Breaking News

အောင်ဝေး - မောင်မှိုင်းလွင်(အင်းဝ)သို့တမ်းချင်း(သို့မဟုတ်)၇၆ ခုနှစ်ရဲ့ကဗျာ

Photo - Crd
မောင်မှိုင်းလွင်(အင်းဝ)သို့တမ်းချင်း(သို့မဟုတ်)၇၆ ခုနှစ်ရဲ့ကဗျ
အောင်ဝေး
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၂၂

တိုင်းပြည်ကရိုင်းတော့
ပိတောက်ပန်းတောင်
မုန်တိုင်းနဲ့မှပွင့်ရတယ်ကိုတင်အေးကြူ။
ခင်ဗျားသွားပါ
ခင်ဗျားသွားပါတော့
ဒဏ်ရာရထား
နှလုံးသားနဲ့
အနားယူပါတော့။
၁၉၇၈
ဗန်းမော်တင်အောင်အုတ်ဂူမှာ
လူပြန်စုခဲ့ကြတဲ့
၁၉၇၆ မတ်လရဲ့ပန်းပွင့်တွေ။
တစ်ပွင့်ကြွေ
နှစ်ပွင့်ကြွေနဲ့
ကြွေတယ်ဆိုပေမဲ့
ဝေနေသလိုပါပဲဗျာ။
အစောဆုံးထွက်သွားသူဟာ
ရဲဘော်ဆလိုင်းတင်မောင်ဦးပါ။
သူရဲကောင်းဟာ
ကြိုးစင်ပေါ်မှာ
စစ်အာဏာရှင်တွေကို
တိုက်ပွဲခေါ်သွားတယ်။
မောင်မှိုင်းလွင်(အင်းဝ)
ဝင်းမင်းထွေး(အမရပူရ)
ဘုန်းနွယ်လင်း(စက်မှုတက္ကသိုလ်)
နေဝင်းရေဒီယိုက
ညချင်းကြေညာတဲ့
ကျောင်းသားဆိုးသုံးယောက်ပေါ့။
ဒီကျောင်းသားဆိုးတွေပဲ
တော်လှန်ရေးကို
ဦးဆောင်ခဲ့ကြတာမဟုတ်လား။
၇၄- ၇၅- ၇၆
ကျနော်တို့မျိုးဆက်ဟာ
ထိုးထွက်ခဲ့တဲ့မျိုးဆက်ပေါ့။
ထိုးထွက်လို့
(တိုးတက်လို့)
ရန်သူရဲ့လက်ထဲမှာ
ဘဝတွေကျိုးပျက်ခဲ့ရတဲ့
ညတွေလည်းရှိ။
လက်နက်ကိုင်တော်လှန်ရေး
သံပြိုင်တေးနဲ့
နီစွေးခဲ့ရတဲ့နေ့တွေလည်းရှိ။
စစ်ကြောရေးစခန်းနဲ့
နရသိန်ဆိုတာ
ကျနော်တို့မျိုးဆက်အတွက်
အိမ်ဦးနဲ့ကြမ်းပြင်ပါပဲ။
ကိုတင်အေးကြူ
ခင်ဗျားလည်း
တစ်နေ့မှာ တူဖြစ်လာရမယ်
ယုံကြည်ချက်နဲ့
အိပ်မက်ဆက်ခဲ့တာပဲမဟုတ်လား။
"ငါတို့ဟာ
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်းလုပ်ရမယ်"
(ဘူလ်ဂေးရီးယားအလုပ်သမားခေါင်းဆောင်)
ဂျော်ဂျီဒီမီထရော့ဗ်ရဲ့စကား
ကျနော်တို့ရဲ့တရားပေါ့။
မှိုင်းရာပြည့်ပွဲဆိုတာ
နေဝင်းကိုစိန်ခေါ်ရဲတဲ့
ခွပ်ဒေါင်းတွေရဲ့တိုက်ပွဲပေါ့။
အကျဥ်းထောင်တွေထဲမှာ
ကျနော်တို့ဟာ
မှိုင်းရာပြည့်ဆိုတဲ့ဂုဏ်ပုဒ်နဲ့
နိုင်ငံရေးသိက္ခာပုဒ်တွေ
လိုက်နာစောင့်ထိန်းခဲ့သူတွေပါကိုတင်အေးကြူ။
(တချို့က
သူတို့ရဲ့ကလောင်နာမည်မှာတောင်
မှိုင်းရာပြည့်ပါအောင်မှည့်ကြတယ်လေ)
မှိုင်းရာပြည့်အရေးအခင်းပြီးတော့
၁၂ နှစ်အကြာ
ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတယ်။
မြစ်ဆိုတာ
စပြီးစီးမိပြီဆိုတာနဲ့
ရပ်လို့မရတော့ဘူး။
ဆုံးခန်းတိုင်
ပင်လယ်အိပ်တန်းရောက်အောင်
မရပ်မနားစီးဆင်းရတော့တာပဲ။
မှိုင်းကစတဲ့ရေစီး
(တကယ်က ဆဲဗင်းဂျူလိုင်ကစတဲ့ရေစီး)
ရှစ်လေးလုံးခရီးမှာလည်း
ဆက်စီးဆင်းခဲ့တာပဲ။
စစ်အာဏာရှင်စနစ်ရဲ့
ကမ်းပါးတွေကိုတိုက်စားပြီး
မှိုင်းမြစ်က
ဆက်စီးဆင်းခဲ့တာပဲ။
ခင်ဗျားမနားခဲ့ဘူးကိုတင်အေးကြူ
ကျနော်တို့လည်း
မနားခဲ့ကြဘူး။
ကျနော်တို့ဟာ
ဒဂုန်တာရာရဲ့
အင်အားတက်ကြွ
တိုးတက်လှတဲ့
ပင်မရေစီးမြစ်တွေပဲ။
တံတားအောက်မှာ
မြစ်ရေတွေစီးဆင်းသွားခဲ့ကြပြီ။
ကျနော်တို့ခေတ်က
နွေဦးသစ်မှာ
စစ်နဲ့တော်လှန်ရေးကို
စီးဆင်းလှိုင်းထန်ရပြန်ပြီကော။
ထစ်ချုန်းမိုးတွေ
ခေတ်ဆိုးထဲမှာ
တအုန်းအုန်းမစဲတော့ဘူးကိုတင်အေးကြူ။
ဒဏ်ရာရထား
နှလုံးသားတွေဟာ
ပင်ပန်းလှပါပြီ။
နွေဦးတော်လှန်ရေးမှာ
အရင်ဆုံး
ကိုဘုန်းနွယ်လင်းထွက်ခွာသွားတယ်။
အခု
ခင်ဗျား
မှိုင်းရာပြည့်ကိုထားသွားပြန်ပြီ။
ရဲဘော်ဝင်းမင်းထွေးရေ
အမရပူရရေ
အလေးပြုအပ်တဲ့ကဗျာဆရာတစ်ယောက်ကို
နောက်ဆုံးနှုတ်ဆက်ပါတော့။
မမှောင်သေးခင်
တောင်ကုန်းကလေးပေါ်ကို
မျှော်ကြည့်လိုက်ပါ။
အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု
"မနတ"ဆိုတဲ့အလံ
မြင်လိမ့်မယ်။
မောင်မှိုင်းလွင်(အင်းဝ)ဆိုတာ
ကဗျာရဲ့နိုင်ငံရေးကို
ခွပ်ဒေါင်းသွေးနဲ့
တေးဆိုခဲ့သူပေါ့။
နိုင်ငံရေးနဲ့ကဗျာဟာ
ခွဲခြားလို့မရတဲ့
တိုင်းပြည်မှာ
မုန်တိုင်းတွေထန်လွန်းလှတယ်ကိုတင်အေးကြူ။
ခေတ်ကရိုင်းတော့
ပိတောက်ပန်းတောင်
မုန်တိုင်းနဲ့မှပွင့်ရတဲ့တိုင်းပြည်ပါကိုတင်အေးကြူ။
ခင်ဗျားသွားပါ
ခင်ဗျားသွားပါတော့
ဒဏ်ရရထား
နှလုံးသားရေ
အနားယူပါတော့။
ကိုဘုန်းနွယ်လင်းရေ
ဂုဏ်ပြုအပ်တဲ့ရဲဘော်တစ်ယောက်ကို
ဆီးကြိုပါတော့။ ။
အောင်ဝေး
(ဒီဇင်ဘာ ၂၀၊ ၂၀၂၂)
 -
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar