Breaking News

နှစ်မကုန်ခင် မြန်မြန်ဆန်ဆန် ပြစ်ဒဏ်ချနေတဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ၊ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံ


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၂၉ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၂၂


နှစ်မကုန်ခင် မြန်မြန်ဆန်ဆန် ပြစ်ဒဏ်ချနေတဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားများ၊ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံ

ပြက္ခဒိန် နှစ်တနှစ်မကုန်ခင်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ အမှုရင်ဆိုင်နေရတဲ့ သူတွေကို တက်သုတ်ရိုက်ကာ ပြစ်ဒဏ်တွေ ချမှတ်နေတာ တွေ့ရပါတယ်။ အမှုရင်ဆိုင်နေရဆဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် တို့ကစလို့ အောက်ခြေက PDF  လို့ စွပ်စွဲကာ အကြမ်းဖက်မှုပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေ အလယ်၊ သတင်းသမားတွေ အဆုံး၊ အချိန်ကြာမြင့်လာတဲ့အမှုတွေကို ဒီဇင်ဘာ မကုန်ခင်မှာ အများစုကို ဖြတ်ဖို့လုပ်နေတာ ထင်ရှားစွာတွေ့နေရပါတယ်။ ရန်ကုန်မှာ၊ မန္တလေးမှာ နေပြည်တော်မှာ အမှုရုံးချိန်းတွေကို ခုပြက္ခဒိန်နှစ်ထဲ ဆက်တိုက်ဆိုသလို ချိန်းဆိုပြီး စီရင်ချက်ချနေတာ ဖြစ်ပါတယ်။ 

အချို့က အခုလို ပြစ်ဒဏ်ချနေတာဟာ လာမယ့် လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းခွင့်ပေးချင်တာကြောင့်လားဆိုတဲ့ မှန်းဆချက် ထွက်ပေါ်နေတာ ကြားသိနေရပါတယ်။ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းခွင့်ပေးမလား၊ ပေးခဲ့ရင်တောင် နိုင်ငံရေး အကျဥ်းသားတွေ ပါဝင်နိုင်မလားဆိုတာ သံသယဝင်စရာ ရှိပါတယ်။ ပြီးခဲ့တဲ့ အမျိုးသားနေ့က စစ်ကောင်စီ ကြေညာခဲ့တဲ့ လွတ်ငြိမ်းခွင့်ပေးသူ အရေအတွက် ၆ ထောင်ဝန်းကျင်မှာ နိုင်ငံရေးနဲ့ ဆက်နွှယ်သူ ရာဂဏန်းမျှသာ ပါခဲ့သလို အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မနဲ့ စွဲဆိုပြစ်ဒဏ်ချခံရသူတွေ လုံးဝမပါဝင်ခဲ့ပါဘူး။ အဆိုပါရာဂဏန်း အရေအတွက်ထဲမှာလည်း လွတ်ဖို့ ရက်ပိုင်းနဲ့ ၆ လထက် လျော့နည်းသူတွေနဲ့ အချို့က အသနားခံစာ တင်ပြီး လွတ်မြောက်သူတွေ ဖြစ်တာတွေ့ရတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဖိအားကို လျော့အောင် လုပ်ခြင်းဟုတ်၊ မဟုတ် ဆိုတာထက် ရာဇဝတ်မှုတွေ တိုးမြင့်လာနေတဲ့အလျောက် ရာဇဝတ်မှုနဲ့ ဖမ်းခံရသူတွေအကျဥ်းထောင်ထဲ များသထက် များလာနေတာ ဖြစ်ပါတယ်။ တဖက်မှာလည်း နိုင်ငံရေး ရည်ရွယ်ချက်ကြောင့် စစ်ကောင်စီဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုတွေကို မြို့တွေမှာ ရတဲ့အခွင့်အရေး ကြားက လုပ်ဆောင်တဲ့ လူငယ်တွေ၊ မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ ဒလန် ဆိုသူတွေကို လုပ်ကြံသတ်ဖြတ်မှု နဲ့ ဗုံးခွဲမှုတွေနဲ့ စွဲဆို ပြစ်ဒဏ်ချခံရသူ၊ စီဒီအမ် လုပ်ထားတဲ့ ကျန်းမာရေး၊ ပညာရေး ဝန်ထမ်းတွေက အကျဥ်းထောင်တွေထဲ ဘယ်ခေတ်ကာလနဲ့မှ နှိုင်းယှဥ်လို့မရအောင် များပြားနေတာ ဖြစ်ပါတယ်။ 

အကျဥ်းထောင်တွေတိုင်းနီးပါး နိုင်ငံရေးမှုနဲ့ ဖမ်းဆီးခံထားရသူတွေက အကျဥ်းထောင်ရဲ့ လက်ခံနိုင်အားကို ကျော်လွန်နေပြီး မြို့ပေါ်လှုပ်ရှားမှုများတဲ့ ရန်ကုန်၊ မန္တလေး တို့လိုက အကျဥ်းသားတွေကို မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်က သာယာဝတီထောင်၊ မြင်းခြံထောင်တို့လို နဲ့ မွန်ပြည်နယ်မှာ ဆိုရင် အသစ်ဆောက်လုပ်ထားတဲ့ ကျိုက်မရော အကျဥ်းထောင်ဆီကို ကရင်ပြည်နယ်က ပြစ်ဒဏ်ချခံရသူတွေကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့်အခု ရက်ပိုင်းအတွင်း တက်သုတ်ရိုက် ပြစ်ဒဏ်ချမှတ်မှုတွေဟာ လွတ်ငြိမ်းခွင့်ပေးဖို့ ရည်ရွယ် ချမှတ်တယ်လို့တော့ ယူဆဖို့ ခက်ခဲတယ်လို့ ထင်မြင်မိပါတယ်။ 

ဒီနေ့အဖို့ အခြားစိတ်ဝင်စားစရာ သတင်းတပုဒ်ကတော့ တရုတ်နိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Deng Xijun ဟာ မြန်မာနိုင်ငံရဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နေပြည်တော်မှာ လာရောက်တွေ့ဆုံခဲ့ တဲ့သတင်းဖြစ်ပါတယ်။ မကြာသေးခင်က လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ချမှတ်အတည်ပြုခဲ့ခြင်း၊ အမေရိကန်ရဲ့ ကာကွယ်ရေး ဘတ်ဂျက်ဥပဒေထဲမှာ Burma Act လို့ခေါ်တဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတခုပါရှိခြင်းတွေက တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကိစ္စမှာ စစ်ကောင်စီနဲ့ သဘောထား အမြင်တွေ ဖလှယ်ဖို့ ညှိနှိုင်းဖို့ လို့ ခန့်မှန်းယူဆစရာ ရှိပါတယ်။ မြန်မာစစ်ကောင်စီက တရုတ်နိုင်ငံရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို သိရှိနားလည်ပေမယ့် သူတို့ အားကိုးတဲ့ အင်အားကြီးနိုင်ငံက လက်ရှိကမ္ဘာမှာ ဗီလိန်ဖြစ်နေတဲ့ ရုရှားဖြစ်နေတာပါ။ ယခင် ၈၈ ကနေ ၂၀၁၀ ထိ အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရ လက်ထက်က တရုတ်ကို အဓိကအားကိုးခဲ့ပြီး လက်နက်ဝယ်ယူရေး၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်အရေးမှာ အကာအကွယ် ပေးတဲ့နိုင်ငံတွေ မှာ တရုတ်နိုင်ငံက ရပ်တည်ပေးခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ၊ တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ဝယ်ယူရေး ပင်လယ်ထွက်ပေါက် စီမံကိန်း၊ မြစ်ဆုံစီမံကိန်းလိုမျိုးတွေမှာ မြန်မာနိုင်ငံက အနာခံကာ အပေးအယူလုပ်ခဲ့ရတဲ့ သဘောလည်းဖြစ်ပါတယ်။ 

ဦးသိန်းစိန် လက်ထက် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွေမှာ တပ်ချုပ်ဖြစ်ခဲ့တဲ့ မင်းအောင်လှိုင်အနေနဲ့ တပ်အချင်းချင်း ဆက်ဆံရေးတွေမှာ တရုတ်ထက်ကို တခြားသော ရွေးချယ်စရာ နိုင်ငံတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာ ထင်ရှားပါတယ်။ တရုတ်နဲ့ စစ်ရေး ဆိုင်ရာ အဆက်အသွယ် အားကိုးမှုတွေထက် ရုရှား၊ ပါကစ္စတန်တို့လိုမျိုးကိုပိုပြီး အားသန်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ရုရှားလိုပဲ စစ်အင်အားကြီး မားတဲ့နိုင်ငံတနိုင်ငံဖြစ်သလို စီးပွားရေးအင်အားမှာတော့ ရုရှားထက်ပိုကြီးမားတဲ့ နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အရှေ့အာရှမှာ သြဇာရှိတဲ့ အင်အားကြီးတဲ့နိုင်ငံဖြစ်တာကိုတော့ မေ့ထားလို့မရတာကိုလည်း စစ်ကောင်စီအနေနဲ့ သိရှိထားမှာ သေချာပါတယ်။ 

ဒါကြောင့် အခု တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်နဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံမှုက အမေရိကန်ရဲ့ အရှေ့တောင် အာရှရဲ့ လွှမ်းမိုးမှုကို တုံ့ပြန်ဖို့ တရုတ်နိုင်ငံရဲ့ မူဝါဒထဲက မြန်မာစစ်ခေါင်းဆောင်ကို အသိပေးချင်တဲ့ သဘောထား အမြင်တွေကို အသိပေးတာလို့ မှန်းဆကြည့်နိုင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar