Breaking News

မောင်လူရေး - ဒီတချက် ရုန်းလို့ ဒီတကုန်းကျော်ရင်

မောင်လူရေး - ဒီတချက် ရုန်းလို့ ဒီတကုန်းကျော်ရင်

(မိုးမခ) ဒီဇင်ဘာ ၈ ၊ ၂၀၂၂ 


အာဏာသိမ်းတာကတော့ ဗိုလ်ချုပ်တွေပဲ။ ဒါပေလို့ ပြန်တော်လှန်ရတော့ စစ်ဗိုလ်တွေတင်မက ဘုန်းကြီးနဲ့မယ်သီ ခရိုနီနဲ့ NGO၊ INGOတွေရော နိုင်ငံရေးဂုရုကြီးတွေရော တထောကြီးဆိုတော့ မောတာပေါ့လေ။ 

ဒီနေရာမှာ စစ်ဗိုလ် ဆိုတာကလည်း တကယ်တော်လှန်ရတော့ တပ်မတော်တခုထဲက ဗိုလ်တင်မဟုတ်တော့ဘူး။ လက်နက်ကိုင်အဖွဲ့တော်တော်များများက ဗိုလ်တွေပါ ပါတယ်။ ပြီးရင် တပ်မတော်ကလည်း လက်ရှိ ဘောင်းဘီဝတ်ထားသူတင် မဟုတ်၊ ဘောင်းဘီချွတ်ထားသူတွေရော ဘောင်းဘီကွပ်ထားသူတွေရော တပြုံတမကြီး။  လက်နက်ကိုင်တော်တော်များများကလည်း ပထမတော့ တပ်မတော်ကို တော်လှန်ဖို့ လက်နက်ကိုင်ထားကြတယ် ပြောကြပေမယ့် တကယ်တမ်း တပ်မတော်ကို ဝိုင်းတော်လှန်ဖို့လည်း ကြုံရော လက်နက်က သူ့အကြောင်းနဲ့သူ၊ သူ့ရည်ရွယ်ချက်နဲ့သူ ကိုင်ထားကြတာ ဖြစ်‌နေ။ ဘုန်းကြီးနဲ့ မယ်သီလ ဆိုရာမှာလဲ ဗုဒ္ဓဘာသာတင်မဟုတ်၊ တခြားဘာသာတွေက ဘာသာရေးဆရာ‌ ဆရာမတွေရော။ 

သူတို့ကိုပါ ဘာ့လို့ တော်လှန်နေရတာလဲဆိုတော့ သူတို့က စစ်တပ်နဲ့ တသဘောတည်း တကြောတည်း ဖြစ်နေတာကိုး။ ဘာ့လို့ တကြောတည်း ဖြစ်နေတာလဲဆိုတော့ သူတို့လဲ စစ်တပ်လိုပဲ အခွင့်ထူးတွေရနေကြတာလေ။ အဲဒီ လက်နက်ကိုင်၊ ဘာသာရေး၊ ခရိုနီ၊ NGOနဲ့ နိုင်ငံရေးဂုရုဆိုတဲ့ပုဂ္ဂိုလ်တွေထဲက အနည်းစုကတော့ တော်လှန်တဲ့ဘက်မှာ ရှိကြပါတယ်။ တော်လှန်လည်း တော်လှန်နေကြပါတယ်။ အများစုကတော့ စစ်အာဏာရှင်ဘက်မှာ အားတက်သရောနဲ့ မသိမသာ ပါကြ၊ ခွထိုင်နေကြပါတယ်။ 

သူတို့တွေဟာ ဘာ အခွင့်ထူးတွေ ရနေကြတာတုံးဆိုတော့ အများကြီးပ။ အများကြီးဆိုမှ တကယ့်ကို အများကြီး။ 

မြန်မာပြည်မှာ ဘာသာရေးမှန်သမျှက ဘာသာရေးဆရာ ဆရာမတွေ ဘုန်းကြီးနဲ့ မယ်သီလတွေရယ်၊ တပ်မတော်တင်မက ရှိသမျှလက်နက်ကိုင်အဖွဲ့တော်တော်များများက စစ်ဗိုလ်တွေနဲ့ သူတို့အသိုင်းအဝန်းတွေရယ်၊ NGO, INGOက လူတွေရယ်၊ နိုင်ငံရေးပရောဟိတ်တွေရယ်ဟာ ပညာရေးအခွင့်ထူးခံလူတန်းစားတွေ‌လေ။ ဆရာလေး၊ ကိုရင်၊ ဦးဇင်း၊ ဘုန်းကြီးအစ ဘာသာရေးမှန်သမျှက ဆရာ့ဆရာတွေဟာ ဖရီးပညာရေးရကြတယ်။ သူ့ချည်းသာလောဆိုတော့  စားစရာ နေစရာ ဝတ်စရာ ကုစရာလေးနဲ့ပါဘုရားပေါ့။ လက်နက်ကိုင်တော်တော်များများကစစ်ဗိုလ်အဝန်းအဝိုင်းတွေလဲ စားစရာ နေစရာ ဝတ်စရာ ကုစရာ သင်စရာ အဆင့်အတန်းမြင့်မြင့် အဆင်သင့်၊ နိုင်ငံတကာနဲ့ပါ ချိပ်ဆက်ပြီးသား။ NGO, INGOကလူတွေလဲ တကမ္ဘာလုံးက ပေါ်သမျှသင်တန်းအကုန် ဖရီးတက်၊ နိုင်ငံခြားတက္ကသိုလ်တွေ ဖရီးတက်၊ ကြယ်ဆယ့်နှစ်ပွင့် ဆယ့်သုံးပွင့် အဆင့်နဲ့ နေ စား ဝတ် ကု ထူးရှယ်။ အဲဒီလူသုံးမျိုးကို ပတ်ချုပ်ပြီး ဆရာ လုပ်နေတာက ခရိုနီ အကြီး အသေး လူပဂေးနဲ့ နိုင်ငံရေးပုရောဟိတ် ဆိုသူတွေရယ်။ အဲဒီနိုင်ငံရေးပုရောဟိတ်တွေ ပုရောဟိတ်ဖြစ်လာတာကလဲ နိုင်ငံရေးအခြေပြု နိုင်ငံရေးအရိပ် ခိုလှုံရင်း နိုင်ငံရေးအခွင့်ထူးခံယူရင်း နိုင်ငံရေးပရောဟိတ်ဖြစ်လာတာဘဲ။

သူတို့ကလွဲရင် ကျန်တဲ့သူတွေက ဘာပညာရေးမှ ဖရီးမရ၊ လူတူသူတူ မသင်ရ။ လုံလုံခြုံခြုံ မနေရ။ ကောင်းကောင်းကန်းကန်း မစားရ။ လူမွှေးလူတောင် မပြောင်ရ။ ဟန်ကျပန်ကျ မကုရ။ ဖုန်းတောင် အဲဒီအဆီပျံလူတန်းစားတွေ ကိုင်ဝမှ ကိုင်ရတာသာကြည့်။ မီးကတော့ မပြောနဲ့။ လမ်းကလဲ ဝေလာဝေး။ ကျောင်းလဲ ဟုတ်ဟုတ်ငြားငြား မရှိ။

အဲဒီ အဆီပျံဇိမ်ခံတွေနဲ့က ပညာရေးတင်မဟုတ်၊ ဘာမှ ယှဉ်လို့မရ။ အသိအမြင် နောက်ကျ။ ဘဝနေမှု အောက်ကျ။ အတွေးအခေါ်မှိုတက်။ လူရည်မမှီ၊ ဉာဏ်ရည်ကွာ။ တဆင့် နှစ်ဆင့် သုံးလေးငါးဆင့်အနိမ့်မှာ။ တလုံးဂျိုင့်တွေ။ ကွာသမှ မိုးနဲ့မြေ။ အိုင်တီခေတ် ရောက်လာလို့သာ ယောင်ဝါးဝါးမြင်လာရတာ။

အခွင့်ထူးခံတွေက အခွင့်မတန်တွေကို အမည်သညာခေါ်စရာမှုကတော့  တောသား နီပေါ နီပိန်း စိမ်းပုတ် ငါးထောင်စား ဘာညာပြုကြ၊ အုပ်စုအလိုက် ခွဲခြားခေါ်ကြတာပလေ။ အရောင်ကွဲပေမယ့် အသုံးချခံ အနှိမ်ခံချည်းပါပဲ။ 

အဆီပျံ ဇိမ်ခံတွေကတော့ တိုင်းပြည်ပြည်ပြု သာသနာပြု ကမ္ဘာပြု သူကြီးဘုရားတွေ ကယ်တင်ရှင်တွေ ဘုရားထူးခံတွေဖြစ်ကြပြီး အခွင့်မတန် အနှိမ်ခံတွေကတော့ ရွာသားကောင်းမှု ခရုဆံကျွတ် တင်းပါးဘုရား တတွတ်တွတ်ရွတ်တွေပ။ ဒါထဲက  အခွင့်ထူးခံတွေ ဟောသမျှပြောသမျှ ပွားသမျှ ပညာပေးသမျှ ခံ‌ပေးရသေး။

အဲသလို သူတို့ဟာ တပ်နဲ့ ခွင့်တူညီမျှ လာဘတူကြတော့  ဝါဒပါ တူသွားကြပြီး သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဟေတု အာရမ္မဏ အဓိပတိ အနန္တရ သမနန္တရ သဟဇာတ အညမည နိဿယ ဥပနိဿယ ပုရေဇာတ ပစ္ဆာဇာတ အာသေဝန ကမ္မ ဝိပါက အာဟာရ ဣန္ဒြိယ သမ္ပယုတ္တ ဝိပ္ပယုတ္တ အတ္ထိ နတ္ထိ ဝိဂတ အဝိဂတပစ္စယောနဲ့ ၂၄ ပစ္စည်းလုံး မကုန်မချင်း တပစ္စယောပြီး တပစ္စယော ဖောချင်းသောချင်း ကျေးဇူးပြုနေကြတော့တာ။

အဲဒါကြောင့် တော်လှန်ရေးက တတောင်ထက် တတောင်မြင့်နေတာ။ 

ကိုယ့်မှာ ဘာလက်နက်မှမရှိပေမယ့် တိုက်လေယဉ်တွေပါရှိတဲ့စတန်းဒတ်အာမီကြီးတင်မက လက်နက်ကိုင်အဖွဲ့မျိုးစုံကိုပါ တော်လှန်ရတာ မလွယ်ပါဘူး။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောအကျိုးစီးပွားကိုတောင် ပေးစွမ်းနိုင်တဲ့ အဓမ္မဘက်သား ဖြစ်သွားတဲ့ ဘဒ္ဒန္တတွေကို တော်လှန်ရတဲ့ ဆရာ ဒကာ တော်လှန်ရေးကလဲ ခက်ပါတယ်။ ကိုယ့်ကိုးကွယ်ရာ ဆရာတွေကိုး။ နေ့ဘို့ညစာဘယ်လိုရှာရမှန်းမသိပေမယ့် တတိုင်းပြည်လုံးက သယံဇာတမှန်သမျှ ဘုန်းထားတဲ့ မီလျံနာ ဘီလျံနာ ခရိုနီ ခရိုပြာတွေကိုပါ ထပ်ဆင့်တော်လှန်ရ။ ဘာဗဟုသုတမှမရှိပေမယ့် တလောကလုံးဆရာလုပ်နေတဲ့ NGO, INGO နဲ့ မဟာ့မဟာပုရောဟိတ်ကြီးတွေကိုပါ အပိုဆောင်း တော်လှန်ရသေးတာကိုး။

ဒီတော်လှန်ရေးဟာ အဲသလို အင်မတန်မှကို လေးနက်တာ။  ဘဝတွေကို ဖောင်ဖျက်ပြီး ဓမ္မဘက်မှာရှိရမယ်ဆိုတဲ့ ဘဝပေးအသိ ဆိုတဲ့ လက်နက်တခုတည်းနဲ့ တိုက်နေတာ။ လက်နက်ကိုင်အဖွဲ့တွေက ကျားကန်၊ ဘာသာရေးဆရာတွေက ဝိညာဉ်ပိုင်းဆိုင်ရာ အားဖြည့်၊ NGO, INGOတွေက ဒေါ်လာသွင်း၊ ခရိုနီ ခရိုပြာတွေက လိုတာဝယ်ပေး၊ နိုင်ငံရေးသီလကြောင်တွေက ပါဝင်ပြီး ပုလင်းကြီးချိပ်ပေးနေတဲ့ တိုင်းပြည်ဘဏ္ဍာမှန်သမျှ နှစ် ၇၀ လောက် သုံးထားတဲ့ စစ်ရေးဝနေတဲ့ မဟာစစ်တပ်ကြီးကို တော်လှန်နေတာပါ။ တူမီးလက်လုပ်နဲ့ တက်ဖုတ်နေတာပါ။ အဲဒါကြောင့် ဒီတော်လှန်ရေးဟာ သိပ်လေးနက်ပါတယ်။

သူတို့တွေ ဘယ်လောက်သွေးစည်းကြ၊ အရေးကြီးကြတယ်ဆိုတာ ၂၀၂၀ရွေးကောက်ပွဲရလဒ်အပေါ် သူတို့ရဲ့သဘောထားပုံကို ကြည့်လိုက်၊ ရှင်းခနဲ ထင်းခနဲကို မြင်ရပါလိမ့်မယ်။ နိုင်ငံရေးခရိုနီစစ်ဗိုလ်တွေရဲ့ ရွေးကောက်ပွဲရလဒ်အပေါ်  အံကြိတ်နေပုံ၊ ဘာသာရေးခရိုနီ ဘုန်းကြီး မယ်သီတွေ၊ ဆရာ့ဆရာကြီးတွေရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ခံခက်နေပုံ၊ စီးပွားရေးခရိုနီအကြီးအသေးတွေ‌ရဲ့ ရွေးကောက်ပွဲရလဒ်မှာ သွေးပျက်နေပုံ၊ ဖွံ့ဖြိုးရေးခရိုနီ NGO, INGOဆရာကြီးတွေရဲ့ ရွေးကောက်ပွဲရလဒ်ကို သရော်နေပုံ၊ ဟို နိုင်ငံရေးဂျေဝင်နေတဲ့ပါတီတွေရဲ့ NLDရဲ့နိုင်ငံရေးအောင်မြင်မှုကို မုဒိတာမပွားနိုင်ပုံတွေကိုသာ ကြည့်လိုက်တော့။ ဘာ့လို့ အာဏာသိမ်းဖြစ်တယ်ဆိုတာပါ မြင်ရသလို အာဏာသိမ်းခါစက မျက်နှာဖုံးတွေကျွတ်ကျပြီး သူတို့ရဲ့‌ မြူးကြွတဲ့ အသံ ဟန်တွေကိုပါ ပြန်မြင် ပြန်ခံစားရမိပါလိမ့်မယ်။ 

တကယ်တော့ ဒီအခြေအနေတွေအားလုံးဟာ နိုင်ငံရေးရဲ့လက်အောက်ခံတွေချည်း၊ နိုင်ငံရေးက ပုံသွင်းလိုက်တာတွေချည်းဘဲဆိုတာ ပြီးခဲ့တဲ့၅နှစ်မှာ ဘာအမြင်ဖွင့်သင်တန်းမှမတက်ရဘဲ ပရိညေယျ၊ နိုင်ငံရေးအမြင်ပွင့်သွားတာလေ။ အဲဒီတော့ နိုင်ငံရေးဟာ ကိုယ့်ဘဝအဆိုးအကောင်း ပြောင်းနိုင်တဲ့ဟာကြီးဆိုတာကို ပြီးခဲ့တဲ့ ၅ နှစ်မှာ ပရိညာတ၊ ပိုင်းခြားသိခဲ့ကြပြီးသားလေ။ 

သူတို့ဟာ အရာရာနိမ့်ကျလို့ ဘယ်တော့မှ ခေါင်းမထောင်နိုင်ဘူးလားဆိုတာတော့ မဟုတ်တော့ဘူးပေါ့။ ပဟာတဗ္ဗ၊ ပယ်ရမယ့်ဒုက္ခအမြစ်ကြီးသိပြီး ပယ်နည်းမဂ္ဂကိုပါ ရလိုက်ပြီလေ။ 

အခွင့်မတန် အနှိမ်ခံဆိုတာက အများစုကြီး၊ အခွင့်လျှံတွေက အနည်းစုလေး။ အများစုဆိုတော့ ရွေးကောက်ပွဲဟာ ငါတို့ရဲ့တခုတည်းသော ရှယ်ထွက်ပေါက်ဆိုတာ ကောင်းကောင်းသိခဲ့ပြီလေ။ လူများတယ်လေ။ လူများတော့ မဲများတယ်လေ။ မဲများများနဲ့ ကိုယ့်ကို အခွင့်အလမ်းဖေါ်ပေးမယ့်သူကို ရွေးချယ်ကြတယ်လေ။ အစိုးရဖွဲ့ပေးကြတယ်လေ။ ခွင့်တူညီမျှတဲ့နိုင်ငံရေးစနစ်ကို ဖော်ဆောင်ကြတယ်လေ။ 

နင်းပြားဟာ ဗိုလ်ချုပ်တယောက်နဲ့ ကျန်တာသာ ယှဉ်မရရှိမယ်။ မဲကတော့ တပြားချင်းအတူတူ။ ခရိုနီတဆူနဲ့ ယှဉ်လည်း ကျန်တာသာ မနိုင်မှာ မဲကတော့ လာထား အာဘွား။ NGO, INGOတင်မက နိုင်ငံတော်သမ္မတရဲ့ အကြံပေးဆိုတာတွေနဲ့လည်း မဲကိစ္စမှာတော့ တပြားချင်းယှဉ်ရိုက်လို့ရ။ ဘုန်းကြီးတွေကတော့ ဗုဒ္ဓဘာသာ ဘုန်းကြီး မယ်သီလဆို မဲတောင် ပေးလို့မရ၊ ဒီကိစ္စမှာ ထည့်စဉ်းစားစရာကို မလို။ အဲဒီတော့ ရွေးကောက်ပွဲနိုင်ငံရေးဟာ ကျောမွဲဖိခံတို့ရဲ့ ဒုတိယဘုရားသခင်ဖြစ်ကရော။ အသေဝနာစ ဗာလာနံ၊ ကိုယ့်ကိုလူလည်ကျ လူရည်မလှအောင်လုပ်ထားတဲ့သူတွေကို မဲမထည့်။ ပဏ္ဌိတာနဉ္စသေဝနာ၊ ကိုယ့်ကို လူလိုသူလိုသဘောထားသူတွေကို မဲထည့်ကာ ပူဇာစ ပူဇနေယျာန အကုန်ပုံ ပူဇော် မင်္ဂလာတရားတော်နဲ့အညီ အောင်နိုင်ရေးလှော်ကြတော့တာပ။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကိုဗစ်ကို အာခံပြီး လူကြီးကလေး အကုန်ထွက်မဲပေးပွဲကြီး ကျင်းပကြ၊ ဝက်ဝက်ကွဲ အောင်ပွဲခံကြတော့တာပ။ 

အဲဒီရွေးကောက်ပွဲ တနည်း အခွင့်မတန် အသုံးချခံတွေရဲ့အောင်ပွဲကို မရှုစိမ့်သူတွေဟာ ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ရင် စစ်အာဏာသိမ်းတပ်ရဲ့ ဒေါက်တိုင် ထောက်ပို့ဟာ ဘယ်သူတွေလဲ၊ ဘာ့ကြောင့် အာဏာသိမ်းလဲဆိုတာ ရှင်းပြီပေါ့။ ၂၀၂၀ NLD‌နိုင်ပွဲကို အမနာပပြောတဲ့ စာရင်းသာ ကောက်ကြည့်လိုက်။ ဘုန်းကြီး မယ်သီလ စစ်ဗိုလ် NGO ခရိုနီ။ NLD ရဲ့ ပြိုင်ဘက်ပါတီတွေ။ လက်နက်ကိုင်တွေ။ (အနည်းစုကတော့ ကြိုက်ကြ ထောက်ခံကြတယ်လေ၊ အများစုကို ပြောတာလို့သဘောထား)(ဘောင်းဘီကလည်း အကျွတ်ကော အဝတ်ကောပါ)

ပြီးခဲ့တဲ့ ၅ နှစ်မှာကို ကိုယ့်ဘဝ စားရေး ဝတ်ရေး နေရေး ကုရေး သင်ကြားရေး မီးရရေး လမ်းရရေးဘာညာသာရကာ ဘာ ဘယ်လို၊ ပြည်သူကို ဘယ်သူက ဘယ်ပုံဆိုတာ သိခဲ့ရပြီလေ။ အဲဒီအရင် ၅ နှစ်နဲ့ဆို အရပ်သား ၁၀ နှစ်မှာ ဘာခေတ်ရောက်တာ သိကြပြီပေါ့။ အရပ်သားချင်းလဲ အစိမ်းနဲ့ အနီ ပြည်သူကို ဘယ်သူက ဘယ်လိုဆိုတာ သိခဲ့ကြပြီးပြီလေ။

ကိုယ့်ဘဝ နိမ့်ပါးခံရမှုကို ကိုယ့်မဲနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာ သိသွားကြပြီ။ ငါတို့လည်း တိုင်းပြုပြည်ပြုမှာ ပါဝင်လို့ရတယ်ဆိုတာ ကောင်းကောင်းသိသွားကြပြီ။ ဘယ်သူက ကိုယ့်အပေါ် ဘယ်လိုစေတနာရှိတယ်ဆိုတာ သိသွားကြပြီလေ။ ၂၀၂၀ရွေးကောက်ပွဲဟာ ဘယ်ခေတ်ကနဲ့မှ မတူအောင် ဝက်ဝက်ကွဲမဲပေးကြ၊ NLDဟာ ၉၀/၁၅ ရွေးကောက်ပွဲတွေထက်ကို မဲရခဲ့တာမဟုတ်လား။

အဲဒီမှာ အကုန်တုန်လှုပ်ကြ။ ပညာရေးနိမ့်ပါးသူတွေက အနိုင်ရသွား။ စီးပွားရေးမရှိသူတွေက အနိုင်ရသွား။ နင်းပြားတွေက အနိုင်ရသွား။ အရင်လို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ဒီတသက်ဆက်ပြီး အသာစီးရနေဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း သိသွား။ အဲသမှာ ကျောက်ရူးကို မြှောက်ပေးပြီး အာဏာသိမ်းခိုင်းလိုက်တာ။ အာဏာသိမ်းလိုက်ရင် ဆန္ဒပြမယ်၊ ခဏတော့ တော်လှန်ကြမယ်၊ လူနည်းနည်းပါးပါး တောခိုမယ်၊ ပြီးရင် ဗမာ့ထုံးစံ ပြီးသွားမှာပဲ ထင်ကြ။ EAO တွေ တသက်လုံးတိုက်လာတာတောင် ဘာမှမဖြစ်တာ၊ ဒီတပ်ကြီးကို ဘယ်စောက်တောသားက ဘာလုပ်နိုင်မှာလဲပေါ့။ လူဘယ်လောက် သတ်ပြရမှာလဲပေါ့။ 

ဒါပေမဲ့ တော်လှန်ရေးက ဘယ်သူမှ တွေးမထားတဲ့ပုံစံနဲ့ စုံကန်တော့တာလေ။ 

ကိုယ့်ရဲ့လူဖြစ်ခြင်းကို စော်ကားခံလိုက်ရတယ်လို့ ယူဆတဲ့ ဂျင်နရေးရှင်းဇက်တွေက လမ်းပေါ်တက်လာပြီး ကျောမွဲတွေနဲ့ ဖက်ပွေ့ကြပြီလေ။ အဲဒီမှာ တကယ်တော်လှန်ရေးစိတ်ရှိတဲ့ EAO တွေ၊ ခေတ်အဆက်ဆက် စစ်ဘေးသင့်လို့ ရွက်လွှင့်ခဲ့ရတဲ့ ပြည်ပရောက်ထောက်ပို့တွေနဲ့ ဓာတ်ပြုလိုက်တဲ့အခါ လူဖျံကျတွေခေတ် အမြစ်ပြတ်ချိန် တန်သွားတာပလေ။ 

လူဖျံကျ ဆိုတာ သူများကို ခိုင်းစားတာလေ။ ခု ခိုင်းစားခံတွေ ပါးပါးလာပြီဆိုတော့ မကြာတော့ပါဘူး။ 

ဒီတချက် ရုန်းလို့ ဒီတကုန်းကျော်ရင် ရွှေပြည်တော်ကြီးကို စိတ်ကြိုက်အကွက်ရိုက်ပြီး ပုံဖော်ရမယ့်ကာလပေါ့။

မောင်လူရေး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar