Breaking News

မြန်မာစစ်ကောင်စီ နဲ့ နိုင်ငံတကာ မျက်နှာစာ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၈ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၂ 


မြန်မာစစ်ကောင်စီ နဲ့ နိုင်ငံတကာ မျက်နှာစာ

ဒီဇင်ဘာ ၇ ရက်နေ့မှာ နွေဦးတော်လှန်ရေး၏ ရဲဘော် ကျောင်းသားလူငယ် ၇ ဦးကို သေဒဏ်ချမှတ်လိမ့်မယ်လို့ သတင်းများ ထွက်ပေါ်လာအပြီး ပြည်တွင်း ပြည်ပက စစ်ကောင်စီကို ကန့်ကွက်ဆန့်ကျင်မှုတွေ ထွက်ပေါ်လာပါတယ်။ 

နိုဝင်ဘာ ၁၇ က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာနဲ့ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းကို လွှတ်ပေးပြီး စစ်ကောင်စီ၏ ပုံရိပ်က တိုးတက်လာရမယ့်အစား ပိုပြီး နိမ့်ကျလာတယ်လို့ ဆိုကြပါတယ်။ လွတ်မြောက်လာတဲ့ ဩစတြေးလျနိုင်ငံသား ရှောင်တန်နယ်ကိုယ်တိုင်က မြန်မာပြည်သူတွေ များစွာ ဆင်းရဲဒုက္ခရောက်နေကြတယ်၊ စစ်ကောင်စီဟာ အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်မှုကလည်း နိုင်ငံတကာနားထဲကို တိုက်ရိုက်ဝင်ရောက်သွားပုံ ရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ တတိယခရီးစဉ်အဖြစ် မြန်မာပြည်ကို သွားဖို့ အစီအစဉ်ကိုလည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က  ဖျက်သိမ်းလိုက်ပါတယ်။ ဘရပ်ဆဲလ်မှာ ဒီဇင်ဘာလ(၁၄) ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ-အီးယူ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို တက်ရမှာမို့လို့ အကြောင်းပြပေမယ့် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုတွေ သတ်ဖြတ်မှုတွေ ခုထိ မထိန်းသိမ်းနိုင်သေးတာကြောင့်လို့ ဆိုနိုင်ပါတယ်။ 

ဘရပ်ဆဲ ထိပ်သီးအစည်းအဝေးမှာ မြန်မာပြည်ကိုယ်စား NUG ကို ဖိတ်ကြားဖို့ ဥရောပရောက် မြန်မာတွေက ကမ်ပိန်းတွေ လှုပ်ရှားမှုတွေ မြှင့်တင်နေကြချိန်ဖြစ်ပါတယ်။ ဥရောပဒေသမှာ NUG ဝန်ကြီးတွေ အနည်းဆုံး ၂ ပါး ကနေ အထက် ခရီးစဉ်တွေ ရှိနေတယ်လည်း ကြားနေရတော့ ဘရပ်ဆဲညီလာခံမှာ NUGဘက်က အလွတ်သဘော လာရောက်မယ့်သဘောလို့ စဉ်းစားနိုင်ပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေး စစ်ကောင်စီကို မဖိတ်ထားဘူးလို့ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ၇ရက်နေ့မှာ ဆွစ်ဇာလန် သံရုံး ရန်ကုန်က အစည်းအဝေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကိုဖိတ်ကြားထားတာ မရှိဘူးလို့ တရားဝင်အသိပေးဆိုပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို ဖိတ်ကြားထားတယ်လို့ သတင်းထွက်ပေါ်ပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲသည်အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အမေရိကန် အောက်လွှတ်တော်က အမေရိကန် စစ်ရေးဘတ်ဂျက် NDAA ကို အတည်ပြုကြောင်းထုတ်ပြန်တဲ့ဆီမှာ မြန်မာ့အရေးကို အထောက်အကူပေးမယ့် Burma Act လည်း အကျုံးဝင်ကြောင်း သတင်းတွေက ထုတ်ပြန်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံက National Defense Authorization Act 2023 (NDAA)ယခုနှစ် က မြန်မာပြည်အတွက် အထောက်အပံ့ပို ပေးဖို့ ထည့်သွင်းရေးသားထားတယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးဆိုပါတယ်။

တချိန်တည်းလိုလိုမှာပဲ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချသွားမယ်လို့ Nikkei Asia က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့ကတည်းက သတင်းတွေ ထွက်ပေါ်လာနေတာ ဖြစ်ပြီး သတင်းဌာနတွေက ထုတ်ပြန်ရေးသားလာကြပါတယ်။

အင်္ဂလန်သံတမန်ဆက်ဆံရေးက စစ်ကောင်စီနဲ့ ယမန်နှစ်ကတည်းက အကန့်အသတ်နဲ့ ဆက်ဆံနေတာ ဖြစ်ပြီး ယခု ၂၀၂၂ နှစ်ကုန်မှာ အမေရိကန်သံဆက်ဆံရေးကလည်း အဆင့်တဆင့်ကျသွားတာကို တွေ့ရှိရပါတယ်။ 

စစ်ကောင်စီ၏ လက်ချက်ကြောင့် စစ်ဒဏ်သင့်နေရာတွေကို ကူညီဖို့ ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ ကူညီမှုတွေ တိုးမြှင့်ပြီး ထိရောက်အောင်ပို့ဆောင်ဖို့ လုပ်ဆောင်ကြမယ့်အကြောင်း၊  သတင်းတွေက ဆိုပါတယ်။ စားနပ်ရိက္ခာမဖူလုံမှု၊ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်ဖို့ ဥရောပသမဂ္ဂထံက ယူရိုငွေ ခြောက်သန်းခွဲ လက်ခံရရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အချက်အလက်တွေအရကတော့ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ၏ တုန့်ပြန်မှုတွေက မြန်မာစစ်ကောင်စီကို ဖိအားတွေအဖြစ် တုန့်ပြန်တာမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီ၏ မဟာမိတ်တွေဖြစ်တဲ့ ရုရှားကလည်း ယူကရိန်းစစ်ကနေ ခွာစစ်ဆင်နေရချိန်၊ တရုတ်ကိုယ်တိုင်ကလည်း လူထုကန့်ကွက်ဆန္ဒပြပွဲတွေကြောင့် တင်းကြပ်တဲ့ ဇီးရိုးကိုဗစ်ပေါ်လစီကို ဖြေလျှော့ပေးလိုက်ရတဲ့ အချိန် ဖြစ်နေပါတယ်။

စစ်ကောင်စီကိုယ်တိုင်ကလည်း နိုင်ငံရေးမျက်နှာစာဘက်မှာ အလှည့်အပြောင်းဖြစ်နိုင်ဖို့ ၂၀၂၃ ရွေးကောက်ပွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပစ်ရပ်နိုင်ရေး ချဲ့ထွင်ဖို့ လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နွေဦးပြည်သူတွေ၏ ပိုင်းဖြတ်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး ကို ဦးတည်ချက်က မလျော့ပါးနေသေးသမျှ နိုင်ငံတကာဘက်က မြန်မာပြည်သူတို့၏ ဆန္ဒကို ပိုပြီး တိမ်းညွှတ်မှုကို ဆွဲဆောင်နိုင်မယ်ဟု ထင်မြင်မိပါကြောင်း။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar