ကိုသန်းလွင် - ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး ကျန်ဇီမင်း (၁၉၂၆ - ၂၀၂၂)
ကိုသန်းလွင် - ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကြီး ကျန်ဇီမင်း (၁၉၂၆ - ၂၀၂၂)
(မိုးမခ) ဒီဇင်ဘာ ၁၀ ၊ ၂၀၂၂
( ၁ )
တရုတ်ပြည် ရှန်ဟိုင်းမြို့ ကွန်မြူနစ်ပါတီ၏ခေါင်းဆောင် ကျန်ဇီမင်း (Jiang Zemin) သည် ၁၉၈၉ ခုနှစ် တင်ယန်မင် ရင်ပြင်အရေးအခင်းနောက်ပိုင်း တရုတ်နိုင်ငံတော်ကို အုပ်ချုပ်ရန် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရပါသည်။ တရုတ်ပြည်၏ စီးပွားရေးသည် နောင် ၁၀ နှစ်အတွင်း မကြုံဖူးလောက်အောင် တိုးတက်ခဲ့ရာ ထိုစီးပွားရေးကို ထိန်းသိမ်းလမ်းကြောင်းပေးခဲ့ရပါသည်။ သူသည် ဗုဒ္ဓနေ့က ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန် တွင် အသက် ၉၆ နှစ်ရှိပါပြီ။
တရုတ်ကွန်မြူနစ်ပါတီ၏ ပြောခွင့်ရ အစိုးရ မီဒီယာများမှ ကြေညာရာတွင် သူသည် လူကေးမီးယား ရောဂါနှင့် အခြားကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်းသဖြင့် ကွယ်လွန်သွားရသည်ဟု ဆိုပါသည်။ သူ သေဆုံးချိန်မှာ တရုတ်ပြည်တွင် အရေးကြီးဆုံးအချိန်များ ဖြစ်ကြပြီး အုပ်ချုပ်သော အစိုးရသည် ပင်ဒဲမစ် ထိန်းချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ အများက ဆန့်ကျင်နေကြချိန်ဖြစ်ရာ အစိုးရအဖို့ တင်ယန်မင် ရင်ပြင် အရေးအခင်း ပြီးချိန်မှ စ၍ ပထမဆုံးအကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပါသည်။
( ၂ )
မစ္စတာကျန် သည် ၁၉၉၃ ခုနှစ်ကစပြီး ၁၀ နှစ် တာကာလမျှ အုပ်ချုပ်ပြီးနောက် စကားကို အန္တရာယ် မရှိစေဘဲ ပြောသည့်အပြင် ယခင်ခေါင်းဆောင်များနှင့်မတူ မိမိ၏ ကိုယ်ပိုင်ဟန်ဖြင့် အုပ်ချုပ်ခဲ့ခြင်း ဖြစ်ပါသည်။ စကားနည်းပြီး မရယ် မပြုံးသော အခြားခေါင်းဆောင်များနှင့် မတူပါ။ သူသည် အမေရိကန်သမ္မတ လင်ကွန်းကို ရည်ညွှန်းပြောဆိုတတ်သည့်အပြင် ဟောလိဝုဒ် ရုပ်ရုင်များကိုလည်း ကြိုက်နှစ်သက်သည်။
တရုတ်အများအပြားက သူ့ကို အပြစ်ကင်းသည့် ပန်းအိုး (Flower Pot) အဖြစ်တင်စားခဲ့ကြပြီး အချိန်အခါနှင့် မလျော်ညီသည့် စကားများကြောင့် ရယ်သွမ်းသွေးခဲ့ကြသည်။ ငယ်ရွယ်သူများက သူ့ကို “ဖားပြုတ်” နှင့် နှိုင်းယှဉ်ခေါ်ခဲ့ကြပြီး သူ ရုတ်တရက် နာမည်ကြီး၍ တနိုင်ငံလုံးက လေးစားရသည့် ခေါင်းဆောင်ဖြစ်လာ ခြင်းကို အံ့သြနေကြပါသည်။ သူသည် ၁၃ နှစ်ကြာ ထိပ်ပိုင်းနိုင်ငံရေးလောကတွင် ကျက်စားခဲ့ပြီး အတိုက်ခံ များကို တဦးပြီးတဦး ဖယ်ရှားနိုင်ခဲ့သည်။
မစ္စတာကျန်၏ ဦးဆောင်မှုဖြင့် မစ္စတာတိန်ရှောင်ဖိန့်က စခဲ့သော စီးပွားရေးပြုပြင်မှုသည် သူ၏ အအောင်မြင်ဆုံး ပရောဂျက်ဖြစ်ခဲ့ပြီး နိုင်ငံတော်အာဏာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခဲ့သည့်အပြင် အနားယူပြီးသည့် ကာလအတော်ကြာသည့်အချိန်အထိ သူ၏သြဇာမှာ မှေးမှိန်မသွားခဲ့ပါ။ ယခုလက်ရှိ သမ္မတ ရှီကျင်းပင်ကို ရွေးချယ်ရာတွင် ကန့်လန့်ကာ နောက်ကွယ်မှ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့ပါသည်။ သူ့ကို ဟာသအဖြစ် သဘောထားသူများ ရှိသည်ဆိုစေ၊ တိုင်းပြည်၏ အရေးကြီးသော ဆုံးဖြတ်ချက်များ ချရာတွင် သူ ပါဝင်ရသည်။ ဟင်နရီကစ်ဆင်ဂျာနှင့် ၂၀၁၃ ခု ဇူလိုင်လက တွေ့ဆုံရာတွင် တရုတ်ပြည်၏ နောင်ခေါင်းဆောင်များတွင် ရှီ ကဲ့သို့ တောင့်တင်း ခိုင်မာသော ခေါင်းဆောင်များ ပါဝင်ရမည်ဟု ပြောကြားခဲ့သည်။ သို့သော် ရှီ တာဝန်ယူခဲ့သည့် ပထမနှစ်တွင် မဝေခွဲနိုင်မှု ဆုံးဖြတ်ချက် မခိုင်မာမှုများ ရှိသည်ကို တွေ့ရှိခဲ့ရသည်။
ပထမတွင် တရုတ်ပြည်အတွက် ဈေးကွက်စီးပွားရေးစနစ်ကို ဆန့်ကျင်သူများကို တွေ့ခဲ့ရသော်လည်း မဖြစ်မနေ စီးပွားရေးလမ်းကိုပွင့်သွားအောင် ဖွင့်နိုင်ခဲ့သည်။ မစ္စတာတိန်ရှောင်ဖိန့် ကွယ်လွန်ချိန်တွင် တရုတ် ပြည်ကို ကုန်ထုတ်လုပ်ရာနိုင်ငံ (manufacturing hub) အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အနောက်နိုင်ငံများ၏ ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာနိုင်ခဲ့သည်။
အမေရိကန်တို့နှင့် ဆက်ဆံရေးမှာ ကနဦးတွင် တင်ယန်မင် ရင်ပြင် အရေးအခင်းကြောင့် ကြီးစွာ သော အနှောင့်အယှက်များ ဖြစ်ခဲ့ရပြီး သူသည် တရုတ်တို့အနေဖြင့် အမေရိကန်တို့နှင့် ပြိုင်ဘက်မလုပ်ဘဲ မအောင်မြင်နိုင်၊ ဆက်၍သွားနိုင်စရာ အကြောင်းမရှိဟု သိမြင်ခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံ ရေးကို လိုအပ်သည့်အဆင့်အထိ မြင့်တင်နိုင်ခဲ့ပြီး သူက အရေးဆိုလျှင် ဘယ်ခလုတ်ကို နှိပ်ရမည်ကို သိသည့် မာစတာ တယောက်သဖွယ် ပြုမှုခဲ့သည်။
ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲစဉ်က အမေရိကန်တို့ ပစ်လိုက်သည့် ဗုံးသည် ဘဲလ်ဂရိတ်မြို့ တရုတ် သံရုံးအတွင်းသို့ ကျရောက်ပြီးတရုတ် ဂျာနယ်လစ် ၃ ယောက် သေဆုံးခဲ့သည်။ ကလင်တန် အစိုးရက မတော်တဆ ဖြစ်ရသည်ဟု ရှင်းပြခြင်းကိုလက်မခံခဲ့ပေ။ ၂၀ဝ၁ ခုနှစ်တွင် အမေရိကန် စုံစမ်းရေးလေယာဉ် (Propeller Plane) နှင့် တရုတ် ဖိုက်တာဂျက်တို့ ထိခိုက်မိခါ တရုတ်ပိုင်းလော့တယောက် သေဆုံးရပြီး အမေရိကန် အဖွဲ့သားများက ဟိုင်နန်ကျွန်းသို့ လေယာဉ်ကို သက်ဆင်း၍ တရုတ်တို့ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုကိစ္စတွင်လည်း အမေရိကန်တို့တွင် လုံးဝ တာဝန်ရှိသည်ဟု ပြောကြားခဲ့သည်။
သို့သော် မစ္စတာကျန် တာဝန်ယူရချိန်တွင် တရုတ်တို့သည် ဂလိုဗယ်လိုက်ဇေးရှင်းကို တိုက်ရိုက်တွေ့ ဆုံရမှုမှာ တိုက်ဆိုင်ခြင်း မဟုတ်ပါ။ သူသည် ၂၀ဝ၁ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသို့ တရုတ်နိုင်ငံကို ဝင်ရောက်နိုင်ခဲ့ပြီး အလွန်ရှုပ်ထွေးသော စေ့စပ်မှုများကို အပြီးသတ်နိုင်ခဲ့သည်။ အဓိကအားဖြင့် အမေရိကန်တို့နှင့် စေ့စပ်ညှိနှိုင်းရခြင်း ဖြစ်ပါသည်။ သူသည် ကွန်မြူနစ်ပါတီ၏ အမြင်ကို အသစ် ပြုပြင်ပြောင်းလဲလိုက်နိုင်သည်။
”အလုပ်လုပ်သည့် လူတန်းစားနှင့် လယ်သမားတို့တွင် အခြေခံသော လှုတ်ရှားမှုကို ပညာတတ်သည့် အလယ်အလတ် လူတန်းစားတို့ လှုတ်ရှားမှုဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ခြင်းပင် ဖြစ်သည်။”
တရုတ်နိုင်ငံတွင်းနှင့် ပြည်ပမှ ဝေဖန်သူများက ထိုလုပ်ဆောင်ချက်များသည် နိုင်ငံရေးအရ ပြောင်းလဲမှုများနှင့်အတူ လိုက်ပါနိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်သည်ဟုဝေဖန်ကြသည်။ မစ္စတာကျန် ၏ ဈေးကွက် စီးပွားစနစ်ကို လက်မခံသည့် သဘောတရားပင် ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဖါလွန်ဂွန်း (Falun Gong) အဖွဲ့ သားများက ပါတီဌာနချုပ်ကို ဝိုင်းရံ ဆန္ဒပြကြသောအခါ သူက အားလုံးကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ ၄င်းက ဖာလွန်ဂွန်းသည် “တရုတ်ပြည်၏ အမျိုးသားလုံခြုံရေး ဌာနကြီး ရှိနေပါလျက် ဘယ်လို ပေါ်လာရသည်ကို မသိနိုင်ပါ” ဟု ပြောခဲ့သည်။
ကျန်ဇီမင်းကို ၁၉၈၉ ခု တင်ယန်မင် ရင်ပြင်တွင် ဆန္ဒပြသူ ကျောင်းသားများကို အစိုးရက နှိမ်နင်းရန် ပြင်ဆင်နေချိန်တွင် မထင်မရှား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ ရုတ်တရက် လျင်မြန်စွာ ပေါ်ထွက်လာခြင်းကြောင့် သူ့ကို ဤနေရာ၌ မြဲလိမ့်မည်မဟုတ်ဟု ယူဆသူများ ရှိခဲ့ပါသည်။ ထိုစဉ်က ပါတီ၏ အထွေထွေအတွင်းရေးမှူး ဇိုဇီရင်း (Zhao Ziyang) အား ကျောင်းသားများကို နှိမ်နင်းရာတွင် စစ်တပ်ကို အသုံးပြုရန် ငြင်းဆန်မှုကြောင့် အစားထိုးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သူ့ကို ၂၀ဝ၅ ခုနှစ် နောက်ပိုင်းတွင် အိမ်တွင် အကျယ်ချုပ်ဖြင့် ချထားခဲ့သည် ဇို ကို အစားထိုးရန် ပြင်ဆင်နေကြချိန်တွင် ရှန်ဟိုင်းမြို့ ကျောင်းသားအရေးအခင်းကို သွေးထွက်သံယိုမဖြစ်စေဘဲ အဆုံးသတ်နိုင်ခဲ့သူဖြစ် ကျန်ဇီမင်းကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။
ကျန်ဇီမင်း (ဇီမင်းသည် အများပြည်သူအကျိုးအတွက်ဟု အဓိပ္ပာယ်ရသည်) ကို ၁၉၂၆ ခု သြဂုတ် လ ၁၇ ရက်နေ့တွင် ယန်စီမြစ်ပေါ်မှ ရန်ဇို (Yangzhou) မြို့တွင် မွေးဖွားခဲ့ပါသည်။ သူ့ဖခင် ကျန်ရှီဂျန်း (Jiang Shijun) မှာ လျှပ်စစ်ကုမ္ပဏီမှ စာရင်းစစ် ဖြစ်ပါသည်။ သူ့မိခင် ဝူယူချင်း (Wu Yueging) မှာ လယ်ယာစိုက်ပျိုးသော မိသားစုမှ ပေါက်ဖွားခဲ့သည်။ သူ့ဦးလေး နှစ်ယောက်မှာ ကွန်မြူနစ်သူပုန်ကို ထောက်ခံသူများဖြစ်ပြီး ၁၉၃၉ ခုနှစ်တွင် ဦးလေး တယောက်မှာ အလုပ်လုပ်ကိုင်ရင်း အသတ်ခံခဲ့ရသည်။
၁၉၄၆ ခုနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာပြီး ထိုစဉ်က လျှပ်စစ်အင်ဂျင်နီယာနှင့် အင်္ဂလိပ်စာကို သင်နေဆဲအချိန် ဖြစ်သည်။ ပထမအလုပ်မှာ အိုင်စခရင်ကုမ္ပဏီမှာ ဖြစ်သည်။ ကွန်မြုူနစ်များ အာဏာရလာသောအခါ ကုမ္ပဏီကို ပါတီ ထိန်းချုပ်သော ကုမ္ပဏီဖြစ်အောင် ပြောင်းလဲခဲ့သည်။ ထိုလုပ်ရပ်ကို ပါတီခေါင်းဆောင်များက သတိပြုမိခဲ့ကြသည်။ ၁၉၅၁ ခုနှစ်တွင် ဝမ်ရီပင်း (Wang Yeping) ကို လက်ထပ်ခဲ့သည်။
တရုတ်ပြည် တံခါးဖွင့်လာပြီးနောက် ၁၉၇၀ နောက်ပိုင်းတွင် မစ္စတာကျန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ဂွမ်ဂျောင်း (Guangdong) နှင့် ဖူဂျီယမ် (Fujian) နယ်တို့ကို စပါယ်ရှယ် စီးပွားရေးဇုန်အဖြစ် သတ်မှတ်ရေးတွင် ကူညီခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ရှန်ဟိုင်းမြို့တော်ဝန်အဖြစ် အရွေးချယ်ခံခဲ့ရပြီး နယ်တနယ်လုံး၏ စီးပွားရေးဖွံ့ဖြိုးမှုကို ကိုင်တွယ်စေခဲ့သည်။ ထို့နောက် ရှန်ဟိုင်းမြို့တော်၏ ပါတီအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ရပြီး ၁၉၈၇ ခုနှစ်တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီတခုလုံး၏ ပေါ်လစ်ဗျူရိုဝင် ဖြစ်လာခဲ့သည်။ နောင် နှစ်နှစ်အကြာ ရှန်ဟိုင်းမှ ကျောင်းသားများ ဆန္ဒပြမှုများ ဖြစ်ပွားလာချိန်တွင် ထိုဆန္ဒပြမှုကို သွေးထွက်သံယိုမဖြစ်စေဘဲ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ သူ၏ပါတီအပေါ် သစ္စာရှိမှုနှင့် သွေးထွက်သံယို မဖြစ်အောင် ထိန်းသိမ်းနိုင်မှုတို့သည် ပါတီအတွက်အရေးကြီးသော အရည်အချင်းများ ဖြစ်လာပါသည်။
( ၃ )
၂၀၁၅ ခု သြဂုတ်လတွင် နိုင်ငံတော်သတင်းစာ၌ အငြိမ်းစားယူပြီးသော ခေါင်းဆောင်များသည် “နောက်ပိုင်းမှာ ငြိမ်ငြိမ်ကလေး နေသင့်သည်” ဟူသော ဗြောင်ကျကျ သတိပေးချက်တရပ် ပေါ်ထွက်လာခဲ့ သည်။
“ဧည့်သည် အိမ်မှ ထွက်သွားလျှင် ကော်ဖီခွက်သည် အေးလျက် ကျန်ရစ်ရသည်” ဟု သတင်းစာက ရေးသည်။
ထိုသို့ ထွက်ပေါ်ခဲ့ပြီး ခေါင်းဆောင်သစ် ရှီ နှင့်အတူ ဟူဂျင်တော၊ ကျန်ဇီမင်းတို့ သုံးဦးကို စစ်တပ် စွမ်းရည် ပြပွဲတစ်ခုတွင် အတူ တွေ့လိုက်ကြရပါသည်။
ကိုသန်းလွင်
Ref: He guided China into the global market, By Christ Buckley, N. Y. Times December 1, 2022
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar