ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်က တိုက်ပွဲ၊ မန္တလေး နဲ့ စစ်ကိုင်းမြို့တွေတဝိုက်က နောက်ဆက်တွဲ ငလျင်
မြန်မာနွေဦး ခရိုနီကယ် - ဒီဇင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၂၂
ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပေါ်က တိုက်ပွဲ၊ မန္တလေး နဲ့ စစ်ကိုင်းမြို့တွေတဝိုက်က နောက်ဆက်တွဲ ငလျင်
ထိုင်းမြန်မာနယ်စပ်က သေဘော့ဘိုး စခန်းကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် သီတင်းပတ်အကြာမှာပဲ KNLA နဲ့ PDF ပူးပေါင်း တပ်ဖွဲ့တွေက ကော့ကရိတ် အနီးက မြဝတီ-ကော့ကရိတ် အာရှလမ်းအနီးက စစ်ကောင်စီတပ်ရင်းကို ဝင်တိုက်ခိုက်ကာ တံတားတစင်းရဲ့ အောက်ခြေကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ ကော့ကရိတ် အနီး အာရှလမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြဝတီ ကော့ကရိတ် လမ်းပိုင်း ကုန်သယ်မှု ပြတ်တောက်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ကုန်ကားတွေ ဖြတ်သန်းလို့မရတော့ပဲ အိမ်စီးကားငယ်တွေသာ ဖြတ်သန်းလို့ရတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
KNLA / PDF အဖွဲ့တွေ အနေနဲ့ ကုန်သွယ်ရေး သာမက ကရင်ပြည်နယ် မြဝတီ တဝိုက်က နယ်စပ်ကို စိုးမိုးထားရာ နေရာတွေကို စစ်ကောင်စီတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဒီလမ်းမကြီးကို ကားကြီးတွေ မသွားလာနိုင်အောင် တံတားကိုမိုင်းခွဲဖျက်ဆီးတာလို့ ခန့်မှန်းရပါတယ်။ ကရင်ပြည်နယ် မြဝတီ ခရိုင်ထဲက ဝေါ်လေ၊ သေဘော့ဘိုး၊ လေးကေကော် စတဲ့နေရာတွေမှာ KNU အနေနဲ့ PDF တွေကို စစ်ရေးသင်တန်းပေးတာ၊ NUG ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်ဖို့ လက်ခံကူညီပံ့ပိုးပေးနေတာတွေကို စစ်ကောင်စီက အင်အားချိနဲ့အောင် ရည်ရွယ် တိုက်ခိုက်နေတာဖြစ်ပြီး ကရင်ပြည်နယ်ရဲ့ မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ ကျောက်ကြီး စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို အတိုင်းအတာတခုထိ မှီခိုနေရတဲ့ KNU အဖို့ တဖက်မှာ ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကို ထိခိုက်လာတာကို ထိုင်းအစိုးရက လိုလားမှာမဟုတ်ပါဘူး။ အနည်းနဲ့အများ သံတမန်လမ်းကြောင်းလိုမျိုးက ဖြစ်စေ ထိုင်းနိုင်ငံထဲမှာ ဝင်ထွက်သွားလာ ရိက္ခာဝယ်ယူနေကြရတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးမှုတွေ ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။
ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေကြတဲ့ စစ်ကောင်စီတပ်က CDM လုပ်ခဲ့ပြီး နယ်စပ်မြို့မှာ နေထိုင်နေကြတဲ့ စစ်အရာရှိ ၇ ဦးလောက်ကို ထိုင်းရဲနဲ့ စစ်တပ်ကဖမ်းဆီး စစ်မေးမှုတွေလည်း ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်မြို့မှာ ဖြစ်ပျက်နေတာတွေ ကို အားလုံးသိရှိအောင် ကြိုးစားနေပြီး လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ PDF အဖွဲ့တွေနဲ့ တဖက်မှာ စစ်ကောင်စီနဲ့ ဆက်ဆံရေး ချိန်ခွင်လျှာ ညှိဖို့လိုတဲ့အခါ ဖိအားပေးတာတွေ လုပ်နိုင်တဲ့ အလားအလာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အခုလို အိမ်နီးချင်းနိုင်ငံရဲ့ လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ ကုန်သွယ်ရေး အကြား အာဏာရ စစ်အစိုးရအကြား ၄င်းတို့အကျိုးစီးပွားကို အခြေခံပြီး သံတမန်ပရိယာယ်နဲ့ ကျင့်သုံးခဲ့တဲ့ အတွေ့အကြုံတွေ များစွာ ရှိနေတာကြောင့် အခုကာလမှာလည်း အတိတ်က အနေအထားမျိုးနဲ့ ကစားလိမ့်မယ်လို့ ယူဆရပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မန္တလေးနဲ့ စစ်ကိုင်းမြို့တဝိုက်က နောက်ဆက်တွဲ ငလျင်လှုပ်ခတ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက် နံနက် ၃နာရီကျော် မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်တွေ ဒီဇင်ဘာ ၁၆ရက်နံနက်စောစောပိုင်းနဲ့ နေ့ခင်းပိုင်းတွေမှာပါ ဆက်လက် လှုပ်ခတ်နေခဲ့ပြီး ပထမဆုံး ဒီဇင်ဘာ ၁၅ ရက်နေ့ ငလျင်နီးပါး ပြင်းထန်တဲ့ လှုပ်ခတ်မှုလည်း ဖြစ်တယ်လို့ဆိုပါတယ်။ အခုလက်ရှိ အထိတော့ လူသေဆုံးမှုမရှိပဲ ဘုရားစေတီတချို့ ထိခိုက်မှု ပျက်စီးမှုတွေသာ ရှိခဲ့တာဖြစ်ပါတယ်။
ယနေ့အဖို့ တတိယ သတင်းတပုဒ်ကတော့ ဘားမားအက် အစိတ်အပိုင်း ပါဝင်တဲ့ အမေရိကန် နိုင်ငံရဲ့ ကာကွယ်ရေးဥပဒေကို ပထမဆုံး အောက်လွှတ်တော်က အတည်ပြုပြီးနောက် ယနေ့မှာပဲ အထက်လွှတ်တော (ဆီးနိတ်) ကလည်း အတည်ပြုလိုက်တဲ့ သတင်းဖြစ်ပါတယ်။ သမ္မတ လက်မှတ်ထိုးဖို့ တဆင့်သာကျန်ရှိပြီး ဒါကလည်း မကြာခင် ထိုးလိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဒီ ဘားမားအက်မှာ မြန်မာနိုင်ငံက စစ်ကောင်စီ ပြုတ်ကျရေး တိုက်ခိုက်နေကြတဲ့ NUG /PDF/ CRPH/ NUCC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လူသတ်လက်နက် မဟုတ်တဲ့ နည်းပညာဆိုင်ရာ လူသားချင်းစာနာမှုအကူအညီဆိုင်ရာတွေ ပေးမယ့် အချက်တွေပါဝင်တဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဆိုင်ရာ ကာကွယ်ရေး ဘတ်ဂျက်လည်း ဖြစ်ပါတယ်။
ဒီလို မြန်မာ့နိုင်ငံရေး အကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခမှာ အမေရိကန်က ကန့်သတ်ချက်တွေပါတဲ့ ငွေကြေးအကူအညီ ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက် မူဝါဒဟာ အရှေ့တောင်အာရှ မှာ အကျိုးစီးပွားတွေရှိနေကြတဲ့ တရုတ်၊ အိန္ဒိယ တို့ကို ဘယ်လို ချိန်ညှိမှုမျိုးတွေ တုံ့ပြန်မှုမျိုးတွေ ဖြစ်စေမလဲဆိုတာတော့ ပြောဖို့ စောနေသေးပြီး အိန္ဒိယ နိုင်ငံထက် အမေရိကန်နဲ့ ကမ္ဘာ့ဒေသအများအပြားမှာ အားပြိုင်နေတဲ့ တရုတ်နိုင်ငံကို မူဝါဒ ချိန်ညှိမှုတွေ အနည်းနဲ့အများ ဖြစ်စေလိမ့်မှာ အမှန်ပဲ ဖြစ်ပါတယ်။
မြန်မာ့အရေး လက်နက်ကိုင်တိုက်ပွဲတွေမှာ နိုင်ငံတကာ အကူအညီကို လိုချင်ကြတာ အမှန်ဖြစ်ပေမယ့် အင်အားကြီးနိုင်ငံတွေရဲ့ ပိုမိုပါဝင်ပတ်သက်လာနိုင်ခြေကိုလည်း မှန်းဆတွက်ချက်ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန်ရဲ့ အားပြိုင်မှု ကစားကွင်းတခု အဖြစ်မရောက်ဖို့လည်း သတိပြု တွေးဆကြဖို့လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar