သီအိုဇော် - ၂၀၂၃
သီအိုဇော် - ၂၀၂၃
(မိုးမခ) ဒီဇင်ဘာ ၃၀ ၊ ၂၀၂၂
ဒီကာလမှာက
အစဉ်အလာအရသာ
‘မင်္ဂလာ‘ကြရတာပါ။
အခုလည်း
တနှစ်ကူးပြီးသွားတော့
‘ဟက်ပီးနယူးရီးယား’ပေါ့
နှစ်သစ်ကူးစီးကြောင်းထဲ
ယဥ်ကျေးမှုအရ မျောပါနှုတ်ဆက်
ရုတ်တရက် ကြည့်ရင်တော့
အပျော်တွေ ကူးစက်နေသလိုလို။
တကယ်တမ်းက
ကျန်ရစ်တဲ့နှစ်ထဲ
ချန်ရစ်ခဲ့ရသူ
ပြန်ရစ်မရတဲ့ဘဝ
ပြာဖြစ်ခဲ့ရတဲ့ရွာ
ငိုသံတွေဆူညံတဲ့ကျောင်း
ပြန်မဆက်တော့တဲ့ခြေလက်
အမြင်မဲ့သောမျက်စိ
စွင့်လည်းမကြားတဲ့နား
ကစဉ့်ကလျား ဖြစ်သွားတဲ့စိတ်
ဟိုး……တံတားထိပ်က ဖိနပ်လေးများ
အရာအားလုံး
ထပ်တူစွာခံစားပြီး
ခက်ခဲစွာ’ဟက်ပီးနယူးရီးယား’တာပါ။
ကဲ……ဘာပဲဖြစ်ဖြစ်
၂၀၂၃
အရေးအကြီးဆုံးနှစ်မှာ
‘တော်လှန်ရေး’
ပြန်ပေးဆွဲမခံရဖို့လိုသလို
ကိုယ့်တပ်ကိုယ်နင်း
ကိုယ့်ဂိုးကိုယ်မသွင်းမိကြဖို့
ဆင်ခြင်သတိ အထူးရှိရမယ့်နှစ်။
၂၀၂၃
အဆုံးအဖြတ်နှစ်အတွက်
စိတ်ချင်းဆက်
လက်ချင်းချိတ်လို့
‘အောင်စိတ်’စွဲကိုင်ထားကြရင်း
လေးယောက်နဲ့တပိုင်း ‘ဒိုးပတ်ဝိုင်း’တောင်
‘လေးပတ်’မမြဲရှာပါလားဆိုတဲ့
အထေ့အငေါ့စကား
အတိတ်မှာထားရစ်ခဲ့ဖို့ ကြိုးစားကြရမယ့်နှစ်။
၂၀၂၃
စည်းလုံးကြဖို့လိုအပ်သလို
စည်းကမ်းလည်းရှိရမယ့်ကာလ
‘သာ့ဒ်’ပါတီပဲဆိုဆို
‘တတ်’ပါတီလို့ပဲ တံဆိပ်ကပ်ကပ်
မုန်တိုင်းကြားထဲ
အသည်းအသန်ကူးဖြတ်နေရတဲ့လှေ
မလူးလွန့် မတိမ်းမှောက်စေဖို့
ခလောက်ဆန်ဇာတ်ရှုပ်မျိုး ဖြစ်မရတဲ့အတွက်
အတ္တကိုနောက်ပြန်ကြိုးတုပ်ပစ်ရမယ့်နှစ်။
၂၀၂၃
‘ဒရာမာ’တွေမဆုံးသေးတဲ့နှစ်
‘အခါတော်ပေး’များရဲ့
ဆင်ခြင်တုံတရား
အမှားအမှန်ခွဲခြားနိုင်စွမ်း
နိုင်ငံရေးပါးနပ်မှု
ဥာဏ်ရည်ဥာဏ်သွေး
ပြည်သူကစစ်ဆေးမှာဖြစ်သလို
’စေတနာတပဲ အဆိပ်တပိဿာ’ ပြောဇာတ်မျိုးနဲ့
အတောမသတ် ဘောင်ဘင်ခတ်ပြီး
မမောစတမ်း ‘ပတ်မကြီး’ဖေါက်
ကွေ့ကောက်လှည့်ပတ် ရှာကြံ ’ဖာ’ ’ရွှီး’
ပါးစပ်’စည်း’မထား
‘အာဖျံကွီး’များရဲ့
အတင်းတုပ် စာရင်းရှုပ်သမျှ
အရာမသွင်း သတင်းမလုပ်ကြရမယ့်နှစ်။
၂၀၂၃
အဆုံးသတ်တိုက်ပွဲအတွက်
မြစ်လက်တက်ပေါင်းစုံ စုစည်းပြီး
မြစ်ကြီးတစင်းအဖြစ်
အရှိန်အဟုန်ပြင်းပြင်း
အားကောင်းမောင်းသန် စီးဆင်းကြသလိုမျိုး
နှစ်စမှသည် နှစ်အဆုံးဆီအထိ
တသံတည်းညီ
တချီတည်းရုန်း
တမိုးလုံးခြိမ်း
တနေ့လုံးရွာ
တညလုံးသည်း
တပြည်လုံးရွှဲ
တသွေးတည်းဖြစ်ပြီး
မော်ကွန်းကမ္ဗည်း စိုက်ထားရစ်ခဲ့
‘တရားတဲ့ဘက်ကနိုင်စတမ်း’ ဆိုတဲ့
အောင်ပွဲလက်တကမ်းရောက်တဲ့နှစ်။
သီအိုဇော်