အရပ်သား သေဆုံးမှုများနှင့် တရားမျှတမှု အယူအဆ
မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၇ မြင်ကွင်း
မိုးမခ - ဒီဇင်ဘာ ၈၊ ၂၀၂၂
အရပ်သားသေဆုံးမှုများနှင့် တရားမျှတမှု အယူအဆ
လက်နက်ကိုင် တပ်ဖွဲ့ဝင်လည်း မဟုတ်၊ လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်နဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ခြင်းမရှိပါဘဲ အရပ်သားတဦး သတ်ဖြတ်ခံရတဲ့ ကိစ္စမျိုးတွေ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးကာလမှာ အရေအတွက်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ပါတယ်။
သေဆုံးရတဲ့ အခြေအနေ အမျိုးမျိုးမှာ သေဆုံးသူအရေအတွက် ထောင်နဲ့ချီရှိနေပြီလို့ ဆိုရပါလိမ့်မယ်။ ဆန္ဒပြ ဖြိုခွဲမှုမှာ အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်ရင်း အာဏာသိမ်းစစ်တပ်နဲ့ လုံထိန်းရဲတွေရဲ့ ကျည်အစစ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေ၊ ဆန္ဒပြသူတွေကို ရိုက်နှက်ရာမှာ ဒဏ်ရာပြင်းထန်စွာရပြီး သေဆုံးရသူတွေ ရှိသလို အန်အယ်လ်ဒီပါတီဝင် စည်းရုံးရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ဆန္ဒထုတ်ဖော်မှုမှာ ဦးဆောင်သူလို့ သံသယနဲ့ စွပ်စွဲမှုနဲ့ ဖမ်းဆီးစစ်မေးရာမှာ နာရီပိုင်းအတွင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အသက်သေဆုံးအောင် ညှဉ်းဆဲနှိပ်စက်လို့ သေဆုံးရသူတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ ပျဥ်းမနားမြို့က မြသွဲ့သွဲ့ခိုင်၊ ရန်ကုန် ပန်းဘဲတန်း အန်အယ်လ်ဒီက ဦးခင်မောင်လတ် စတဲ့ သာဓကတွေက နာမည်နဲ့ တကွ လူသိများတဲ့ လက်နက်မဲ့ အကြမ်းမဖက်ပဲ ယုံကြည်ချက်ကြောင့် နိုင်ငံရေး လှုပ်ရှားမှုမှာပါဝင်လို့ အသက်ဆုံးရှုံးသည်အထိ ပစ်ခတ် ၊ ညှဉ်းဆဲသတ်ဖြတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတာ တွေဖြစ်ပါတယ်။
အလားတူ ဆန္ဒပြသူတွေ ၊ သတင်းဓါတ်ပုံရိုက်တဲ့ သတင်းသမားတချို့၊ တဖက် PDF တွေကို အားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျေးရွာသား၊ ကျေးရွာသူ ၊ လူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူ အများအပြားလည်း ပြီးခဲ့တဲ့ ၂နှစ်နီးပါးကာလအတွင်း ကျေးရွာတွေမှာ မြို့တွေမှာ သတ်ဖြတ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ရက်စက်တဲ့ ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေနောက်ပိုင်း လက်နက်ကိုင် တုံ့ပြန်မယ်လို့ ဆုံးဖြတ်ပြီး PDF အဖွဲ့တွေနဲ့ မြို့ပေါ်မှာ လှုပ်ရှားတဲ့ အမည်အမျိုးမျိုး နဲ့ လှုပ်ရှားနေကြတဲ့ ပြောက်ကျား အဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကိုသာမကပဲ ၊ စစ်ကောင်စီ ဒေါက်တိုင်၊ အာဏာသိမ်းစစ်အုပ်ချုပ်ရေးရဲ့ ဒေါက်တိုင်လို့ခေါ်ဆိုကြတဲ့ အုပ်ချုပ်ရေး ယန္တရားထဲက အောက်ခြေအဆင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး အများစုနဲ့ အနည်းငယ်မျှသော မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ကြတာ ဖြစ်ပါတယ်။ တဖန် စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးလို့ ဒီဘက်က သတ်မှတ်ခေါ်ဆိုကြတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ၊ စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်တို့ရဲ့ မိသားစုဝင်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်လာကြတာတွေ ဖြစ်လာနေတာတွေ့ရပါတယ်။
မြို့ပေါ်တွေမှာရော ကျေးလက်တွေမှာပါ ကြံ့ခိုင်ရေးပါတီထောက်ခံသူ နဲ့ စစ်တပ် ထောက်ခံသူသူ မိသားစုဝင်တွေအထိ သတ်ဖြတ်ကြတာမျိုးတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ပစ်မှတ်ထားအုပ်စုတွေက ကျယ်ပြန့်လာနေတာဖြစ်ပြီး အချို့ပစ်မှတ်တွေက အရပ်သားဖြစ်လို့ လက်နက်ကိုင် တပ်ဖွဲ့ဝင်လည်းမဟုတ်လို့ လုပ်ကြံသတ်ဖြတ်ဖို့ လက်လှမ်းမှီတဲ့ ပစ်မှတ်မျိုး ၊ လွယ်ကူစွာ လုပ်ကြံသတ်ဖြတ်နိုင်တဲ့ ပစ်မှတ်မျိုးကို ရွေးချယ်ပစ်မှတ်ထား လုပ်ကြံကြတာမျိုးလည်း ဖြစ်လာပါတယ်။ ဒီလို ပစ်မှတ်ထားတဲ့ အုပ်စုတွေ ကျယ်ပြန့်လာတာ ၊ အရပ်သားဖြစ်တဲ့သူတွေ၊ မိသားစုဝင်တွေ၊ အမျိုးသမီးတွေ၊ တချို့ဖြစ်ရပ်တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အထိ ပါဝင်နေတာကို စစ်သည်ကျင့်ဝတ်၊ နိုင်ငံတကာ ဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေး ရှုထောင့်တို့ကနေ ထိန်းကျောင်းကြဖို့ ၊ ကျူးလွန်သူတွေကို အရေးယူကြဖို့ အရေးတကြီးလိုအပ်တယ်လို့ ထင်ပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့က အဓိကကျတယ် လူ့အခွင့်အရေး၊ စစ်သည်ကျင့်ဝတ်တွေက အဓိကမကျဘူး လတ်တလောမှာ အချင်းချင်း သွေးကွဲလို့ မဖြစ်ဘူးဆိုတဲ့ အယူအဆနဲ့ အခုလိုကိစ္စတွေကို ထောက်ခံတဲ့ အမြင်ရှိသူတွေလည်း အများအပြားရှိနိုင်ပါတယ်။ သို့ပေမယ့် အရပ်သား၊ အမျိုးသမီး၊ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို သတ်ဖြတ်တာတွေက တချိန်ကျရင် မှတ်တမ်းတွေအရ တရားမျှတမှုကို တောင်းဆိုလာကြမှာ ဖြစ်ပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက ပင်မအားမဟုတ်ပဲ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ဦးဆောင်မှု၊ စစ်ရေးဗျူဟာ၊ နိုင်ငံရေး ဗျူဟာ၊ စည်းကမ်းလိုက်နာမှု၊ လက်နက် ယန္တရားဖြည့်ဆည်းနိုင်မှု နဲ့ မဟာမိတ်အဖွဲ့အစည်းတွေအကြား ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတဲ့ အချက်အလက်တွေ အပေါ်မှာ အဓိကမူတည်တာ ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေဟာ အကြောက်တရားကိုသာ ကြီးစိုးစေတဲ့ သက်ရောက်မှုရှိပြီး အင်အားနဲ့ နယ်မြေတွေ သိမ်းယူနိုင်တာ အဆုံးအဖြတ်တိုက်ပွဲတွေ အတွက် ကြီးမားတဲ့ သက်ရောက်မှုမရှိဘူးဆိုတာလည်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
အရပ်သားသတ်ဖြတ်ခံရမှုတွေ နဲ့ပတ်သက်လို့ အဓိကကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်ထားပြီး အရေးယူနိုင်တဲ့ တနေ့ကျရင် တရားမျှတမှုတွေရရှိဖို့ ဆောင်ရွက်ကြရမှာ ဖြစ်သလို တော်လှန်ရေးအဖွဲ့တွေ ပြောက်ကျားအဖွဲ့တွေ အနေနဲ့ အရေအတွက်နည်းပါးသည့်တိုင်အောင် အလားတူ အမှားမျိုးတွေ မမှားကြဖို့လည်း အရေးကြီးတယ်လို့ ယူဆမိပါတယ်။ အရိုးတွန်တယ်ဆိုတဲ့ အယူအဆဟာ တရားမျှတမှုဟာ ပြောခွင့်ရှိလာတဲ့တနေ့ အကြောက်တရား ပျက်ပြယ်သွားတဲ့တနေ့ တရားမျှတမှုကို တောင်းဆိုကြတဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar