လင်းလက်နွေဦး - ဘုရင်မ
ဘုရင်မ
လင်းလက်နွေဦး
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၃
‘ဂီသာရာနီ’ ဆိုတဲ့ ကျောင်းအုပ်ဆရာမဇာတ်ကားကို ကြည့်ချင်နေတာ ကြာပြီ။ ဇာတ်လမ်းအညွှန်းလေးတွေ၊ screen shoot လေးတွေနဲ့ caption တွေမှာ သုံးထားကြတော့ စိတ်ဝင်စားနေတာပေါ့။ အိန္ဒိယ တွေက Moti တက်စေနိုင်တဲ့ ဇာတ်ကားလေးတွေ ဒဿနပါတဲ့ ဇာတ်ကားလေးတွေ ဖြစ်ရပ်မှန်လေးတွေကို ဦးစားပေးရိုက်ကြတယ်နော်။ တော်တော်များများ ကြည့်ဖူးပါတယ်။ ပေါကားတွေ စိတ်ကူးယဉ် ဟီရိုးကားတွေ လည်း ရှိတာပါပဲ။ မင်းသားတစ်ယောက်တည်းက လူမိုက်ငါးဆယ်လောက်ကို လက်တစ်ဖက်တည်းနဲ့ ချသွားဝာာမျိုးတွေ ဘာတွေပေါ့။ နောက်ကျ ဒိထပ်ပိုပေါလာတယ်၊ သက်ရှိဘုရားလိုလို သက်ရှိ စူပါမန်းလိုလိုပေါ့ဗျာ။ မွေးရာပါစွမ်း အားတွေနဲ့။ ဘာလေ့ကျင့်သင်ယူမှုမှ မပါဘူး။
‘ဂီသာရာနီ’ ဇာတ်လမ်းအစက အင်မတန်စိတ်ပျက်စရာကောင်းတဲ့ အထက်တန်းကျောင်းတကျောင်း နဲ့ စထားတယ်။ ‘ရိုးမပေါ်မှာ ကျတဲ့မျက်ရည်’ လိုပါပဲ။ အဲမြန်မာဇာတ်ကားထဲမှာတော့ ကျောင်းဆရာလေးက ဟီးရိုးပေါ့။ ဖြူစင်ရိုးသားမှု၊ စေတနာကောင်းမွန်မှု၊ စည်းရုံးရေးကောင်းမွန်မှု စတဲ့ လူ့အရည်အသွေးတွေပေါ် အခြေခံထားပါတယ်။ ဂီသာရာနီကို ပြန်ပြောမယ်နော်။ စဖွင့်လိုက်တာနဲ့၊ ကျောင်းသားတွေကို အလုပ်ကားကြီးပေါ် တင်နေတယ်။ ကျောင်းဝတ်စုံတွေကို လဲခိုင်းတယ်။ ကျောင်းဆရာအသစ်တယောက်က စာသင်ခန်းထဲ ခေါ်တော့၊ ဒုတိယကျောင်းအုပ်ဆိုတဲ့သူက ထိုးကြိတ်လွှတ်လိုက်တာမျိုး။ ဒုကျောင်းအုပ်က လူဆိုးခေါင်းဆောင်၊ ကျန်တဲ့ကျောင်းဆရာတွေကလည်း နောက်လိုက်ကောင်း ပီသကြတယ်။ အလုပ်မလာဘဲ လစာပဲ ထုတ်နေတဲ့ ဆရာတွေ၊ လာချင်တဲ့နေ့မှ လာတဲ့ ဆရာတွေ၊ ရောက်ချင်တဲ့အချိန်မှ ရောက်လာတဲ့ ဆရာတွေ။
မြို့ပေါ်က လူထုကလည်း သိတယ်၊ အတင်းပြောတာလောက်ပဲ ရှိတယ်။ အဲတော့ မိုက်ကောင်းနေ တာပေါ့။ တာဝန်ရှိသူတွေ အုပ်ချုပ်သူတွေကလည်း သိတယ်၊ စားပေါက်ပဲ ကြည့်တယ်ပေါ့။ အဲတော့ ခွင်ထည့် လို့ အဆင်ပြေနေတယ်ပေါ့။ အချိတ်အဆက်တွေ။
ကျောင်းသားတွေကလည်း ပျက်စီးချင်တိုင်း ပျက်စီးနေတယ်။ ကျောင်းတက်ခေါင်းလောင်း မထိုးဘူး။ ကျောင်းချိန်တွေမှာ အပြင်ရောက်၊ ဆေး လိပ်သောက် ကွမ်းစား ဘာညာပေါ့။ အစုံရတဲ့ကွမ်းယာဆိုင်က ကျောင်းပေါက်ဝမှာ။ ကျောင်းတံခါးကပိတ်မရအောင် ယိုယွင်း။ ပိတ်လည်း အလ ကားပါပဲလေ၊ တံတိုင်းတွေ က ပြိုကျနေတာကိုး။
ကျောင်းအုပ်ဆရာမကြီး စ ဝင်လာပုံက ကျောင်းအပ်ချင်တဲ့ ကလေးနဲ့ မိခင်ကိုခေါ်လာပြီး ကျောင်း အပ်ကြည့်လိုက်တာပဲ။ အဲဒီမှာ စာရေးရဲ့ လုပ်ကိုင်ပုံ၊ ဒုကျောင်းအုပ်ရဲ့ လာဘ်စားပုံတွေ သိလိုက်ရတယ်။ ကျနော်တို့ဆီလိုပဲ စာရေးက ကျောင်းအုပ်ကြီးဟန်နဲ့ ဟိန်းတာဟောက်တာ။ ‘ဆရာကြီးမရှိဘူး အစည်းအဝေးသွားတယ်’ အဲလို အလိမ္မာနည်းတွေလည်း သုံးတတ်တယ်။ ဒုကျောင်းအုပ်ကတော့ ဗြောင်ပဲ၊ ကျောင်းအပ်ခကို အဆမတန် တင်တောင်လိုက်တယ်။ စာသင်လက သုံးလေးလရှိပြီမို့၊ ဒဏ်ကြေးတဲ့။ အဲတော့ ‘ဂီသာ’က စိတ်တိုတဲ့ပြီး ကျောင်းတက်သံချောင်းကို အတင်းခေါက်တယ်။ ကျောင်းတာဝန်ခံ၊ စာရေး၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေ ဝိုင်းလာတဲ့အချိန်မှာ သူ့အလုပ်ခန့်စာကို စာရေးလက်ထဲ ထည့်ပေးလိုက်တယ်။
နောက်နေ့က စပြီး၊ ကျောင်းသားတွေကို ချဉ်းကပ်။ သူ့ကို မကြောက်အောင်၊ ချစ်ချင်လာအောင်။ ကျောင်းသားကြီးတွေ ရှေ့မှာပဲ၊ ကျောင်းပေါက်ဝက ကွမ်းယာဆိုင်ကို သွားချဲတယ်။ သူတို့ အကုန် ဖြုံသွားတယ်။ ကျောင်းသူမလေးတွေကြားမှာ နေ့လည်စာ သွားစားရင်း ယုံကြည်မှုတည် ဆောက်တယ်။ ဒါက နေ့တိုင်း။ ဒုတိယအဆင့်အနေနဲ့ ကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးတို့ အလှူငွေထည့်ဝင်ရေးတို့ပေါ့။ မြို့နယ်ပညာရေးဌာနကနေ ကျောင်းဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ပတ် သက်ပြီး ကြပ်တယ်။ အဲတော့ ပြင်ဆင်စရိတ်တွေ ချပေးရတယ်ပေါ့။ အုတ်တံတိုင်း ပြင်တယ်။ ကျောင်းဆောင်တွေ ပြင်တယ်။ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းလှပလာပါတယ်။
နောက်တထစ်အနေနဲ့ ကျောင်းဆရာတွေအလှည့် ရောက်လာတယ်။ ကျောင်းတက်မှန်ဖို့၊ ကိုယ်သင်တဲ့ဘာ သာရပ်မှာ ကျွမ်းကျင်ဖို့။ ဆရာတွေ စာသင်နေတဲ့အချိန်၊ ကျောင်းသားတွေ ကြား ဝင်ထိုင်တယ်။ မေးခွန်း(၃) ခု မေးတယ်။ ဘာသာရပ် လေ့လာဖို့ အချိန်(၁)လ ပေးတယ်။ ဒါနဲ့ ဆရာ့အရည်အသွေးတွေ ကောင်းမွန်လာတယ်။
ဒီနေရာမှာ သူလုပ်လိုက်တဲ့ ချိုးဖောက်မှု တခုရှိခဲ့တယ်ဗျ။ အကျပေးထားတဲ့ (၉)တန်းကျောင်းသားတွေကို ပြန်ခေါ်၊ (၁၀)တန်းစာ သင်ပေးတာပဲ။ စာမေးပွဲကျတယ်ဆိုတာ ဒီအတိုင်း အတန်းပိုင်နဲ့ ဘာသာရပ် ဆရာတွေကနေ ချလို့မရဘူး၊ ကျနော်တို့ဆီမှာဆို ဘုတ်အဖွဲ့ ခေါ်မှာပေါ့၊ အဲဒီအဖွဲ့က လက်မှတ်ထိုးပြီး အကျ ပေးထားတာ။ ဒါကို ‘ဂီသာ’က သူ့သဘောနဲ့သူ ကျောင်းသားတွေ ပြန်ခေါ် သင်ပေးတာ။ (၉)တန်းကျလို့ အပြင် ရောက်၊ ဘဝပျက်၊ အလုပ်ကြမ်းတွေ ဝင်လုပ်နေရတယ်တဲ့။
ဒီအချက်က အပြင်ပုဂ္ဂလိကကျောင်းအုပ်အတွက် အခွင့်ကောင်းဖြစ်သွားတယ်။ ပုဂ္ဂလိကကျောင်းက တကျောင်းတည်း။ တကျောင်းဆို ဆိုသလောက်ပါပဲ၊ အစိုးရကျောင်းကို ပျက်စီးအောင် နည်းမျိုးစုံနဲ့လုပ်ထားတာ။ စာတော်တဲ့ကလေးတွေကျောင်းလာအပ်ရင်၊ လာအပ်ပေးတဲ့ အစိုးရကျောင်းဆရာတွေကို ရာခိုင်နှုန်းနဲ့ ပိုက်ဆံပေးတယ်။ အစိုးရကျောင်း ဆရာတွေကို စည်းရုံးတယ်၊ ဖျက်ဆီးတယ်။ ဒုကျောင်းအုပ် အလုပ်ပြုတ်ပြီး အဲကျောင်းရောက်သွားတယ်။ ‘ဂီသာ’တို့ကျောင်းမှာ အရှိန်လေးရလာတော့ လူမိုက်တွေ လွှတ်ပြီး ဖျက်ဆီးခိုင်းတယ်။ ‘ဂီသာ’က လူကြမ်း လေးငါးယောက်ကို ဖိုက်လွှတ်လိုက်တော့ သူကိုယ်တိုင်သွားပြီး စည်းရုံးတယ်။ ချော့တခါ ခြောက်တလှည့်ပေါ့ဗျာ။ မရပါဘူး။
ကျောင်းဆရာတယောက်ကို အတွင်းပိုင်းကနေ လှိုက်စားခိုင်းတယ်။ အဲကျောင်းဆရာက လူတွေပါ စည်းရုံးပြီး ကျောင်းအုပ်ဆရာမအသစ်ကို ဆန္ဒပြတယ်။ ဆရာမကျောင်းထဲမဝင်နိုင်အောင် တားထားတယ်။ ရဲတွေကလည်း သူတို့ဖြေရှင်းပေးမယ်၊ ဆရာမ အိမ်ပြန်နားပါတဲ့။ အဲမှာ ‘ဂီသာ’က ဆန္ဒပြသူတွေရှေ့ ရဲရဲကြီးသွားရပ်ပြီး ဟောပြောစည်းရုံးတယ်။ သူ့ကျောင်းက ဆရာတွေကိုတော့ မေးခွန်း(၃)ခု မေးတယ်။ ပြည်နယ် အစိုးရရဲ့ ဘတ်ဂျပ် (၃၅)%က ဝန်ထမ်းလစာ၊ ပင်စင်လစာတွေကြောင့် ကုန်သွားတယ်ပေါ့။ ဘတ်ဂျပ်ကနည်းလို့ သင်ထောက်ကူပစ္စည်း ဘာညာတွေအတွက် မလုံလောက်ဘူး။ အဲလို ကျောင်းသားတွေအတွက်ဆိုပြီး ဆန္ဒ ပြဖူးသလားတဲ့။ ကျောင်းတိုးတက်ဖို့ လုပ်နေတဲ့သူကို ဆန္ဒပြနေတယ်၊ ကျောင်းတိုး တက်ဖို့အတွက်ကော ဆန္ဒပြဖူးသလားပေါ့။
နောက်မေးခွန်းက ပြည်နယ်ပါတီကြီးရဲ့ ဥက္ကဋ္ဌကြီးကို မေးတာ၊ လူထုတိုးတက်ဖို့ မပြောနဲ့ ဆွေမျိုးသားချင်းတွေရဲ့ အကျိုးစီးပွားတောင် ဆောင် ရွက်မပေးနိုင်ဘူး။ ကျနော်တို့တိုင်းပြည်လောက် သယံဇာတတွေ ဘာတွေ မရှိဘူးထင်ပါရဲ့။ မိသားစုအတွက်၊ နောက်လိုက် ကျွန်သဘောက်တွေအတွက်လောက်ပဲ ကြည့်ပေးတယ်။ အခုတော့ ကျောင်းအုပ်ပြုတ်ရေးပဲ စိတ်ဝင်စားနေတယ်ပေါ့။ အဓိကနဲ့ သာမညကို ခွဲပြလိုက်တာပါ။ ဒီတော့ ပါတီဥက္ကဋ္ဌကြီးကပဲ သူ့ပါတီဝင်တွေခေါ်ပြီး ထွက်သွားတယ်။
ဆန္ဒပြဆရာတွေက သူတို့နဲ့ အမြဲကန့်လန့်လုပ်နေတယ် စွပ်စွဲတော့ ကျောင်းသားတွေ အကျိုးပဲ ကြည့်တာပါ၊ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ လစာယူမယ့်အစား နာမည်ပျက်စာရင်းထဲပဲ ထည့်သင့်တယ်လို့ ပြောပါတယ်။ ကျောင်းမှာ ဆရာဆရာမတွေ (၃၈)ယောက် ရှိတယ်၊ ကိုယ့်ကလေးတွေကို ကိုယ့်ကျောင်းမှာပဲ စာသင်စေတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲတဲ့။ အတော် ဟက်ထိမယ့် မေးခွန်းပါပဲ။ တစ်ယောက် နှစ်ယောက်ပဲ အစိုးရကျောင်းမှာထားတယ်။ ရင်နာစရာနော်။ စစ်အာဏာရှင်တွေရဲ့ သားသမီး မြေးမြစ်တွေလိုပါပဲ။ မြန်မာ့ပညာရေးကို စနစ်တကျဖျက်ဆီးပြီး၊ သူတို့ကလေးတွေကျ နိုင်ငံခြားတက္ကသိုလ်တွေ စာသင်ကျောင်းတွေမှာ သွားထားတယ်နော်။ ရင်နာစရာပါပဲ။ ဆန္ဒပြခေါင်းဆောင်တွေကို သူ ကျောင်းထဲဝင်ရမလား မဝင်ရဘူးလား မေးပြီး ကျောင်းထဲဝင်ခွင့်ရသွားတယ်ပေါ့။
သတင်းတွေ မီဒီယာတွေကောင်းမှုနဲ့ ‘ဂီသာ’ နာမည်ကျော်သွားတယ်။ ဒီတော့ ပုဂ္ဂလိကကျောင်းအုပ်/ ပိုင်ရှင်က ညစ်တွန်းတွန်းတော့တာပဲ။ သူ့ယောက္ဖ ရှေ့နေနဲ့ ပေါင်းပြီး (၉)တန်းကျောင်းသားတွေကိစ္စ တရား စွဲတယ်။ စာမေးပွဲဖြေကာနီးချိန်လေးကပ်လုပ်တာ။ ပြိုင်ဖက်အားနည်းချိန်ကို မှန်းပြီး အလစ်ထိုးတာပေါ့။ စိတ်ဓာတ်ညံ့ ဖျင်းတဲ့သူတွေ။ နာဂစ်ဒဏ်ခံနေရချိန် အခြေခံဥပဒေပြဋ္ဌာန်းသလိုမျိုး။ ကိုဗစ်နဲ့ ဒုက္ခရောက်နေချိန် အာဏာသိမ်းတာမျိုးပေါ့။ စိတ်ဓာတ်မြင့်မြတ်တဲ့သူတွေဆိုရင် အပြေးပြိုင်ပွဲတခုမှာ ပြိုင်ဖက်က ဖိနပ်ပေါက်နေတာကို သိတော့ ကျောပိုးပြီး ပန်းတိုင်ဝင်သလိုပေါ့။
ပြည်နယ်အဆင့် ကျောင်းအားကစားပြိုင်ပွဲမှာ ‘ဂီသာ’တို့ကျောင်းက ဆုတော်တော်များများရတယ်။ ဒါလည်း ဒိုင်ညစ်ပတ်တွေကို အတိုက်အခံလုပ်ပြီးမှ ရလာတဲ့ အမှန်တရားတွေ။ ပညာရေးမှူးက အရင်တစ်ခေါက်က ‘ဂီသာ’ကို တိုင်စာအပို့ခံရလို့ စစ်ဆေးပြီးကတည်းက သူ့အကြောင်းသိထားတာကို။ ဒီတခေါက် အားကစားပွဲမှာ ‘ဂီသာ’တို့က ဗီဒီယိုမှတ်တမ်းတွေနဲ့တိုင်တော့ ပြန်ကစားခိုင်းတယ်။ ဒိုင်တွေကိုထုတ်ပစ်တယ်။ ဒီတော့ ‘ဂီသာ’ တို့ ဆုတွေရလာတယ်။ ဒီနေရာမှာလည်း ကျောင်းအားကစားအသင်း ခေါင်းဆောင်ကို သူ့ကိုဆန္ဒပြတဲ့အချိန်တုန်းက ခေါင်းဆောင်တဲ့ ကျောင်းဆရာကို ခန့်လိုက်တယ်။ ဟို (၈)နှစ် လောက် ခေါင်းဆောင်လုပ်ပြီး ဘာဆုမှ ယူမပေးနိုင်တဲ့ ကျောင်းဆရာမကို ဖြုတ်ပစ်လိုက်တာပေါ့။ ပြောသေး တယ်၊ ဆန္ဒပြတုန်းက လူထုကို စည်းရုံးနိုင်လို့ ဒီဆရာက အားကစားပြိုင်ပွဲ ရန်ပုံငွေ ရှာနိုင်မယ်တဲ့။ အသုံးချတတ်တယ်နော်။
ဒါပေမယ့် အောင်စာရင်းတွေ မထွက်ခင် တရက်မှာ အဖမ်းခံရတယ်။ မြို့လူထုတွေ ကျောင်းဆရာတွေ အကုန် ရဲစခန်းရှေ့ ဆန္ဒပြကြတယ်။ စခန်းမှူး မထိန်းနိုင်၊ မြို့နယ်မှူး မထိန်းနိုင်၊ လူထုက ည မအိပ်တန်း ဆန္ဒပြနေတာ။ ဆန္ဒပြတဲ့အထဲမှာ (၁၀)တန်းကျောင်းသားတွေ ပါတယ်။ အောင်စရင်းထွက်ချိန်၊ အွန်လိုင်း ကနေကြည့်ကြတော့ တော်တော်များများ အောင်ကြတယ်။ ပြည်နယ်မှူးတွေ ထင်တာပါပဲ၊ ရောက်လာပြီး တရားစွဲဆိုခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ (၉)တန်းကျောင်းသားတွေကို (၁၀)တန်းတက်ပေးတဲ့ကိစ္စမှာ၊ စာမေးပွဲ အောင်သူတွေ များတာကြောင့် ဘုတ်အဖွဲ့က လက်မှတ်ထိုးပြီး (၉)တန်းအောင်ပေးလိုက်တဲ့သဘောပေါ့။ ကျောင်းအုပ်ဆရာမကြီး အပြစ်မရှိအောင် လုပ်ပေးလိုက်တဲ့အတွက် လက်ရှိအမှုကနေ ကွင်းလုံးကျွတ်သွား တယ်ပေါ့။
တခုပဲ၊ အဲလို ထက်မြက်တဲ့ အမျိုးသမီးက စစ်တပ်က ဖြစ်နေတယ်။ စစ်သင်တန်းကျောင်းက ဗိုလ်ကြီးအဆင့်ပေါ့။ စစ်တပ်ကထွက်လာလို့ ဒီလိုမျိုး တော်နေတက်နေတယ်လို့ ပြောချင်တာလား တွေးမိတယ်။ ပေါ်လစီကား၊ ဝါဒဖြန့်ကားလား မသိပါဘူး။ တကယ်လို့သာ သာမန်မိသားစုလေးကနေ ထူးချွန်လာတဲ့ မိန်းကလေးတဦးက သူ့လိုမျိုး တခြားကလေးတွေ ထူးချွန်လာအောင် ကြိုးစားပေး တွန်းလှန်ပေးတယ်ဆိုရင် အတော် ပြည့်စုံတဲ့ ဇာတ် ကားဖြစ်လာမယ် ထင်တာပါပဲ။
လင်းလက်နွေဦး
၃၁.၁၂.၂၀၂၂ ညနေ ၂နာရီ ၃၄မိနစ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar