Breaking News

ကိုအောင်မှိုင်း - ကြိုးစင်များ တမ်းချင်း


ကိုအောင်မှိုင်း - ကြိုးစင်များ တမ်းချင်း

(မိုးမခ) ဇန်နဝါရီ ၂ ၊ ၂၀၂၃


ကြိုးစင်ပေါ်မှာ

မှတ်တမ်းတွေ ရှိတယ်

ဂျူးလိယက်ဖူးချစ်

( သို့ )

ကိုဂျင်မီ

( သို့ )

ကိုဇေယျာသော်

( သို့ )

သူရဲကောင်းများစွာ

ကျုပ်တို့အနာဂတ်မှာ

ခင်ဗျားတို့ ထာဝရရှိနေကြတယ်။

ရဲရင့်တဲ့လူတယောက်

တုန်လှုပ်ခြင်းနဲ့ သန္နိဋ္ဌာန်

သစ္စာဖောက်မှုနဲ့ အန်တုခြင်း

ချစ်ခြင်းနဲ့ မုန်းခြင်းတရား

သောကနဲ့ မျှော်ကိုးချက်

ကြိုးစင်ပေါ်က မှတ်တမ်းတချိူ့။

လူ့ယဥ်ကျေးမှုရဲ့

ဘေးထွက်ဆိုးကျိုး

ဖက်ဆစ်စနစ်ဆိုးကို

ချက်လူမျိုးတို့ ရိုက်ချိုး

ပန်းကရော့

ဂတ်စတာပိုအကျဥ်းထောင်

နွေဦးရာသီ ၁၉၄၃ ခုနှစ်။


လူသားသမိုင်း

အဆိုးဝါးဆုံး ရက်စက်မှု

စစ်ရာဇဝတ်ကောင်တွေ

လူကို ခွေးသတ်ခဲ့လေခြင်း

အင်းစိန်ထောင်

ဖက်ဆစ်စစ်အကျဥ်းထောင်

နွေဦးရာသီ ၂၀၂၂ခုနှစ်။

"ထောင်များအတွင်းက ရဲဘော်တို့ရယ်

အေးစက်လှတဲ့ တံတိုင်းများနောက်ဝယ်

ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမဲ့လဲ

မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ

မင်းတို့ဟာ ငါတို့နဲ့ အတူတကွပဲ"။

ရဲဘော်ဖူးချစ်ရဲ့သီချင်းသံ

ရဲဘော်ဂျင်မီရဲ့သီချင်းသံ

ရဲဘော်ဇေယျာသော်ရဲ့သီချင်းသံ

မိုးချုန်းသံပမာ ကြားနေရ

လူသားဖြစ်တည်မှုတွက်

နာခံကြလော့ အာခံကြလော့။

ရဲရဲတောက်နေတဲ့

မင်းတို့မျက်လုံးတွေဟာ

ခံနိုင်ရည်အရှိဆုံးခုခံစစ်ပေါ့

မင်းတို့သီချင်းတွေဟာ

မင်းတို့အသက်စစ်စစ်တွေပေါ့

မင်းတို့သတ္တိတွေနဲ့

ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်ခဲ့ပြီပေါ့။


တိုက်တွေပေါ်ကခုန်ချခဲ့သူတွေ

ပေတရာလမ်းပေါ်က သွေးအိုင်တွေ

ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရသူတွေ

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေ

သူတို့အားလုံးအတွက် တရားမျှတမှုဆိုတာ

ကိုဓဥပဒေကလွဲပြီး ဘာများရှိဦးမှာလဲ။


ငါတို့ ငိုနေကြသလား

ငါတို့ တမ်းတနေကြသလား

ငါတို့ လွမ်းဆွတ်နေကြသလား

ငါတို့သီချင်းတွေ သီဆိုနေကြသလား

သေချာတာက

ငါတို့ အံကြိတ်ရင်း အံတုနေကြတယ်

ငါတို့ အံကြိတ်ရင်း စစ်ခင်းနေကြတယ်။

ငါတို့ အံကြိတ်ရင်း အဆုံးသတ်နေကြတယ်။

မင်းတို့ ခင်းခဲ့တဲ့လမ်း

ကြိုးစင်ပေါ်က မှတ်တမ်း

ချစ်ခြင်းတွေနဲ့ လက်ဆင့်ကမ်း

အဆုံးသတ်စစ်ကို တက်လှမ်းလို့

ပန်းတိုင်ဟာ လက်တကမ်းမှာ ရှိနေပါပြီ။

ကျေးဇူးရှိသူတွေကို

ကျေးဇူးသိသူတွေက

ဓားကို ဆေးသားတင်ရင်း

အလေးပြုကြပါတယ်

မမေ့မလျော့ သစ္စာပြုလို့

ဦးညွှတ်လိုက်ပါတယ် သူရဲကောင်းတို့။


ကိုအောင်မှိုင်း



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar