နိုင်မွန်အောင်သွင် - နားရွက်များကို နံရံများ၌မြှုပ်နှံ သင်္ဂြိုဟ်ခြင်း
Art credit
နားရွက်များကို နံရံများ၌မြှုပ်နှံ သင်္ဂြိုဟ်ခြင်း
နိုင်မွန်အောင်သွင်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၂
စွန့်ပစ်စရာရှိရင်
ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ
ဗင်ဂိုးကြီးက အသိစောခဲ့တယ်။
စည်းကမ်းမရှိတဲ့နားရွက်များ
ကြားသင့်တာရော
မကြားသင့်တာတွေပါ
ကြားချင်တာ ကြားကြ။
တိတ်ဆိတ်သောသန်းခေါင်ယံအသံမှသည် ထစ်ချုန်းမိုးကြိုးသံအထိ။
ကြယ်တွေကြွေနေသံမှသည် မုန်တိုင်းခြေသံလှိုင်းအထိ။
ပုရစ်သံလေးတစီစီများမှသည် နှဲကြီးသံအထိ။
မိုးတိမ်များလွင့်မြောနေသံမှသည် မီးတောင်များကထွေးထုတ်လိုက်သောချော်ရည်စီးသံတွေအထိ။
အမေအိုရဲ့အမျှအတန်းဝေသံမှသည် မူးယစ်ရမ်းကားသူရဲ့မိုက်ရိုင်းစိမ်ခေါ်နေသံအထိ။
နိုင်ငံတော်အလံလေတိုးသံမှသည် ပြာမှုန်တွေလွင့်မြောနေသံအထိ။
ငြိမ်းချမ်းရေးစံပယ်ပန်းပွင့်သံမှသည် အမြောက်သံဗုံးသံများအထိ။
သက်တံလေးကွေးညွတ်လာသံမှသည် မီးသတ်ဥဩသံများအထိ။
ယုန်မွေးကိုလေတိုးသံမှသည် တောဆင်ရိုင်းမုန်ယိုဟစ်ကြွေးသံအထိ။
ချီးမွမ်းခုနှစ်ရက်မှသည် ကဲ့ရဲ့ခုနှစ်ရက်အထိ။
နွေဦးရနံ့သင်းပျံ့လာသံမှသည်
ကြည့်မှန်တစ်ချပ် ကျကွဲသံအထိ။
အငြိမ့်မင်းသမီးလေးထမီဖျားခတ်သံမှသည်
သေနတ်မောင်းတင်သံအထိ။
အသံများနှင့်လေးလံလှစွာသော လောကကြီးထဲ
နှလုံးသားနှင့်သာ ပေါ့ပါးလေးနက်စွာနာယူတတ်ဖို့
နားရွက်များကို နံရံများ၌မြှုပ်နှံသင်္ဂြိုဟ်ပစ်ခဲ့လိုက်ပါပြီ။
၉.၁၂.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar