နေသွင်ညိဏ်း - စစ်ပွဲ၊ မျိုးချစ်စိတ်၊ လူသားဆန်မှု
စစ်ပွဲ၊ မျိုးချစ်စိတ်၊ လူသားဆန်မှု
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၂
Wars make states; states make wars ဆိုတဲ့ အယူအဆ ရှိပါတယ်။
ရာဇဓိရာဇ်အရေးတော်ပုံ ကျမ်းရဲ့အမှာမှာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်က သမိန်ဗရမ်းရဲ့စိတ်ကို မီးမောင်းထိုးပြထားတယ်။ ဒီအကြောင်းအရာနဲ့တင် ဒီစာအုပ်က တန်ဖိုးရှိတယ်လို့ဆရာမကြီးက မှတ်ချက်ပေးထားပါတယ်။ အဓိကကတော့ သမိန်ဗရမ်းရဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ချီးကျူးတာပါ။
စိနသူရဲကောင်း ကာမနိ (ဂါမဏိ) နဲ့ စီးချင်းထိုးတာ ငယ်ငယ်ကသင်ခဲ့ရပေမယ့် သမိန်ဗရမ်း ဘယ်လိုစဉ်းစားခဲ့သလဲဆိုတာက အလွန်စိတ်ဝင် စားဖို့ကောင်းပါတယ်။ အားလုံးသိတဲ့အတိုင်း မွန်သူရဲကောင်းဟာ ဗမာဘုရင်ရဲ့အကျဉ်းသားဖြစ်နေတယ်။ ဒါပေမယ့် သမိန်ဗရမ်းက အင်းဝကို တရုတ်သိမ်းမိရင် ဟံသာဝတီလည်း တနေ့တော့ တရုတ်အောက်ကျမယ်။ ဒီလိုတော့အဖြစ်မခံနိုင်ဘူး။ ကာမနိကိုအနိုင်တိုက်ရင် ဟံသာဝတီကို ကာကွယ်ပြီးသားဖြစ်မယ်။ ဒီလိုတွေးပါတယ်။ ဒါကို ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ပြည်ထောင်စု စိတ်ဓာတ်လို့ အမှတ် ပေးပါတယ်။
အချုပ်ကတော့ အင်းဝနဲ့ ဟံသာဝတီ စစ်ခင်းကြတယ်။ အပြန်အလှန် လုပ် ကြံကြတဲ့အခါ မွန်ဘက်မှာ သမိန်ဗရမ်းလိုသူရဲကောင်းတွေပေါ်လာတယ်။ ဗမာဘက်မှာ မင်းရဲကျော်စွာလို သူရဲကောင်းတွေ ပေါ်လာတယ်။ သံခင်းတမန်ခင်းသာမက စစ်ဗျူဟာခင်းတဲ့နေရာမှာ ထူးချွန်တဲ့ အမတ်တွေ၊ ရဟန်းတွေပေါ်တယ်။ စစ်ပွဲတွေကြောင့်ပဲ နိုင်ငံတွေဖြစ်လာပြီး နိုင်ငံတွေကြောင့်ပဲ စစ်ဖြစ်ရပြန်တယ်။ ဒီစစ်ပွဲတွေက လူစွမ်းကောင်းတွေ၊ အရည်အချင်းရှိတဲ့ မှူးကြီးမတ်ကြီးတွေကို မွေးထုတ်တယ်။ ဥရောပဟာလည်း ဒီလိုထီးပြိုင်နန်းပြိုင်ခေတ်တွေကို ဖြတ်သန်းခဲ့ပါတယ်။
စစ်ဆိုမှတော့ ဘယ်စစ်မှမကောင်းနိုင်ပါဘူး။ ထူးခြားတာက မွန်- မြန်မာ စစ်မှာ နှစ်ဖက်စလုံးက လူကြီးလူ ကောင်းဆန်တာ များပါတယ်။ (အများအားဖြင့်) ကတိတည်ကြပါတယ်။ စစ်ဖြစ်နေတုန်း အပြန်အလှန်ပေးစာတွေမှာ ယဉ်ကျေးကြပါတယ်။ စစ်ပြေငြိမ်းတဲ့အခါ လက်ရည်တပြင်တည်း ပွဲတော်တည်ပါတယ်။ နှစ်ပြည် ထောင် ရွှေလမ်းငွေလမ်းဖောက်ပြီး သာယာဝပြောခဲ့တဲ့နှစ်တွေ မနည်းပါဘူး။ ဒါကြောင့်လည်း မင်းတပါး နတ် ရွာစံတဲ့အခါ ကျန်ခဲ့တဲ့မင်းက ငိုရှာပါတယ်။ စစ်ဖက်ပြိုင်ပေမယ့် သူ့ကို ငါမမုန်း၊ သူမရှိတဲ့အခါ ငါ့ရဲ့ဘုန်းတန်းခိုးကိုပြဖို့ ဘယ်သူနဲ့ စစ်ခင်းရပါ့။ ငါသည်လည်းတနေ့မှာ ဇရာကို လွန်ဆန်နိုင်မှာမဟုတ်လို့ နန်းစည်းစိမ်နှင့်တကွ အားလုံးကို နောက်ချန်ထားခဲ့ရမှာတကားဆိုတဲ့ ဝိရောဓိဆန်တဲ့ စိတ်နဲ့ ငိုတယ်လို့ဆိုပါတယ်။
ရာဇဓိရာဇ်အရေးတော်ပုံကျမ်းရဲ့အောင်မြင်မှုဟာ သူရဲကောင်း စိတ်ဓာတ် အဖွဲ့အနွဲ့နဲ့ဒီလို လူသားဆန်မှုတွေကို လှလှပပပေါင်းစပ်နိုင်တာကြောင့်ပါပဲ။
မင်းရဲကျော်စွာဟာ ရှေ့ဘဝက ရာဇဓိရာဇ်(ဗညာနွဲ့)ရဲ့သားဖြစ်ခဲ့တယ်တဲ့။ ကွပ်မျက်ခါရနီးမှာ ဖခမည်းတော်ကို ဒေါသစိတ်ကြောင့် နောက်ဘဝကျရင်အင်းဝဘက်မှာဝင်စားပြီး ဖခင်ဟောင်းနဲ့စစ်ခင်းပါရစေလို့ဆု တောင်းတယ်တဲ့။ ဒါကြောင့် မင်းရဲကျော်စွာကိုအရှင်မိတော့ ရာဇဓိရာဇ်က မသတ်ရက်ရှာပါဘူး။ မင်းဟာ အရင်ဘဝက ငါ့သားပါလို့တဖွဖွ ပြောခဲ့တယ်။
သမိန်ဗရမ်းနဲ့ ပတ်သက်လို့ရှားရှားပါးပါး လူသားဆန်တဲ့ ဇာတ်ကွက်တခုက ကာမနိကိုနိုင်ပြီး ရန်သူ့သမီးကို ယူ၊ မယူ ဝေခွဲမရတဲ့အခန်းပါပဲ။ အင်းဝဘုရင်က သူ့ကတိအတိုင်း သမီးတော်ကိုပေးစားတဲ့အခါ ပထမတော့ ငြင်းတယ်။ နောက်တော့မှ ဗမာမင်းသမီးအလှပဂေးကိုမြင်ပြီး ဗမာမင်း သမီးကိုယူရင် အရသာ ဘယ်သို့ ရှိမလဲဆိုပြီး ယူလိုက်တယ်။ လူသားဆန်မှုကို ရိုးရိုးသားသားရေးပြတယ်လို့ ယူသော်ရပါလိမ်မယ်။ နောက်ဆုံးမှာတော့ အင်းဝဘုရင်က အမှတ်တမဲ့ ကျွန်လို့ခေါ်တာကို မကျေနပ်လို့ဟံသာဝတီကို ထွက်ပြေးခဲ့ပါတယ်။
ရာဇဓိရာဇ်ကျမ်းထဲမှာ မကြိုက်တာကိုပြပါဆိုရင် မဂဒူးမင်းဆက်ဟာ ဇင်း မယ်ဘုရင်ရဲ့လက်အောက်ခံ လက် ဆောင်ဆက်နိုင်ငံတွေ ဖြစ်နေတာပါ။ မွန်ဘုရင်အင်ပါယာထဲမှာ ဆူပူသောင်းကျန်းမှုတွေပေါ်ရင်ဖြစ်ဖြစ်၊ နန်းသစ်တက်ရင်ဖြစ်ဖြစ် စစ်ကူတောင်းတာ၊ ဘွဲ့အမည်တောင်းတာ စသဖြင့် ဇင်းမယ်ဘုရင်ကို သံတော်ဦးတင်ကြပါတယ်။ ဆင်၊ ရွှေ၊ သမီးတော် စသဖြင့် လက်ဆောင်ဆက်ကြပါတယ်။ အဓိကအကြောင်းက မွန် အင်ပါယာမှာ မင်းညီမင်းသားတွေ နန်းလုကြတယ်။ နန်းတွင်းမှာ နန်းလုပွဲဖြစ်ရင် နယ်စားတွေက ဆူပါတယ်။ ရာဇဓိရာဇ်လို မွန်အင်ပါယာကို ထိန်းနိုင်တဲ့ မင်းလက်ထက်ကြတော့ ဗမာအင်ပါယာနဲ့အားပြိုင်ပါတယ်။
မွန်-မြန်မာစစ်ပွဲမှာ ဘယ်သူမှမနိုင်ပါဘူး။ ရဟန်းပညာရှိ လူပညာရှိ လက် ရုံးနှလုံး ပြည့်ဝတဲ့ သူရဲကောင်းတွေ နှစ်ဖက်စလုံးက ဆုံးရှုံးခဲ့ပါတယ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar