စွပ်စွဲသတ်ဖြတ်ခံရမယ့် ဘေးဒုက္ခ၊ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခ၊ ရာဇဝတ်မှုတွေကို ကြောက်နေရသူတွေရဲ့ ဒုက္ခ နဲ့ စားဝတ်နေရေး ဒုက္ခ
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၂ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၁၃၊ ၂၀၂၂
စွပ်စွဲသတ်ဖြတ်ခံရမယ့် ဘေးဒုက္ခ၊ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခ၊ ရာဇဝတ်မှုတွေကို ကြောက်နေရသူတွေရဲ့ ဒုက္ခ နဲ့ စားဝတ်နေရေး ဒုက္ခ
စစ်အာဏာသိမ်းမှု ရဲ့ အကျိုးဆက် နိုင်ငံရေး စစ်ရေးတိုက်ပွဲ ပြင်းထန်လာခြင်းရဲ့ အကျိုးဆက်ရလဒ်တွေ ၊ အာဏာကို လက်မလွတ်အောင် ဆုပ်ကိုင်ထားမယ့် စစ်ကောင်စီခေါင်းဆောင်တွေရဲ့ သတ်ဖြတ်မှု၊ နေအိမ်မီးရှို့မှု၊ ဖမ်းဆီးမှုနဲ့ ဥပဒေမဲ့ စီရင်နေမှုတွေ နဲ့ မြို့တွေရွာတွေမှာ ပျက်ယွင်းလာနေတဲ့ တရားဥပဒေ စိုးမိုးမှု စောင့်ရှောက်မှုတွေ အောက်မှာ လုယက်ခံရမလား၊ လုယက်ဖို့ အတွက် သတ်ဖြတ်တိုက်ခိုက်ခံရမလား ဆိုတဲ့ စိုးရိမ်မှုတွေ အပြင် ဘာမှ ငွေကြေးကျောထောက်နောက်ခံမရှိ တနေ့လုပ်တနေ့စားရသူတွေ ၊ စိုက်ပျိုးရေး ကဏ္ဍမှာ လုပ်ခစားလက်ခစားလုပ်ရသူတွေ အဖို့မှာ အလုပ်အကိုင်ရဖို့ ဝင်ငွေရဖို့ မငတ်ဖို့ နေစရာ ရှိဖို့ စိုးရိမ်ပူပန်နေကြရတဲ့ ဒုက္ခတွေကလည်း ဘဝနဲ့ချီတဲ့ ဒုက္ခတွေ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေမှာ ပါဝင်တိုက်ခိုက်နေသူတွေအဖို့ကတော့ နိုင်ငံရေး ယုံကြည်ချက်အရ သို့မဟုတ် လခစား လက်နက်ကိုင် အဖွဲ့ဝင်တွေအဖို့ စားဝတ်နေရေးအတွက် စစ်တိုက်နေကြရတာ တဖက် လက်နက်ကိုင်က ကိုယ့်ကို ပစ်ခတ်တိုက်ခိုက်တာ မခံရအောင် ကိုယ်က အရင်လက်ဦးအောင် တိုက်ခိုက်ဖို့ အချိန်မရွေး သတိနဲ့ အနိုင်ယူဖို့ ကြိုးစားနေကြတာဖြစ်ပြီး ၄င်းတို့အနေနဲ့ သေဆုံးခြင်းက တိုက်ပွဲမှာ ထိခိုက် သေဆုံးဒဏ်ရာရခြင်း သို့မဟုတ် တဖက်ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရခြင်းတွေ ဖြစ်ပါလိမ့်မယ်။
အရပ်သားတွေ အနေနဲ့ကတော့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ခံတယ် ပံ့ပိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့ရဲ့ ဖမ်းဆီးခံရတာမျိုး သတ်ဖြတ်ခံရတာမျိုးတွေ ကြုံရနိုင်ခြေရှိတာကို နေ့စဥ်နဲ့အမျှ သတိထား နေထိုင်ကြရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။
PDF တပ်ဖွဲ့တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ကျေးရွာတွေက အရပ်သားတွေ လူငယ်၊ လူလတ် ၊ လူကြီးပိုင်းမချန် စွပ်စွဲ သတ်ဖြတ်တာ သံသယနဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီ တပ်ဝင်လာပြီဆိုတာနဲ့ မိမိနေအိမ်က ပစ္စည်းပစ္စယတောင် မယူနိုင်ပဲ အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရတာ မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခ ဧရိယာမှာ နေထိုင်ကြသူတွေရဲ့ ဘဝလို ဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင် ဘယ်လောက်တိုးလာတယ် ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းမြောက် ၊ ကရင်ပြည်နယ် ၊ တနင်္သာရီတိုင်းတို့မှာ စစ်ဘေးရှောင် အရေအတွက်တွေ နေ့စဥ်နဲ့ အမျှ သတင်းတွေထဲ ပါရှိနေတာပါ။ သတင်းတွေက မကြာခဏ နေ့စဥ်နီးပါး ဖတ်ရှုနေကြရတာမို့ မထူးဆန်းတဲ့ အရေအတွက်ပြောင်းလဲသွားတဲ့ သတင်းတွေသဖွယ် ဖြစ်လာနေပြီး တကယ်တန်းတော့ အဲဒီ ရာဂဏန်း ထောင်ဂဏန်းမျှသော သတင်းအဖြစ်အပျက်ထဲက တဦးချင်း မိသားစု တစုချင်းတွေရဲ့ ခံစားမှုတွေကို တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ထိ နာကျင်ရတဲ့ ဘဝတွေ ပြန်အစားထိုးမရ တဲ့ မိမိတို့ချစ်ခင်ရသူ အားကိုးရသူ မိသားစုဝင်တွေ ရဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။ သတင်းတွေထဲ နေ့စဥ် ပါနေကျမို့လို့ ခံစားမှုထက် အရေအတွက်တွေကိုပဲ ကြည့်ပြီး နည်းတယ် များတယ်လို့ ကောက်ချက်ချနေကြပေမယ့် လက်တွေ့မှာ အပြစ်မရှိတဲ့ မိသားစု တစု၊ လူတယောက် စွပ်စွဲသတ်ဖြတ်ခံရ၊ နေအိမ်မီးရှို့ခံရတဲ့ဖြစ်ရပ်တခုသည်ပင်လျင် တရားမျှတမှု တောင်းဆိုဖို့ လုံလောက်နေပြီဖြစ်ပါတယ်။
ဒီလို လက်နက်ကိုင် တိုက်ပွဲ ၊ ခုခံတိုက်ခိုက်ကြတဲ့ PDF တွေ လှုပ်ရှားတဲ့ ဧရိယာတွေက သတ်ဖြတ်မှု မီးရှို့မှု လုယက်မှုတွေ နဲ့ နှိုင်းယှဥ်ရင် တော်သေးတယ်ဆိုပေမယ့်လည်း မြို့တွေရွာတွေမှာ လုယက်သတ်ဖြတ်မှုတွေ ၊ ခိုးမှု ဖောက်ထွင်းမှု၊ သံသယနဲ့ ပစ်ခတ်ဖမ်းဆီး ခံရတဲ့ အဖြစ်တွေကလည်း မြို့ကြီးတွေနဲ့ မြို့ငယ်တွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာ ဖြစ်ပွားတဲ့ ဓါးပြတိုက်မှု သတင်းတွေ၊ ဆိုင်ကယ်နဲ့ ဖုန်းလိုချင်လို့ လူသတ်ပြီး ပစ်ထားခဲ့တဲ့ အဖြစ်အပျက်တွေ၊ ပစ္စည်းလိုချင်လို့ နေအိမ်ထဲကို ဝင်ရောက်ကာ အသက်အရွယ်ကြီးရင့်သူ လင်မယား ၂ ဦးစလုံး သတ်ဖြတ်ကာ ပစ္စည်းယူသွားတဲ့ အဖြစ်အပျက်တွေက အစ ၊ ကုန်ကားတွေကို ရန်ကုန်မြို့အဝင်မှာ ဓါးပြတိုက် ပစ္စည်းယူတဲ့ အဖြစ်အပျက်အထိ အမျိုးအစားစုံတဲ့ ရာဇဝတ်မှုတွေ နေ့စဥ်ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
မြို့တွေမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေး အာဏာတည်မြဲဖို့ နိုင်ငံရေးအရ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုသာ စောင့်ကြည့် နှိမ်နှင်းပြီး ရာဇဝတ်မှုတွေကို လျစ်လျူရှုထားတယ်လို့ အများက ယူဆကြသလို ရာဇဝတ်မှု ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ထားသူတွေကိုလည်း တမင်တကာများ မကြာခဏ လွတ်ငြိမ်းခွင့်ပေးနေတယ်လို့ ယူဆရလောက်အောင် အကြာဆုံး ၆ လ ၈ လတခါလောက် ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျသူတွေကို လွတ်ငြိမ်းခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေးမြို့တွေမှာ လုယက်မှု ဖောက်ထွင်းခိုးယူမှု ၊ ပြောင်ပြောင်တင်းတင်း ဓါးပြတိုက်မှု ဖြစ်ပွားနေချိန်မှာပဲ စားဝတ်နေရေးအတွက် အလုပ်အကိုင် ရရှိဖို့ ခက်ခဲလာ ဝင်ငွေကျဆင်းလာပြီး ကုန်စျေးနှုန်းက မြင့်တက်လာနေတဲ့ ဒဏ်ကို ခံစားနေကြရတဲ့ လက်လုပ်လက်စားတွေ ရဲ့ ဒုက္ခကလည်း ရှင်ကျန်သူရဲ့ ဒုက္ခလို့ တင်စားရလောက်အောင် အသက်ရှင်သန်နေပေမယ့် စားဝတ်နေရေးအတွက် နစ်မြုပ်လုမတတ် ကုန်စျေးနှုန်းမြင့်တက်မှုအကြား ကူးခတ်နေကြရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းတာ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာတာတွေ ရဲ့ သက်ရောက်မှုကြောင့် စက်ရုံအလုပ်ရုံ အလုပ်သမားတွေရဲ့ ဝင်ငွေက တရက်အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကနေ တိုးမရရှိကြတဲ့ အနေအထားဖြစ်ပါတယ်။ စစ်အာဏာမသိမ်းမီက ၁၅၀၀ ကျပ် တဒေါ်လာလောက်ရှိခဲ့ရာက ခုအခါ ၂၉၀၀ ကျပ်ဝန်းကျင် ရောက်သွားတာကြောင့် ငွေဖောင်းပွမှုက ၂ ဆ ဖြစ်ပေမယ့် အလုပ်သမား အခြေခံလုပ်ခလစာက မြင့်တက်မလာတာ တွေ့ရပါမယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး တောင်းဆိုမှမှုတွေကိုလည်း နိုင်ငံရေး လှုပ်ရှားမှုနဲ့ တွဲလျှက် သတ်မှတ်ကာ အလုပ်သမားအရေး လှုပ်ရှားသူတွေ အဖမ်းခံရ၊ အလုပ်သမားသမဂ္ဂတွေ လိုင်စင်ပယ်ဖျက်ခံရတာကြောင့် အလုပ်သမားသမဂ္ဂတွေ တစတစ ကွယ်ပျောက်ကုန်ကြကာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေ အားနည်းခဲ့ရပြီး ရသလောက် လုပ်ခလစာနဲ့ လုပ်ကိုင်ကြရတဲ့ အခြေအနေမျိုးရော ပယ်ဖျက်ခံရတာကြောင့် အလုပ်သမားသမဂ္ဂတွေ တစတစ ကွယ်ပျောက်ကုန်ကြကာ အလုပ်သမား အခွင့်အရေး တောင်းဆိုမှုတွေ အားနည်းခဲ့ရပြီး ရသလောက် လုပ်ခလစာနဲ့ လုပ်ကိုင်ကြရတဲ့ အခြေအနေမျိုး ရောက်ကုန်တာဖြစ်ပါတယ်။
ခြုံပြောရရင် နေ့စဥ် သတင်းတွေ အဖြစ်အပျက်တွေဟာ လူထုတွေ ကြုံတွေ့ရတဲ့ ဒုက္ခပေါင်းစုံကို စုစည်းထားတဲ့ အဖြစ်အပျက်တွေသဖွယ် ဖြစ်လာနေပြီး အဲဒီဒုက္ခတွေက လွတ်မြောက်ဖို့ မျှော်လင့်ချက်က လောလောဆယ်မှာ မှေးမှိန်နေဆဲဖြစ်တယ်လို့သာ ဆိုရမယ့်သဘော ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar