် လက်တွေ့ထွက်ပေါ်ထားတဲ့ အနိုင်အရှုံးရလဒ်နဲ့ အ ထက်က စစ်တမ်းတွေ့ရှိချက်များ ကိုက်ညီမှုရှိမရှိ ဆန်းစစ်ကြည့်လိုပါတယ်။
မလေးလူမျိုးတွေက ‘PN’ ပါတီကို ထောက်ခံမှုပိုများတယ်ဆိုတာ ဟုတ်/မဟုတ် သိမြင်နိုင်ဖို့အတွက် မလေးလူမျိုး (၉၅) ရာခိုင်နှုန်းကျော်နေထိုင်တဲ့ ‘ကလန်းတန်’ (Kelantan)ပြည်နယ်ရလဒ်ကို ရွေးချယ်နှိုင်းယှဥ် ကြည့်ခဲ့ပါတယ်။ ဒီ ပြည်နယ်မှာ အမတ်နေရာ စုစုပေါင်း (၁၄)နေရာရှိပြီး ‘PN’ က နေရာအားလုံးမှာ အနိုင်ရရှိကာ အန်နဝါ’ရဲ့ ‘PH’ပါတီ က တနေရာမှ မရရှိခဲ့တာကို တွေ့ရပါတယ်။ အလားတူ မလေးလူမျိုး အများစုရှိတဲ့ ’တရင်းဂါးနု’ (Terengganu) ပြည်နယ်ကို ကြည့်လိုက်တော့လည်း ‘PN’ရဲ့ အမာခံမဟာမိတ်ပါတီ ‘PAS’က ရှိသမျှ(၈)နေရာလုံးမှာ အနိုင်ရထား ပါတယ်။ ဒီအတွက် မလေးလူမျိုး များပြားတဲ့ဒေသမှာ ‘PN’ပါတီက အသာစီးရတတ်တာ ပိုပေါ်လွင်သွားပါတယ်။
‘PH’ပါတီဟာ ဒီ(၁၅)ကြိမ်မြောက်ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးရရှိတဲ့ပါတီဆိုပေမယ့် အထက်က အ ချက်အလက်များအရ နိုင်ငံတခုလုံး၊လူမျိုးစုအားလုံးကို ကိုယ်စားမပြုနိုင်သေးတာကို တွေ့ရပါတယ်။အထူးသ ဖြင့် မူလဌာနေ ‘မလေးလူမျိုး’များရဲ့ ထောက်ခံမှု အားနည်းနေခြင်းက ‘PH’ပါတီအတွက် အရေးကြီးတဲ့ အချက်ပါ။
မလေးရှား ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရဆိုရင် ‘PH’ပါတီက ရွေးကောက်ပွဲမှာ ထည့်ခဲ့ကြတဲ့ စုစုပေါင်းမဲ အရေအတွက်ရဲ့ (၃၈)ရာခိုင်နှုန်း (၅.၈၉ သန်းခန့်)၊ ‘PN’ပါတီက (၃၀) ရာခိုင်နှုန်း (၄.၆၆ သန်းခန့်)၊ ‘BN’ပါတီက (၂၃.၅၂) ရာခိုင်နှုန်း (၃.၆၅ သန်းခန့်) ရရှိကြပါတယ်။ ဒီကိန်းဂဏန်းများကိုကြည့်ရင်လည်း ပါတီတခုချင်းစီ အနေနဲ့ တနိုင်ငံလုံးအတွက် ပြတ်ပြတ်သားသား အသာစီး ထောက်ခံမှု မရကြတာ ထင်ရှားပါတယ်။
ဒီအတွက် ‘PN’ပါတီက ညွန့်ပေါင်းအစိုးရမှာ ပါဝင်ဖို့ ဖိတ်ခေါ်တာကို ငြင်းဆိုခဲ့တဲ့နောက်မှာ ‘အန်နဝါ’ အနေနဲ့ ‘BN’ပါတီနဲ့ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ကိုပဲ ရွေးချယ်ရတော့မှာပါ။ ’မဟာသီယာ’ကတော့ ‘အန်နဝါ’က ‘ဇာ ဟစ်’နဲ့ ပူးပေါင်းလိုက်တာကို ဝေဖန်ခဲ့ပါသေးတယ်။လက်တွေ့မှာတော့ ‘ဇာဟစ်’မှာ အမှုပေါင်း ဘယ်လောက်ပဲ ရှိရှိ၊ပြဿနာ ဘယ်လောက်ပဲများများ လက်ခံနိုင်လောက်တဲ့ ညှိုနှိုင်းမှုတွေပြုလုပ်ပြီး လက်တွဲလုပ်ကိုင်ကြရုံ မှတ ပါး ‘အန်နဝါ’မှာ ရွေးစရာ သိပ်မရှိလှပါဘူး။ ဒါတွေကိုကြည့်ရင် အစိုးရအဖွဲ့ခေါင်းဆောင် ပူပူနွေးနွေးတယောက် အ တွက် စိန်ခေါ်မှုတွေ မနည်းလှတာကို မှန်းဆကြည့်နိုင်ပါတယ်။
အခု ဒီဇင်ဘာလ(၇)ရက်နေ့မှာ (၁၅)ကြိမ်မြောက် ရွေးကောက်ပွဲရဲ့ နောက်ဆုံး (၂၂၂)နေရာမြောက် ပါလီမန် အမတ်နေရာလို့ ပြောရမယ့် ‘ပဒန်ဆယိုင်း’ (Padang Serai) မဲဆန္ဒနယ်မြေအတွက် မဲပေးရွေးချယ်ခဲ့ပါတယ်။ နိုဝင် ဘာလ (၁၆)ရက်နေ့က ရွေးကောက်ပွဲဝင်မယ့် လက်ရှိ‘PH’အမတ် ဆုံးပါးသွားတဲ့အတွက် ရက်ရွှေ့ခဲ့ခြင်းပါ။ ရလဒ် ထွက်ပေါ်လာတာက ‘PN’ပါတီအနိုင်ရရှိသွားတယ်လို့ သိရပါတယ်။‘BN’နဲ့‘PH’ညွန့်ပေါင်းအစိုးရကို ထောက်ခံထား တဲ့ ‘Warisan’ပါတီတို့က သူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေကို မယှဥ်ပြိုင်စေတော့ပဲ ‘PH’ပါတီအတွက် လမ်းဖွင့် ပေးခဲ့တဲ့ကြားက ‘PH’ကိုယ်စားလှယ် ရှုံးသွားတာပါ။
၂၀၀၈ခုနှစ် ရွေးကောက်ပွဲကစလို့ ‘PH’ပါတီက ဆက်တိုက်ထိန်းထားနိုင်တဲ့ မဲဆန္ဒ နယ်၊နောက်ပြီး သိရသလောက် က နိုဝင်ဘာ(၁၉)ရွေးကောက်ပွဲနေ့မှာ ‘PH’ကိုယ်စားလှယ် သက်ရှိထင်ရှားရှိနေခဲ့ရင် သူပဲအနိုင်ရလိမ့်မယ်လို့ တစ် ပြေးနေခဲ့ရာကနေ ရှုံးခဲ့ရတာက ‘PH’ညွန့်ပေါင်းအစိုးရအပေါ် ဆန္ဒပြဆန့်ကျင်မဲ ထည့်လိုက်ကြခြင်းလား ဆိုပြီး လည်း ထပ်တွေးချင်စရာ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပွတ်ကာသီကာ ရှုံးသွားတာမျိုးလည်းမဟုတ်၊ ‘PN’ က (၁၆,၂၆၀)မဲအသာစီးနဲ့ နိုင်ခဲ့လို့ပါ။
အနာပေါ်ဒုတ်ကျသလို ပိုဖြစ်သွားမှာက အနိုင်ရသွားတဲ့ ‘PN’ပါတီ ကိုယ်စားလှယ်က နိုင်ငံခြားရေးဝန်ကြီး ဟောင်း ‘ဆိုင်ဖူဒင် အဗ္ဗဒူလာ’တို့နဲ့ တချိန်တည်း ‘အန်နဝါ’ရဲ့ ‘PKR’က ထွက်ပြီး ဘက်ပြောင်းသွားခဲ့ တဲ့ ‘အက်ဇ်မင် နာဆူဒင်’ (Azman Nasrudin) ဖြစ်နေလို့ပါ။ ဒီရလဒ်အရ ‘PN’ အနေနဲ့ အမတ်နေရာ စုစုပေါင်း (၇၄)နေရာ ရရှိသွားပြီး ‘PH’နဲ့ ကြားက ကွာဟချက်ကို ပိုကျဥ်းလာစေပါတယ်။
ပြည်တွင်းနိုင်ငံရေးတည်ငြိမ်ပြီး အစိုးရက နိုင်နိုင်နင်းနင်း ထိန်းကျောင်းမောင်းနှင်နိုင်တဲ့အခါ နိုင်ငံတကာအခင်းအ ကျင်းကိုလည်း ပိုအာရုံစိုက်ပေးနိုင်ကြတာ ဓမ္မတာပါပဲ။ ဒီအတွက် မလေးရှားနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲ တွေ အပေါ် စိတ်ဝင်စားနေမိခြင်း ဖြစ်ပါတယ်။အရင်အစိုးရဟောင်းကတော့ အာဆီယံနိုင်ငံများထဲမှာ တခြားနိုင်ငံများ ထက် ‘NUG’အပေါ် နွေးထွေးတဲ့ဆက်ဆံရေး ပိုပြခဲ့ပါတယ်။ အခုအချိန်မှာ ‘PH’ညွန့်ပေါင်းအစိုးရက ပြည်တွင်း ဦးစားပေးစရာများကို အရင်ဆုံးလုပ်နေမှာ ဖြစ်ပေမယ့် နိုင်ငံခြားရေးမူဝါဒ ဘယ်လိုရှိလာနိုင်မလဲဆိုတာကို ဆက် စောင့်ကြည့်ကြရပါဦးမယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar