Breaking News

နေသွင်နိုင်း - မီးဖောက်လုလင်ထံမှ ပေးပို့သော အရိုးပြာများ _၂

မီးဖောက်လုလင်ထံမှ ပေးပို့သော အရိုးပြာများ _၂
နေသွင်နိုင်း
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၂

အဖေ
အဖေသေတာ ကောင်းတယ်
အဖေမသေရင် ဒီကောင်းကင်ပျက်ကြီးထဲ
လေယာဥ်တွေ ပျက်ကျသလိုနေထိုင်မှုကြီးထဲ မကျွတ်လွတ်သူလို ကုတ်ခြစ်နေရမှာ။

အမေ
အမေသေတာ ကောင်းတယ်
မသေထမင်းမသေဟင်းနဲ့ ထမင်းခြောက်ရေဆွတ်စားနေရတဲ့ ပုန်းကျင်းထဲ
မနက်မျက်နှာသစ်ဖို့ ဦးခေါင်းကို ထထ စမ်းစမ်းနေရတဲ့ နာတာရှည်ရောဂါနဲ့  ကျည်သင့်တဲ့ဘုရား ဖူးနေရအုံးမှာ။

ငါအသက်မကြီးချင်တော့ပါဘူးဟယ်....တဲ့
မနက်အိပ်ရာနိုးတော့ အဖွားဟာ ခံစားချက်မဲ့ သေဆုံးသွားခဲ့
အဖွားစောစောသေတာ ကောင်းတယ်လို့
ရွာထဲက လေဖြတ်နေတဲ့အဘိုးအိုတယောက် မီးရှို့ခံရတဲ့နေ့က 
သေသွားတဲ့ အဖေရယ် အမေရယ် အဘွားရယ် သေတာကောင်းတယ်လို့ ကစဥ့်ကလျား ငါတွေး
ငါတွေးတယ်
ဒါကြောင့် ငါမရှိသလို ငါဖြစ်ခဲ့ရ။

ငါတို့ရွာသားတွေလေ
လောင်မီးကျသွားတဲ့ စပါးကျီပုံကြီးဘေး 
မီးကျွမ်းနေတဲ့ ဆန်စေ့လေးတွေ တစေ့ချင်းကောက်ကြ
လက်ဗလာချည်းကျန်တဲ့အခါ
လက်သီးတွေဟာ
 ပိုပို ဖျစ်ဖျစ် မြည်ခဲ့ကြပါတယ်။

သေသူအတွက် သရဏဂုံတင်ပေးမယ့်ဆရာတော်တပါးကို မီးပုံကြီးထဲမှာ ဖူးလိုက်ရတဲ့ကံတရား
ကျည်ခွံတွေဟာ ဓာတ်တော်ကျလာသလို မိုးပေါ်က ကျလာကြ
အမယ်အိုတွေ၊မိခင်အိုတွေဟာမီးပုံကြီးထဲ သူတို့ရဲ့သားတွေအတွက် ပူဆွေးမှုတွေနဲ့အတူ
ချစ်ခြင်းမေတ္တာကိုပစ်ထည့်
အရိုးပြာကို ရှိခိုးပူဇော်
သူရဲကောင်းတွေအတွက်တေးကို မျက်ရည်နဲ့ချုပ်လုပ်ခဲ့ကြတယ်။

ဆောင်းရဲ့ကျီစယ်ဖျားယောင်းမှုဟာ ငါတို့ရဲ့လက်သီးဆုပ်တွေကြား တဖျစ်ဖျစ်တွန့်ကြေ
ကြယ်မြင်လမြင်အိပ်စက်ခြင်းကလည်း ငါတို့မသေရင် ဖွဲ့ဆိုရအုံးမယ့် စာမျက်နှာများပေါ့။

သေခြင်းတရားဟာ တော်လှန်သူတွေဖွင့်ဖတ်ပြီးထားတဲ့ မျက်နှာ
သွေးဟာ ရဲရင့်ခြင်းရဲ့ ခြေတဖက်
ယမ်းနံ့တွေကတော့ ငါတို့ရဲ့ချွေးနံ့တွေကို ဖုံးအုပ်ပေးထားမယ့် အဆင့်မြင့်ရေမွှေး
အူပွင့်နေတဲ့ အိုးစားဖက်ရဲဘော်လေးက အဲ့ဒီလိုအပြုံးမပျက်တော့
နွေဦးတံခါးရဲ့အိပ်ဖန်စောင့်တွေဟာ
ဝမ်းမီးနဲ့ဓါတ်ပြုထားတဲ့ ဆာလောင်မှုဘင်ခရာသံကို စစ်ချီတေးအဖြစ်ပြောင်းလဲထုတ်လုပ်ပြီး
ရန်သူ့တောင်ကုန်းဆီ ချီတက်ခဲ့ကြတယ်။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar