နွေဦးတော်လှန်ရေး သို့မဟုတ် စစ်အာဏာရှင် ဖြုတ်ချရေး ဘယ်လောက်ကြာမလဲ
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၀ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၂
နွေဦးတော်လှန်ရေး သို့မဟုတ် စစ်အာဏာရှင် ဖြုတ်ချရေး ဘယ်လောက်ကြာမလဲ
မြန်မာနိုင်ငံထဲက လူထုတွေ အသိချင်ဆုံးကိစ္စက စစ်အာဏာရှင်တွေ ဘယ်တော့ ပြုတ်ကျမလဲ၊ တနည်းအားဖြင့် နွေဦးတော်လှန်ရေး လို့ခေါ်ဆိုကြတဲ့ လက်နက်ကိုင် တိုက်ခိုက်မှုဘယ်တော့ အောင်ပွဲခံမလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
သာမန်လက်လုပ်လက်စား အငှားကားမောင်းသူတွေလည်း သိချင်သလို စျေးရောင်းတဲ့ စျေးသည်တွေ ၊ ကျေးလက်က စပါးစိုက်သူ ပဲစိုက်သူ နှမ်းစိုက်သူတွေလည်း သိချင်ကြတဲ့ မေးခွန်းဖြစ်ပါတယ်။ အချင်းချင်းဖြစ်စေ နိုင်ငံရေး ဗဟုသုတရှိသူတွေနဲ့ စကားစပ်မိလို့ဖြစ်စေ အဲဒီမေးခွန်းကို မေးကြတာ သဘာဝလိုဖြစ်နေတာပါ။
သတင်းတွေထဲ အန်ယူဂျီ အစိုးရရဲ့ခေါင်းဆောင်တွေ ပြောဆိုမှုတွေကို သတင်းတွေထဲ နားထောင်ကြည့်တဲ့အခါမှာ နောင်နှစ်မှာ အောင်ပွဲအဆုံးအဖြတ်နှစ် ဆိုတဲ့ ပြောဆိုမှုတွေတော့ ကြားသိနေရတာကြောင့် ၂၀၂၃ ခုနှစ်ကို အနိုင် အရှုံး အဆုံးအဖြတ်ပေးမယ့်နှစ် သို့မဟုတ်အနိုင်ရကိုရမယ့် နှစ်လို့တော့ ဆန္ဒအရ မျှော်လင့်ထားကြတဲ့ သဘောလည်း တွေ့ရတာဖြစ်ပါတယ်။
ဒါက ပြည်တွင်းကနေ ဘယ်ကိုမှ မထွက်ခွာနိုင် သွားဖို့လည်း အဆက်အသွယ်မရှိ၊ ငွေကြေး နောက်ခံမရှိ၊ ရရာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်လည်းမဟုတ်တဲ့ သူတွေရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။ လူငယ်လူရွယ်တွေ ကျားမမရွေး ပြည်ပထွက် အလုပ်လုပ်ကိုင်ကြဖို့ နေ့စဥ်နဲ့အမျှ နိုင်ငံကူးလက်မှတ်လုပ်ရာ ရုံးတွေမှာ စုပြုံတိုးပြီး လုပ်နေကြ ပြည်ပကိုထွက်ခွာနေကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးက ဘယ်မှာနေထိုင်သူဖြစ်စေ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်လုပ်တဲ့ ရုံးမှာလုပ်လို့ရတာကြောင့် တရက်တရက် ၂၅၀၀ ကနေ ၃၀၀၀ အကြားရှိတဲ့ အရေအတွက်က ပတ်စ်ပို့လုပ်နေကြတာ ဖြစ်ပါတယ်။ အလုပ်လုပ်ကိုင်ဖို့ ပတ်စ်ပို့လုပ်သူက ၈၀ ရာနှုန်းကျော်ရှိပြီး အနည်းငယ်မျှသော အရေအတွက်ကသာ အလယ်အပတ်သို့မဟုတ် မိသားစုဝင်က ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ဆီ လိုက်သွားဖို့ သက်တမ်းတိုးတာ ပတ်စ်ပို့လုပ်ကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတင် ပတ်စ်ပို့လုပ်ကြတာမဟုတ်ဘဲ ရန်ကုန်မြို့မှာ ရက်ချိန်းယူရခက်ခဲ့လို့ ပြည်နယ်တိုင်းမြို့တွေမှာ ပတ်စ်ပို့လုပ်ဖို့ မော်လမြိုင်၊ ပုသိမ်၊ မြဝတီ၊ မြစ်ကြီးနား မြို့တွေထိ ၂ ရက် ၃ ရက်ခရီးအဖြစ်သွားရောက်ကာ ပတ်စ်ပို့ လျှောက်ကြတဲ့သူလည်း ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ မြဝတီမှာ ပတ်စ်ပို့သွားလုပ်တာ၊ ရန်ကုန်ကနေ နေပြည်တော်မှာ သွားလုပ်တာ ပုသိမ်မှာ သွားလုပ်တာတွေကို ကြားသိနေရတာဖြစ်ပါတယ်။
မနက်တိုင်း မနက်တိုင်း မင်္ဂလာဒုံလေဆိပ်မှာလည်း မလေးရှား အလုပ်သွားလုပ်ဖို့ ထွက်ခွာကြသူ၊ ကိုးရီးယားကို အလုပ်နဲ့ထွက်ခွာသူတွေ ပြည့်နှက်နေပြီး အလည်အပတ် နဲ့အခြားသော ရည်ရွယ်ချက်နဲ့ သွားသူက ၁၀ပုံ ၁ပုံမျှတောင်မရှိပါဘူး။
လေဆိပ်ကတင်မဟုတ်ပဲ နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေကနေ ထိုင်းမှာ အလုပ်လုပ်ခွင့် သဘောတူညီချက်နဲ့ သွားရောက်သူတွေ ၊ ခိုးဝင်ပြီး တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်မယ့်သူတွေ၊ မလေးရှားကို တရားမဝင်သွားရောက်ဖို့ ထိုင်းကို တရားမဝင်ဖြတ်ကာ သွားမယ့်သူတွေ နေ့စဥ် သူ့နည်းသူ့ဟန်နဲ့ သွားနေကြတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက လူငယ်တွေလည်း အများအပြား ထွက်ခွာကြတဲ့အထဲ တွေ့နေရပါတယ်။ မိဘတွေ အနေနဲ့ လက်နက်ကိုင် ပဋိပက္ခအကြားထဲ အသတ်ခံရမယ့်အန္တရာယ် လည်းရှိတာကြောင့် ပြည်ပမှာ အလုပ်သွားလုပ်မယ့် ရွေးချယ်မှုကို အားပေးကြပြီး ရှိတဲ့ ငွေကြေးအနည်းငယ်ကို ခြစ်ခြုတ်စုဆောင်းပေးပြီး စေလွှတ်ကြတာ ဖြစ်ပါတယ်။ ထိုင်း မလေးရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံတချို့၊ ကိုးရီးယားနဲ့ ငွေကြေး တတ်နိုင်သူအနည်းငယ်က ဂျပန်လိုမျိုးကို သွားနေကြတာ ဖြစ်ပါတယ်။
အခုလို လူငယ်လူရွယ်နဲ့ ကျရာအလုပ်လုပ်နိုင်တဲ့ လူလတ်ပိုင်းတွေ ပြည်ပကို ထွက်ခွာသွားနေကြတာရဲ့ သက်ရောက်မှုက နယ်တွေမှာ စိုက်ပျိုးရေးအတွက် အလုပ်သမားငှားဖို့ ခက်ခဲလာတယ်လို့ ဆိုပါတယ်။ စပါးစိုက်ဖို့ ဖြစ်စေ ၊ ပဲနှုတ်ဖို့ဖြစ်စေ ၊ မြေပဲနှုတ်ဖို့ဖြစ်စေ အလုပ်သမားခေါ်ဖို့ ခက်ခဲလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်တွေက စိုက်ပျိုးရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်ခစား လုပ်သားအဖြစ်အလုပ်အကိုင်အခွင့်အလမ်းတွေကို ထိခိုက်စေပြီး ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်တဲ့ ဘက်ကိုသာ တိုးတက်များပြားလာတာတွေ့ရပါတယ်။ အရင့်အရင်က မွန်ပြည်နယ် တနင်္သာရီတိုင်း နဲ့ ကရင်ပြည်နယ်က လူငယ်နဲ့ လူလတ်ပိုင်းတွေ အများအပြား ထိုင်းနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ကြလို့ ရွာတွေမှာ အသက်ကြီးသူတွေနဲ့ အရွယ်မရောက်သေးတဲ့ သားသမီးတွေသာ ကျန်ရစ်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ အခု အခြားသော ပြည်နယ်နဲ့တိုင်းတွေ ဖြစ်တဲ့ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းတို့မှာပါ ဖြစ်လာနေပြီ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၊ မတည်ငြိမ်မှု၊ စီးပွားရေးအရ ပိတ်ဆို့ခံရမှုတွေက ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ကြီးကြီးမားမား ထိခိုက်စေတာကြောင့် မြန်မာနိုင်ငံသား သိန်းနဲ့ သန်းနဲ့ချီတိုင်းပြည်ကနေ ခေတ္တအားဖြင့် ထွက်ခွာကာ ရရာ အလုပ်လုပ်ကိုင်ကြရတဲ့အခြေအနေ ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ပြည်တွင်းက ကျန်ရစ်သူတွေ အနေနဲ့တော့ ပြည်ပက မိသားစုဝင်တွေ အလုပ်လုပ်ပြီး ပြန်ပို့ပေးမယ့် ဝင်ငွေတချို့ကို မှီခိုကာ အသက်ရှင်နေထိုင်ကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေကို ဘယ်သူမှ နှစ်သက်လိုလားကြတာတော့မဟုတ်လို့ မြန်မာနိုင်ငံ ဘယ်တော့ ပြန်လည် အေးချမ်းမလဲ, စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာပြီး ကိုယ့်နိုင်ငံထဲမှာ မိသားစုနဲ့ နီးနီးနားနား အလုပ်လုပ်နိုင်မလဲဆိုတာ မျှော်လင့် နေကြရတဲ့ ဘဝမျိုးလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်တိုက်ပွဲ လမ်းစဥ်ဖြစ်တာမို့လို့ ၁ နှစ် အတွင်း ၂ နှစ်အတွင်း အနိုင် အရှုံး အဆုံးအဖြတ်က ပေါ်ချင်မှပေါ်နိုင်မယ်ဆိုတာလည်း ဖြစ်နိုင်ခြေများတဲ့ မှန်းဆမှုတခု ဖြစ်ပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒစွဲကိုပဲ မျှော်လင့်တာမဟုတ်ဘဲ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတခုက မျှော်လင့်တာထက် နှစ်တွေပိုကြာနိုင်တဲ့ အချက်ဆိုတာလည်း မဖြစ်ချင်ပေမယ့် ပယ်ထားလို့မရတဲ့ အလားအလာတခုလည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar