Breaking News

စေတ - ငါကလည်းငါပဲ


ငါကလည်းငါပဲ
စေတ
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၂

ငါကလည်းငါပဲ
လက်ဖက်ရည်ဆိုင်ထိုင်ပြီး
လက်ဖက်ရည်သောက်နေရမယ့်အချိန်မဟုတ်ဘဲ
လက်ဖက်ရည်ကိုတခွက်ပြီးတခွက်သောက်နေမိတယ်

ငါကလည်းငါပဲ
ခုအချိန်
ရေမခြားမြေမခြား နေရာဒေသအများအပြားမှာ
ကပ်ကြီး ၃ ပါး ရန်သူမျိုး ၅ပါး ဘေးပေါင်းစုံ သင့်နေကြရချိန်
ကဗျာတွေ အက်ဆေးတွေ 
ကိုယ်တွေ့မှတ်တမ်းတွေ ဝတ္ထုတိုဇာတ်လမ်းတွေ
တပုဒ်ပြီးတပုဒ်ရေးနေရမယ့်အချိန်မှာ
ချေ‌ဂွေဗားရားဆေးပြင်းလိပ်တလိပ် အေးအေးဆေးဆေးဖွာရင်း ကမ္ဘာ့ဂန္တဝင်နိုဗယ်လ်အရှည်ကြီးတွေ
တအုပ်ပြီးတအုပ်ဖတ်နေမိတယ်

ဒါပေမဲ့ လူတွေ
ငါ့အရိပ်စစ်ကို တွေ့နိုင်မှာမဟုတ်ဘူး
ငါ့မျက်နှာဟာ ဘယ်ဆီရွေ့လျားနေလဲ
ငါ့မျက်နှာဟာ အကွယ်အဝှက်တခုနဲ့
လူတွေမှတ်မိနိုင်စရာမရှိဘူး
ငါ့စိတ်အစဉ်ဟာ ကျောက်သားလိုမာကျောခက်ထန်ဆဲ
ငါ့ခန္ဓာကိုယ်ထဲ နီစွေးစွေး ငါ့သွေးဟာ 
‌တောင်အမေရိကတိုက်ကအမေဇုံမြစ်ကြီးလို စီးဆင်းနေဆဲ
ခုလောလောဆယ် 
မိုးထဲရေထဲ အရေးတကြီးနေ့ရက်တွေထဲ
ငါ ဘယ်သူဆိုတာ ဘယ်သူမှသိဖို့မလိုဘူး
အေးလေ ငါကလည်းငါပဲ
ဗာဂျီးနီးယားဆေးပြင်းလိပ်ကို 
အပူအပင်မရှိ အေးအေးဆေးထိုင်သောက်နေတယ်။ ။

၁၀ -၁၂ - ၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar