Breaking News

ရဲမြင့်ကျော် - "တရားမရှိတဲ့ တရားရုံးများ တရားသူကြီးများ လုံးဝပျက်သုဉ်း အမြန်ဆုံး ကျဆုံးပါစေ"

Down with the courts and judges without justice!

"တရားမရှိတဲ့ တရားရုံးများ တရားသူကြီးများ
လုံးဝပျက်သုဉ်း အမြန်ဆုံး ကျဆုံးပါစေ"
ရဲမြင့်ကျော်
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၂၂

အဲဒီ ကမ်ပိန်းစာသားလေး တွေ့မိတော့ သမ္မတဦးသိန်းစိန် ကာလ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် မြန်မာ့တရားရေးစနစ်ကို ပြောတာ သတိရတယ်။ သူက ကိုယ်ပိုင်လေယာဥ်နဲ့ နေပြည်တော်ကို ခဏရောက်လာပြီး သမ္မတအဖွဲ့နဲ့ ဆွေးနွေးကြတယ်။ လုပ်ငန်းကိစ္စတွေ အသွင်ကူးပြောင်းရေးဖြစ်စဥ်တွေ ဆွေးနွေးကြတော့ ကမ္ဘာပတ် ရင်းနှီးမြှုပ်နှံ ငွေကြေးကစားနေတဲ့ ဘီလီယံနာ လူလည်ကြီးမို့  မြန်မာနိုင်ငံ ဥပဒေအခြေအနေတွေ အရင်မေးတာပေါ့။ သူ အတော်အံဩသွားပြီး "ခင်ဗျားတို့  ဗြိတိသျှကိုလိုနီလုပ်ခဲ့တဲ့ ဥပဒေအားလုံးနီးပါးကို ဘာကြောင့် ဆက်သုံးနေတာလဲ၊ အဲဒါ ခင်ဗျားတို့ကို ဖိနှိပ်ဖို့ လုပ်ခဲ့တာတွေလေ၊ ဘာကြောင့် မပြောင်းလဲသေးတာလဲ" လို့ မေးတယ်။  အပွေးမြင် အပင်သိသူဆိုတော့ အသွင်ကူးပြောင်းမှုဟာ အင်မှန်းသိ စိတ်ပျက်သွားပုံရ.. အဲဒါ တဆင့်စကားနဲ့ ပြန်ကြားဖူးတာပါ။ 

ကိုလိုနီအုပ်ချုပ်ရေးအောက် ခရိုင်ဝန် မြို့ဝန် နယ်ပိုင် ဆိုသူတွေဟာ ရာဇသတ်ကြီးစာအုပ် တစ်အုပ်ပိုက်ပြီး နေရာတကာ အုပ်ချုပ်သွားတာ.. ကနေ့ထိ တရားသူကြီး ရဲနဲ့ ထွေအုပ်လေးတို့ဟာ ရာဇသတ်ကြီးပါ ပုဒ်ထီး ပုဒ်မတွေကို ပိဋကတ်အလား အာဂုံပွား ဆုံးဖြတ်ချက်တွေ ချလျက်ပါပဲ။ ဗမာ နီယိုဖက်ဆစ်တပ်တို့ စေခိုင်းချက်ထက် ပိုပိုသာသာ အမိန့်တွေချ ငွေညှစ်ကောင်းဆဲ.. 

၂၀၀၈ ခြေဥကစလို့ တည်ဆဲဥပဒေတွေ ရာဇသတ်ကြီး ပုဒ်ထီးပုဒ်မ (က..ခ..) တွေဟာ တရားမျှတမှု (Justice) ဖြစ်ရဲ့လား၊ တရားမျှတတဲ့ လူ့အဖွဲ့အစည်း (Justic society)  ဖြစ်စေဖို့ တကယ်ရည်ရွယ်ထားရဲ့လား၊  လူ့အဖွဲ့ အစည်းဝင်အားလုံးအတွက် တရားမျှတမှု၊ တိုးတက်ပျော်ရွှင်စေမှု၊ ငြိမ်းချမ်းမှုတွေ ဖြစ်စေရဲ့လား၊ ဥပဒေအား လုံးနဲ့ တရားသူကြီးတွေဟာ 'တရားမျှတမှု' လမ်းကြောင်းပေါ်မှာ ရှိရဲ့လား၊ ဥပဒေဘွတ်အုပ်တွေက လူထုကို ချည်နှောင်ထားတာလား အကာအကွယ်ပေးတာလား ဆိုတာကို  တရားမျှတမှု အမှန်လိုလားသူတိုင်း ဥပဒေနဲ့အသက်မွေးသူတိုင်း အမြဲဆန်းစစ်နေသင့်တာပါ။  

တခါက ဦးနု လုပ်သလိုလည်း မဖြစ်ဖို့ လိုပါတယ်။ ဦးနုက သခင်ဘဝနဲ့ မန္တလေးထောင်ကျတယ်၊ ထောင်ထဲနေရင်း ဒီအုပ်ရိုး ငါ ကျော်တက်ရင် ရလောက်တယ်လို့ တွေးမိတယ်၊ နောင် ဝန်ကြီးချုပ်ဖြစ်လာတော့ မန္တလေးထောင် သွားကြည့်ရင်း နံရံအုပ်ရိုး ထပ်မြှင့်ဖို့ အမိန့်ပေးခဲ့တယ် ဆိုပဲ...။ ကိုယ့်ကို ဖိနှိပ်ခဲ့တဲ့ဥပဒေတွေကို ကိုယ်အာဏာ ရလာချိန်မှာ ထပ်အသက်မသွင်းဖို့ ပြောင်းလဲပစ်ဖို့ လိုပါမယ်။ 

အခု တော်လှန်ရေးက အရပ်ဘက်အပေါ် စစ်ဘက်ရဲ့ မတရားဖိနှိပ် လူပါးဝမှုကို အမြစ်ပြတ် ဖယ်ရှားရုံမက  ဖိနှိပ်ရေးရည်ရွယ်ထားတဲ့ တဖက်သတ်ကျတဲ့ မြန်မာဥပဒေတိုင်းကို သုတေသနပြု ဖြိုချရမှာ ဖြစ်ပါတယ်။ လူတဦးချင်းရဲ့ အသက်အိုးအိမ် လုံခြုံရေး၊ ပညာရေး ကျန်းမာရေး၊ ငြိမ်းချမ်းပျော်ရွှင်စွာ အတူရှင်သန်နေထိုင်ရေးတွေကို အကာအကွယ်ပေးမယ့် ဥပဒေသစ်တွေ ရေးဆွဲကြရမှာပါ..

Down with the courts and judges without justice!
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar