နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ မြန်မာ့နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၉ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၁၀၊ ၂၀၂၂
နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ မြန်မာ့နိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ
နှစ်စဥ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ မှာတော့ လူ့အခွင့်အရေးက လူသားတွေရဲ့ အခြေခံ မွေးရာပါ အခွင့်အရေးဆိုတာကို သိရှိဖို့ ၊ အုပ်ချုပ်သူ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အင်အားကြီးသူတွေ အဖွဲ့အစည်းတွေ အနေနဲ့ လူသားတွေရဲ့ မွေးရာပါ အခြေခံ အခွင့်အရေးကို လေးစားလိုက်နာဖို့ ရည်ရွယ်ချက်နဲ့ သတ်မှတ်ထားပြီး ကျင်းပကြတဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။
ဒီလို အထိမ်းအမှတ်နေ့မှာ မြန်မာနိုင်ငံအနေနဲ့ ဝမ်းနည်းဘွယ်၊ စိတ်မချမ်းမြေ့ဘွယ်ကောင်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ နေ့စဥ်လိုလို နိုင်ငံအနှံ့အပြားမှာ မိနစ်တိုင်း ၊ နာရီတိုင်း၊ နေ့ရက်တိုင်း ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မတိုင်ခင်ကတည်းကလည်း ဖြစ်ပွားနေခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့ အဲဒီနေ့ရက် နောက်ပိုင်းမှာတော့ တရှိန်ထိုး မြင့်တက်လာသလို ပုံစံမျိုးစုံနဲ့ ချိုးဖောက်မှုတွေ ဖြစ်ပွားလာကြတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်ခင်က အခွင့်အရေးချိုးဖောက်ခံရမှုတွေမှာ လူနည်းစုတွေ ၊ လက်နက်ကိုင် ပဋိပက္ခ ဧရိယာက ဒေသခံတွေ၊ တည်ဆဲ ၂၀၀၈ အခြေခံဥပဒေ အရ ကန့်သတ်ထားမှုတွေ၊ တည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေတွေ နဲ့ ဥပဒေအနေနဲ့ ရေးသားအတည်ပြုထားတာမရှိသော်လည်း လက်တွေ့ကျင့်သုံးမှုတွေ ၊ ဆယ်စုနှစ်များစွာ ဆက်ခံကျင့်သုံးနေတဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ၊ ကျား မ ရေးရာဆိုင်ရာ ဓလေ့ထုံးထမ်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းအရင်းခံတွေ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အထက်က ဖော်ပြခဲ့တဲ့ အရာတွေအပြင် လက်နက်ကိုင် ပဋိပက္ခ၊ မြို့ပေါ် အာဏာဖီဆန်မှု၊ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမှုအပေါ် အကြမ်းဖက် ဖြိုခွင်းတာ၊ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာ၊ လက်နက်ကိုင် တိုက်ခိုက်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့ နိုင်ငံရေး ဆန့်ကျင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေ ပိုဆိုးဝါးလာပါတယ်။
ထိုကတဆင့် စစ်ကြောရေးမှာ အသက်ဆုံးရှုံးရမှုတွေ၊ အကျဥ်းထောင်ထဲ ဆန္ဒပြလို့ ရိုက်နှက်နှိပ်စက်ခံရပြီး အသက်ဆုံးရှုံးရမှုတွေ၊ လက်နက်ကိုင် အဖွဲ့တွေက သတင်းပေး၊ ဒေါက်တိုင်လို့ စွပ်စွဲကာ လက်နက်ကိုင် အဖွဲ့ဝင်မဟုတ်တဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ မိသားစုဝင်တွေ တဦးတယောက်က နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်ပတ်သက်ရုံနဲ့ ကျန်မိသားစုဝင်တွေကိုပါ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေက စလို့ အရပ်သားတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေက နေ့စဥ်လိုလို သတင်းတွေထဲ ပါရှိနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုမတိုင်ခင်ကတည်း လူနည်းစုအခွင့်အရေး နိုင်ငံသားအခွင့်အရေး ပိတ်ပင်ခံထားရပြီး ခရီးသွားခွင့်၊ နေထိုင်လိုတဲ့ နေရာမှာ နေခွင့်မရဘဲ ခွဲခြားကန့်သတ်ထားတဲ့ နေရာ ဒုက္ခသည်စခန်းတွေလိုမျိုးမှာ နှစ်ရှည်နေထိုင်စေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာလိုကိစ္စရပ်တွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေပဲ ဖြစ်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုလို့ နိုင်ငံတကာက သတ်မှတ်ခံရတဲ့ ၂၀၁၇ အဖြစ်အပျက်က အခုချိန်ထိ နိုင်ငံတကာတရားရုံးမှာ ကြားနာစစ်ဆေးဆဲလည်း ဖြစ်ပါတယ်။
တိုင်းရင်းသား ဧရိယာတွေ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း နဲ့ မကွေးတိုင်းတို့ မှာလည်း နေ့စဥ်နဲ့အမျှ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေကြရသလို လက်နက်ကိုင် အဖွဲ့ဝင်ဖြစ်တယ်၊ အားပေးတယ် သို့မဟုတ် ထောက်ပံ့တယ်ဆိုတဲ့ သံသယနဲ့ စွပ်စွဲခံရကာ နှိပ်စက်သတ်ဖြတ်ခံရမှုတွေလည်း နေ့စဥ်လိုလို ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
သတင်းတွေထဲ သတ်ဖြတ်မှုတွေ နှိပ်စက်မှုတွေ ဖမ်းဆီးမှုတွေက အားလုံးကို ဖော်ပြဖို့ မတတ်စွမ်းသာလောက်အောင် နေရာအနှံ့ ၊ အချိန်နဲ့အမျှ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ရတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဘက် ၂ဘက်လုံးက ကျူးလွန်မှုတွေကို မှတ်တမ်းတင်ဖို့ ခက်ခဲတဲ့အနေအထားတွေ ဖြစ်လာနေတာလည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ လက်တွေ့ ပြဿနာတရပ်ဖြစ်ပါလိမ့်မယ်။
လက်နက်ကိုင် အဖွဲ့အစည်းတိုင်းကလိုလို အရပ်သားတွေအပေါ် ခြိမ်းခြောက်တာ ဖမ်းဆီးတာ သို့မဟုတ် လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် ဖြေရှင်းကြတာတွေ ကျူးလွန်ကြပြီး အရေအတွက် များပြားတာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းနဲ့ အရေအတွက်နည်းပါးတာတို့ ကွာခြားတာပဲ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လက်နက်မဲ့တဲ့ အရပ်သားတွေအပေါ် ကျင့်သုံးရမယ့် နိုင်ငံတကာ ဥပဒေ ကျင့်ဝတ်စံနှုန်းတွေကို အများစုက ပစ်ပယ်ထားကြတာလည်း ဖြစ်ပါတယ်။
တဖက်လက်နက်ကိုင်အဖွဲ့က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဲဒီအဖွဲ့နဲ့ ဆန့်ကျင်ဘက် လူ့အခွင့်အရေးချိုးဖောက်မှုစောင့်ကြည့်ရေးအဖွဲ့တွေက မှတ်တမ်းတင်ပေမယ့် မိမိတို့ လိုလားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ မှတ်တမ်းမတင်လိုကြဘဲ ထိမ်ချန်လိုက်ကြတာမျိုးလည်း ရှိပါတယ်။
အခုလို အချိန်မှာ သတင်းအဖြစ် ပေါ်ထွက်လာတဲ့ ဖြစ်ရပ်တွေသာ လူအများက သိရှိနိုင်ပြီး သတင်းအဖြစ် မသိရှိကြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ခံစားရသူတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့တွေ အင်အားကြီးတဲ့ အုပ်ချုပ်မှု ယန္တရားတွေအောက်မှာ ထုတ်ဖော်မပြောဆိုရဲကြတာလည်း ဖြစ်ပါတယ်။ တနေ့ တချိန်မှာ မတရား သတ်ဖြတ်ခံရမှုတွေအတွက် တရားမျှတမှု တောင်းဆိုလာတာမျိုးတွေလည်း ရှိနိုင်သေးတာ ဖြစ်ပါတယ်။
ခြုံပြောရရင်တော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မိမိတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတိုင်းကို ထုတ်ပြောတောင်းဆိုနိုင်တဲ့ အနေအထားမဟုတ်တာက ဝမ်းနည်းစိတ်မကောင်းစရာ အနေအထားဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar