Breaking News

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို နောက်ဆုံး အမှုတွေအတွက် ပြစ်ဒဏ်ချ၊ မြန်မာနိုင်ငံမှာစစ်ဘေးရှောင် ဒုက္ခသည် ၁ သန်းခွဲရှိလာ


မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၃၀ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၃၁၊ ၂၀၂၂

 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို နောက်ဆုံး အမှုတွေအတွက် ပြစ်ဒဏ်ချ၊ မြန်မာနိုင်ငံမှာစစ်ဘေးရှောင် ဒုက္ခသည် ၁ သန်းခွဲရှိလာ

အမှုပေါင်း တဒါဇင်ကျော် နဲ့ တရားစွဲဆိုထားပြီး ၂ နှစ်နီးပါးကြာပြီးနောက်မှာ စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ချမှတ်ပြီး အဆုံးသတ်လိုက်ပါတယ်။ ပြက္ခဒိန်နှစ် မကုန်ခင်မှာ တရက်အလိုမှာ နောက်ဆုံး ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၇ နှစ်ပြီးဆုံးသွားတဲ့နောက် ၃၃ နှစ်ဆိုတဲ့ ပြစ်ဒဏ်က အတည်ဖြစ်တယ်လို့လည်း ပြစ်ဒဏ်ချဖို့ ညွှန်ကြားတဲ့ စစ်ကောင်စီကလည်း မျှော်လင့်မထားသလို နိုင်ငံရေး နယ်ပယ်ကသူတွေကလည်း မယုံကြည်ကြပါဘူး။ ဒီကိန်းဂဏန်းတွေဟာ တရားဥပဒေနဲ့ ဘယ်လိုမှ မညီညွတ်သလို စစ်ကောင်စီက နိုင်ငံရေးအရ နောက်ကွယ်က အမိန့်ပေးချမှတ်ခိုင်းတာသာ ဖြစ်တယ်လို့ အားလုံးက ယူဆထားပြီးဖြစ်ပါတယ်။ 

ခုနှစ်ထဲ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီကို ပြောဆိုခဲ့စဥ်မှာ အမှုတွေ ရင်ဆိုင်နေဆဲဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့ပါတယ်။ အမှုတွေ စီရင်ဆုံးဖြတ်ပြီးချိန်မှာတော့ စဥ်းစားပေးမယ်ဆိုတဲ့ သဘော စစ်ကောင်စီက ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခု အမှုတွေ ပြီးပြတ်သွားချိန်မှာ လာမယ့် နှစ်မှာ အလှည့်ကျမယ့် အာဆီယံ အထူးကိုယ်စားလှယ်က ထပ်မံတောင်းဆိုလာနိုင်ခြေရှိပြီး စစ်ကောင်စီဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမယ့် သဘောဖြစ်ပါတယ်။ NUG, CRPH, NUCC တို့ကို စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားပြီး ဆွေးနွေးစကားပြောနိုင်တဲ့ လမ်းကြောင်းကို ငြင်းပယ်ထားတာ ဖြစ်ပြီး တဖက် NUG, CRPH, NUCC တို့ဘက်ကလည်း စစ်ကောင်စီက တွေ့ဆုံဆွေးနွေးမယ်လို့ ကမ်းလှမ်းလာသည့်တိုင် လက်ခံဆွေးနွေးမယ် မဆွေးနွေးဘူးဆိုတာက တပိုင်း သီးခြားစဥ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ 

လာမယ့်၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကိုယူမယ့် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ယခင်နှစ် အလှည့်ကျ တာဝန်ယူတဲ့ ကမ္ဘာဒီးယားနိုင်ငံထက်ပိုပြီး စစ်ကောင်စီကို အာဆီယံသဘောတူညီမူ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် သဘောရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးရဲ့ ဗဟိုချက် တခုဖြစ်နေဆဲပဲလားဆိုတဲ့ မေးခွန်းလည်း တခုရှိနေတာ ဖြစ်ပါတယ်။ 

တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ ပြစ်ဒဏ်ချတာတွေက ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး အာဏာလွှဲပြောင်းယူခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၂၀ ကာလအတွင်းက NLD အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အပြစ်ရှာခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို စွပ်စွဲသက်သေပြဖို့ တရားရုံးတွေကို အသုံးချခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စင်မြင့်ပေါ် ပြန်မလာနိုင်အောင် အချိန်ကာလတခု အကျဥ်းထောင်ထဲ ထည့်ထားမယ့် စစ်တပ်ရဲ့ ရည်ရွယ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ 

၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက် NUG အစိုးရ ဖွဲ့စည်းလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG အကြားက ဆက်နွယ်မှု၊ လက်နက်ကိုင် နိုင်ငံရေး လမ်းကြောင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံသလား မထောက်ခံသလား ဆိုတဲ့ အခြေခံမေးခွန်းတွေ ရှိနေမှာဖြစ်ပြီး အပြင်နိုင်ငံရေးလို့ဆိုရမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ပြည်ပနိုင်ငံတချို့မှာ အခြေစိုက်တဲ့ NUG အစိုးရအဖွဲ့တွေရဲ့ အကောင်အထည်ဖော်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လောက် သဘောတူညီ ထောက်ခံမှုရှိသလဲ စတာတွေက မေးခွန်းသာရှိပြီး အဖြေမရှိသေးတဲ့ အချက်တွေ ဖြစ်နေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၃ ခုနှစ်မှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် လူအများကိုစည်းရုံးရာမှာ အသုံးပြုကြတဲ့ ရုပ်ပုံလွှာနိုင်ငံရေး ခေါင်းဆောင် တယောက်ထက် လက်တွေ့ မူဝါဒအပြောင်းအလဲတွေကို ကြိုးကိုင် ဆုံးဖြတ်နိုင်တဲ့ သူ ပြန်ဖြစ်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမယ့် အချက်လည်း ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး အကြာမှာ မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်အရေအတွက်က ၁ သန်းခွဲရှိလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာမသိမ်းမီက ၄ သိန်းကျော် ၅ သိန်းဝန်းကျင်သာ ရှိခဲ့ရာက စစ်အာဏာသိမ်းအပြီး လက်နက်ကိုင် တိုက်ခိုက်တဲ့ အဖွဲ့အစည်းအသစ်တွေ ပေါ်ထွက်လာခဲ့သလို နကိုက အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ စစ်ကောင်စီတပ်တွေ အကြားမှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာရာက ဒုက္ခသည် အရေအတွက် ၁ သန်းကျော် တိုးမြင့်လာတဲ့ သဘောဖြစ်ပါတယ်။ ၁ သန်းခွဲမျှသော ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရာမှာ အခက်အခဲတွေ၊ အဟန့်အတားတွေ၊ အကန့်အသတ်တွေ အများအပြားရှိနေပြီး အဆိုပါ တိုးပွားလာတဲ့ လူဦးရေ ၁ သန်းရဲ့ စိုက်ပျိုးကုန်ထုတ်လုပ်နိုင်မှုတွေ ဆုံးရှုံးတာ အသက်အန္တရာယ်ထိခိုက် သေဆုံးတာ ဒဏ်ရာရတာတွေ စတဲ့ အကျိုးဆက်တွေ အများအပြားရှိနေတာလည်း ဖြစ်ပါတယ်။ 

ဒုက္ခသည်ပြဿနာက စစ်ဘေးရှောင်ကြရတဲ့ ယာယီပြဿနာ တရပ်မျှမဟုတ်ပဲ စစ်ဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုတွေပါ ရှိနေတာဖြစ်ပြီး ကျိုးပဲ့သွားတဲ့ အရာတခုကို နေရာပြန်ချဖို့ ပြန်လည်ဆက်စပ်ဖို့က နှစ်နဲ့ချီအချိန်ယူရမယ့် သဘောလည်း ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar