Breaking News

အယူအဆ ကွဲပြားခြင်း နှင့် ညီညွတ်ခြင်း


မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၃ မြင်ကွင်း

(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၂၂ 


အယူအဆကွဲပြားခြင်း နှင့် ညီညွတ်ခြင်း

စစ်အာဏာသိမ်းပြီးနောက် လူမှုအဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာတဲ့ ဖြစ်စဥ်တွေကို လေ့လာကြည့်သည့်အခါ အယူအဆကွဲပြားခြင်း ၊ အရှေ့နဲ့ အနောက် သဖွယ်၊ အဖြူနဲ့ အမည်းသဖွယ်၊ တရားမျှတမှုနှင့် မတရားပြုမူကျင့်ကြံမှု၊ ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် ကိုယ်ကျိုးတခုထည်းကြည့်မှု ၊ အာဏာရှင်နှင့် ဒီမိုကရေစီစနစ် စသဖြင့် ဆန့်ကျင်ဖက် ဖြစ်နေသည့်အရာများ ကွဲကွဲပြားပြား မတူခြားနားသည့် လက္ခဏာများ လူမှုပတ်ဝန်းကျင်မှာ နိုင်ငံရေးအဖြစ်အပျက်တွေမှာ တွေ့လာရသည်။ တနည်းအားဖြင့် အလင်း အမှောင် ခြားနားမှုမြင့်မားသည့် ပန်းချီကားတချပ်နှင့် တင်စားပြောဆိုရမည်ထင်သည်။ 

အကြမ်းဖက်မှုကို လက်နက်အဖြစ်သုံးသော အာဏာသိမ်းစစ်တပ်နှင့် အကြမ်းမဖက်ရေး လမ်းစဥ်ဖြင့် အာဏာသိမ်းမှုကို အန်တုသည့် ဆန္ဒပြမှုတွေ ကျယ်ပြန့်စွာဖြစ်ပွားလာသည့် အချိန်ကိုကြည့်ပါက အဆိုပါ သဘောကို ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ 

သို့ရာတွင် နိုင်ငံရေးအဖြစ်အပျက်တွေ ပြောင်းလဲသွားပြီးနောက် အင်အားအလွန်အကျွံသုံးကာ ဖြိုခွဲမှု ဖမ်းဆီးမှု၊ အသက်ဆုံးရှုံးမှုတွေ ပေါ်ထွက်လာသည့်နောက်တွင် တုံ့ပြန်မှုက အကြမ်းမဖက်ရေး သက်သက်ဖြင့် တုံ့ပြန်ခြင်းမဟုတ်တော့ဘဲ။ သေနတ်လက်နက်ဖြင့် ဖြိုခွဲမှုကို ရရာ လေသေနတ်လို ဂက်စ်သေနတ်လို လက်ဖြစ် လက်နက်တွေဖြင့် တုံ့ပြန်လာကြသည်။ မီးလောင်စေမည့် ဓါတ်ဆီပုလင်းများဖြင့် ပစ်ခတ်ခြင်းဖြင့် တုံ့ပြန်ကြသည်။ တာယာတွေ မီးရှို့ကာ စစ်ကောင်စီလက်နက်ကိုင် တပ်တွေ ဝင်မလာနိုင်အောင် လုပ်ဆောင်ကြသည်။ လမ်းတံတားတွေ အတားအဆီးတွေချကာ ပိတ်ဆို့ကြသည်။  အကြမ်းမဖက် လှုပ်ရှားမှုမှ ခုခံမှုအဖြစ် အသွင်ပြောင်းလာကြသည်။ 

ထိုကာလတွင် တပြိုင်နက်တည်းမှာပင် လူမှုအသိုင်းအဝိုင်းထဲ စစ်ကောင်စီကို ထောက်ခံသူ၊ စစ်ကောင်စီရဲ့ ယန္တရားဟု မှတ်ယူကြသည့် အုပ်ချုပ်ရေး ၊ ပညာရေး၊ ကျန်းမာရေး ၊ အခြားသော ဌာနများတွင် အမိန့်မနာခံပဲ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခြင်း၊ ယန္တရားရပ်တန့်အောင် တားဆီးခြင်းများဖြင့် လုပ်ဆောင်ဖို့ နှိုးဆော်မှုတွေကို စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့်အင်အားစုများက လုပ်ဆောင်ကြပြီး ပူးပေါင်းမပါဝင်သူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်း ဟုခေါ်သည့် Social Punishment လုပ်ဆောင်လာကြသည်။ တနည်းအားဖြင့် ဝန်ထမ်းအားလုံးပါဝင်လာအောင် ကြိုးစားသည့် လုပ်ဆောင်မှုဖြစ်သော်လည်း တဖက်တွင် CDM မလုပ်သူတွေကို သစ္စာဖောက်သူ ၊ စစ်တပ်ထောက်ခံသူအဖြစ် သတ်မှတ်ကာ ဖိအားပေးခြင်းလည်း ဖြစ်သည်။ 

CDM လှုပ်ရှားမှုသည် အစပိုင်းတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် လှုပ်ရှားခဲ့ပြီး ရထား၊ ရုံး၊ ဆေးရုံ၊ ဘဏ်တွေ မလည်ပတ်နိုင်လျင် အာဏာသိမ်းစစ်တပ်အနေဖြင့် အုပ်ချုပ်ရေးယန္တရားကို မလုပ်ဆောင်နိုင်ဟု ယူဆကာ အာဏာသိမ်းစစ်အစိုးရကို ရှေ့ဆက် မသွားနိုင်အောင် လုပ်ဆောင်ကြခြင်း ဖြစ်သည်။ သို့ရာတွင် အာဏာသိမ်းစစ်တပ် အနေဖြင့် CDM ထဲ မပါဝင်အောင် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း ဖမ်းဝရန်းထုတ်ခြင်း စသည့် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်မှုများကြောင့်ရော နကိုကတည်းက ကြံ့ခိုင်ရေး၊ တပ်နှင့် ဆက်စပ်ရာ မိသားစုများ၏ ရပ်တည်ချက်ကြောင့်ပါ ရာခိုင်နှုန်းတခုအထိ ကျန်ရှိပြီး အချို့ဌာနများကို စစ်တပ်ဘက်က ဝင်ရောက် မောင်းနှင်ခြင်းဖြင့် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်အောင် လုပ်ခဲ့ကြသည်။ 

သည်ဖြစ်စဥ်ကို ကြည့်လျှင် CDM မလုပ်သူ အားလုံးကို နိုင်ငံရေးအရ စစ်တပ်ထောက်ခံသူဟု ဆို၍မရသော်လည်း စစ်တပ်ထောက်ခံသူအဖြစ် သတ်မှတ်ကာ အနိုင်အရှုံး တိုက်ပွဲအတွက် သတ်မှတ်ခဲ့ကြရာက သူ့ဘက် ကိုယ့်ဘက် အဖြူအမဲအဖြစ်သာ သတ်မှတ်ပုံဖေါ်ခဲ့ကြသည်ကို တွေ့ရသည်။ စည်းရုံးရေးအားဖြင့် ပျော့ပြောင်းသော သဘောထားကြီးသော သဘောမျိုးမဟုတ်ပဲ တင်းမာသော အလျော့မပေးသော နည်းပရိယာယ်များဖြင့် စည်းရုံးခဲ့ကြပြီး လူမှုအသိုင်းအဝိုင်းတွင် ကွဲပြားလာခဲ့ကြသည်။ မိတ်ဆွေအပေါင်းအသင်းအချင်းချင်း အကြားတွင်သာမက မိသားစု တခုအတွင်း၌ပင် နိုင်ငံရေးအရ ထောက်ခံမှု မထောက်ခံမှုအပေါ်မူတည်ကာ စိတ်ဝမ်းကွဲခဲ့ကြသည်။ 

တနည်းအားဖြင့် ဆိုရလျင် ရန်ငါစည်းပြတ်သည်ဟု ပြောဆိုသုံးနှုန်းကြသည့် အနေအထားလည်း ဖြစ်သည်။ ရန်ငါစည်းခွဲခြားမှု ဆိုသည့် အယူအဆသည် ကွန်မြူနစ်ဝါဒ၏ အယူအဆဖြစ်သည် ။ တိတိကျကျ ဆိုရလျင် မော်စီတုန်း၏ ရုပ်ဝါဒ သဘောတရားစာအုပ်များမှ ကောက်နှုတ်သုံးနှုန်းကြသည့် အသုံးအနှုန်းဖြစ်သည်။ အာဏာရှင်ဆန်သည့် ကွန်မြူနစ်ဝါဒမှ စည်းရုံးရေးနည်းပရိယာယ်ဆိုင်ရာ အယူအဆများကို ဆွဲယူသုံးနှုန်းကြခြင်းလည်း ဖြစ်သည်။ ဒီမိုကရေစီ စနစ်သို့ ဦးတည်သော လွတ်လပ်သည့် စျေးကွက်စီးပွားရေးစနစ်ကို ဦးတည်သော၊ တိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်၍ မိမိတို့ သဘောဆန္ဒအရ ပေါင်းစည်းကြသည့် ဖက်ဒရယ်စနစ်ကို ယုံကြည်သော နိုင်ငံရေးလှုပ်ရှားမှုတွင် ယခုလို ပစ္စည်းမဲ့အာဏာရှင်စနစ်ကို ပန်းတိုင်ထားသည့် ကွန်မြူနစ်ဝါဒ၏စည်းရုံးရေး နည်းနာများကို အသုံးပြုကြခြင်းမှာ ရှေ့နောက် မညီသည့် သဘောမျိုးလည်း ဖြစ်သည်။ 

သည်နေရာတွင် လက်နက်ကိုင်တပ်ဖွဲ့ဆိုင်ရာ စည်းမျဥ်းစည်းကမ်း နှင့် သဘာဝမတူသည့် အရပ်သားများ ကို နိုင်ငံရေးအရ စည်းရုံးရေး နည်းနာကို ခွဲခြားကျင့်သုံးနိုင်ရန် လိုအပ်သည်ဟု ထင်မြင်ပါသည်။ အရပ်သားများအပေါ် သတင်းပေး၊ ဒလန်၊ စစ်အာဏာရှင် ထောက်တိုင် ဆိုသည့် စွပ်စွဲချက်များဖြင့် မျှတသည့် စစ်ဆေးမေးမြန်းမှုများ ၊ တရားခွင်မှာခုခံကာကွယ်ခွင့်များ ၊ တရားစီရင်မှုများ မရှိပဲ သေဒဏ်စီရင်ခြင်းသည်လည်း အာဏာရှင်စနစ်ကို ကိုင်စွဲသည့် ကွန်မြူနစ်ဝါဒ အရိပ်အောက်က အစွန်းရောက်သည့် ကျင့်သုံးမှုများဖြစ်သည်ကို သတိပြုသင့်ပါသည်။ 

လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့်ဆိုလျင် တင်းကြပ်သည့် စည်းမျဥ်းစည်းကမ်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဥ်းများ ရှိသင့်သည်ကို အငြင်းပွားစရာမလိုသော်လည်း အရပ်သားများနှင့် သက်ဆိုင်သည့် စည်းရုံးရေး ကိစ္စရပ်များနှင့် သံသယဖြင့်စွပ်စွဲ ဖမ်းဆီးကာ စစ်ဆေး ဆုံးဖြတ်သည့် ကိစ္စရပ်များတွင်မူ စည်းရုံးရေး သဘောဆောင်ရန် လိုအပ်သလို နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်နှင့် လိုက်ဖက်ရန်လည်း အရေးကြီးသည်ဟု ယူဆပါသည်။ 

တသွေးတသံတမိန့်အောက်တွင် ညီညွတ်ခြင်းမျိုးသည် အာဏာရှင်စနစ်များတွင်သာ တွေ့ရနိုင်ပြီး အကြောက်တရားဖြင့်သာ ရရှိနိုင်သည့် အရာလည်း ဖြစ်သည်ကို သတိမူသင့်ပါသည်။ အယူအဆကွဲပြားမှုကို လေးစားသော၊ ဒီမိုကရေစီစနစ်ကို ပန်းတိုင်ထားသော လူ့အခွင့်အရေးစံနှုန်းများ လူနည်းစု အခွင့်အရေးစံနှုန်းများကို လေးစားတန်ဖိုးထားသော လူမှုအဖွဲ့အစည်းကို တသွေးတသံတမိန့် အာဏာဖြင့် သွား၍ မရနိုင်သည်ကိုလည်း ၂ နှစ်နီးပါးပြည့်ခါနီးသည့် တော်လှန်ရေး ခရီးတွင် ပြန်လည်သုံးသပ်ဖို့ လိုအပ်သည့် အချက်ဖြစ်ပါလိမ့်မည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar