Breaking News

ပြက္ခဒိန်နှစ်တနှစ် ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်အစမှာလည်း တိုက်ပွဲတွေ မီးရှို့မှုတွေနဲ့ နှစ်သစ်ကို စတင်ဝင်ရောက်


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၂၃

 

ပြက္ခဒိန်နှစ်တနှစ် ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်အစမှာလည်း တိုက်ပွဲတွေ မီးရှို့မှုတွေနဲ့ နှစ်သစ်ကို စတင်ဝင်ရောက် 

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးက ကမကထ လုပ်တဲ့ နှစ်သစ်ကူး ဂီတဖျော်ဖြေပွဲ ၊ နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပနေချိန်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသ တို့မှာကတော့ သိန်းနဲ့ချီတဲ့သူတွေက နေစရာနေအိမ် မီးလောင်သွားလို့ တဲထိုးနေကြရသူတွေ၊ နေစရာအိမ်ရှိသည့်တိုင်အောင် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တပ်စွဲထားတာကြောင့် မိမိတို့နေအိမ်မှာ ညအိပ်ခွင့်မရှိကြပဲ ဒုက္ခသည်စခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းနဲ့ တောတောင်ထဲ ကွင်းထဲ တောအုပ်တွေထဲ ယာယီအမိုးအကာတွေနဲ့ အိပ်စက်ရင်း ၂၀၂၃ ခုနှစ်ကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ထဲမှာလည်း နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီမရွေး တိုက်ပွဲတွေ ဖြစ်နေခဲ့တာမို့လို့ စိုက်ပျိုးရေးလည်း ကောင်းကောင်းမလုပ်နိုင်သလို သိုမှီးထားတဲ့ ရိက္ခာတွေလည်း မသယ်ယူနိုင်ပဲ မီးရှို့ဖျက်ဆီးခံရ၊ လုယက်ယူဆောင်ခံတာတွေ ဖြစ်ပွားခဲ့ပြီး မိသားစုဝင်တွေ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေလည်း အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ 

မြို့ပေါ်မှာ နေထိုင်သူတွေ အနေနဲ့ ဗုံးကွဲမှု ပစ်ခတ်မှုတွေ အခါအားလျော်စွာ ကြုံကောင်းကြုံကြရပေမယ့် ကျေးလက်က ပြည်သူတွေလောက် လက်နက်ကိုင် တိုက်ပွဲတွေရဲ့ ဒဏ်၊ ဖမ်းဆီးခံရမှု၊ ညှင်းပန်းသတ်ဖြတ်ခံရမှုတို့ရဲ့ အကျိုးဆက်ကို ခံစားကြရတာ မဟုတ်ပါဘူး။ ကျေးရွာတွေက လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်တွေ နဲ့ ဆက်စပ်နေတာ သို့မဟုတ် ကျေးရွာတွေမှာပဲ ပြောက်ကျားစစ်နဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေကြတာ ဖြစ်လို့ ကျေးလက်က ပြည်သူတွေ အနေနဲ့ စစ်ပွဲရဲ့ သက်ရောက်မှုကို ထိပ်ဆုံးက ခံစားကြရတာ ဖြစ်ပါတယ်။ 

အခု စတင်ဝင်ရောက်တဲ့ ၂၀၂၃ ခုနှစ်ဟာ အာဏာရှင် စစ်တပ်ရဲ့ နိဂုံးလို့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေအကြား ကြွေးကြော် လှုံ့ဆော်နေကြတာလည်း ဖြစ်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာကနေ စိတ်အားတက်ကြွဖွယ် ကာရန်ညီတဲ့ ကြွေးကြော်သံတွေ ၂၀၂၁ ခုနှစ်လယ်ပိုင်း ၊ ၂၀၂၂ ခုနှစ်တွေမှာ ရှိခဲ့တာမို့လို့ ဒီ ကြွေးကြော်သံတွေက နိုင်ငံရေး အနာဂတ်ကို ခန့်မှန်းတယ်ဆိုတာထက် စိတ်အားတက်ကြွအောင် အားပေးတဲ့ သဘောလို့ ယူဆစရာ ရှိပါတယ်။ 

NUG ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ၂၀၂၃ ခုနှစ်ဟာ နိုင်ငံရေး အလှည့်အပြောင်းနှစ် ဖြစ်မယ်လို့ ပြောဆိုလိုက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ အခြားအရေးကြီးတဲ့ အဖွဲ့အစည်းတွေနဲ့ စည်းလုံးမှုပိုမိုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်လို့ အဆုံးအဖြတ်နှစ် ဖြစ်လိမ့်မယ်လို့ ဆိုသွားပါတယ်။ 

ဘယ်လို ဆွေးနွေး သဘောတူညီမှု ရသလဲ၊ ကုန်ခဲ့တဲ့နှစ်နဲ့မတူတဲ့ လုပ်ဆောင်မှုတွေက ဘာတွေရှိမလဲ ဆိုတဲ့အထိ ပုံဖေါ် ရှင်းပြသွားခြင်း မရှိတာကြောင့် ၂၀၂၃ ခုနှစ်က ကုန်ခဲ့တဲ့ နှစ်ထက်ကို နိုင်ငံရေး ၊ စစ်ရေး ချိန်ခွင်လျှာ သိသိသာသာ ပြောင်းလဲနိုင်မလားဆိုတာတော့ ပြောဖို့ စောသေးတဲ့ သဘောတွေ့ရပါတယ်။ 

ပြင်ပနိုင်ငံက ကူညီမှု အနေနဲ့ ဘားမားအက်လို့ခေါ်တဲ့ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်ထဲမှာ မြန်မာ့ အတိုက်အခံ၊ စစ်ဘေးဒဏ်ခံရတဲ့ ဒုက္ခသည်တွေ၊ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ NUG, CRPH, PDF, NUCC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လူသတ်လက်နက်မဟုတ်တဲ့ အကူအညီ တနှစ်ကို သန်း ၅၀ နဲ့ ၅ နှစ်ပေးဖို့ အတည်ပြုခဲ့ခြင်းက လက်နက်ကိုင် တော်လှန်ရေးရဲ့ အရှိန်အဟုန် ပိုကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်လည်း ရှိကောင်းရှိနိုင်ပါတယ်။ 

တဖက်မှာလည်း လက်နက်ကိုင်တိုက်ခိုက်မှု နည်းလမ်းဖြင့်သာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို လျှောက်လှမ်းမယ်လို့ ဆုံးဖြတ်သတ်မှတ်ထားခဲ့တယ်ဆိုရင် တကွဲတပြားစီဖြစ်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အခုထက်ပို၍ စုစည်းမှုရအောင် ၊ အမိန့် တခုထည်းအောက်မှာ ရှိအောင်၊ NUG အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နယ်မြေမှာ ခိုလှုံနေရတဲ့ အနေအထားကနေ မိမိတို့ ကိုယ်ပိုင်ရွေးချယ်ထားတဲ့ လွတ်မြောက်နယ်မြေ ဒေသတခု သတ်မှတ်ကာ အခြေစိုက်နိုင်အောင် ပြင်ဆင်တည်ဆောက်ဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ 

လက်နက်ကိုင်လမ်းစဥ်တွေ ရဲ့ အဆုံးအဖြတ် အောင်ပွဲရရှိတဲ့ နိုင်ငံတကာရဲ့  သာဓကတွေကို သရုပ်ခွဲလေ့လာ ဖို့လည်း လိုအပ်မှာ ဖြစ်သလို ကမ္ဘာ့နိုင်ငံရေး နောက်ခံ ၊ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထား စတဲ့အချက်တွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ မရှိမဖြစ် လိုအပ်တာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar