Breaking News

လာမယ့် ရွေးကောက်ပွဲကို ဘယ်လိုသဘောထားကြမလဲ၊ ပတ်စ်ပို့ ထုတ်ပေးတာ ယာယီရပ်ဆိုင်း


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၂၃


လာမယ့် ရွေးကောက်ပွဲကို ဘယ်လိုသဘောထားကြမလဲ၊ ပတ်စ်ပို့ ထုတ်ပေးတာ ယာယီရပ်ဆိုင်း

၂၀၂၃ သြဂုတ်လမှာ ကျင်းပမယ်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲကို ကြေညာဖို့ လအနည်းငယ်သာ အချိန်ကျန်ရှိပြီး စစ်ကောင်စီ အနေနဲ့ ရွေးကောက်ပွဲကို တကယ်ကျင်းပမှာလား၊ နောက်ထပ် အရေးပေါ်ကာလ ဆိုတာကို တကြိမ် ပြန်ကျော့တာမျိုး ဖြစ်မလား သို့မဟုတ် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး စစ်အာဏာသိမ်းမှုကို ပြောင်ပြောင်ပဲ ကြေညာပြီး ဆက်သွားမလားဆိုတဲ့ ရွေးချယ်စရာ နည်းလမ်းအချို့လည်း ရှိနေတာဖြစ်ပါတယ်။ 

စစ်ကောင်စီက ၂၀၀၈ အခြေခံဥပဒေ မပျက်ပါဘူးလို့ဆိုပြီး ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်လုပ်ကာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အခြေအနေ အခင်းအကျင်းမျိုး ဖြစ်ဖို့ မျှော်လင့်ထားပုံရတယ်လို့ ယေဘုယျ အားဖြင့် ကောက်ချက်ချနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ မှာ စစ်ကောင်စီခေါင်းဆောင် ပြောတဲ့ နှစ်သစ်ကူး မိန့်ခွန်းကို ကြည့်ရင် ရွေးကောက်ပွဲကို တိုင်းရင်းသားဒေသတွေမှာပါ  အကြား အလပ် မရှိကျင်းပနိုင်အောင် ကြိုးစားမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကို အကဲခတ်ကြည့်ရင် ရွေးကောက်ပွဲလုပ်ခြင်းဟာ စစ်ကောင်စီရဲ့ တခုတည်းသော ဖိအားတွေ လျော့ချဖို့ ကြိုးစားတဲ့ နည်းလမ်းဖြစ်ပြီး ရွေးကောက်ပွဲကြောင့် စစ်တပ်ရဲ့ အာဏာဆုံးရှုံးမှာမဟုတ်ပဲ စစ်တပ်က အငြိမ်းစားယူတဲ့ ဗိုလ်ချုပ်တွေ ဦးဆောင်ကြတဲ့ ကြံ့ခိုင်ရေး ပါတီက အာဏာရအောင် အကွက်ချ လုပ်ဆောင်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ မှာတုန်းကလည်း ကိုယ့်ဖဲ ကိုယ်ချိုးနိုင်အောင် တဖက်မှာ အရပ်သား တပိုင်းအစိုးရ ဖြစ်တယ်လို့ ကြေညာနိုင်အောင်၊ ရွေးကောက်ပွဲနဲ့ အာဏာရလာတယ်လို့ ကမ္ဘာကို အပြကောင်းအောင် ရွေးကောက်ပွဲ လုပ်ခဲ့ပြီး ကြံ့ခိုင်ရေးက အများစုနဲ့ အစိုးရဖွဲ့ခဲ့တာဖြစ်ပြီး အဲဒီရွေးကောက်ပွဲမှာ အနိုင်ရကာ အစိုးရဖွဲ့ခဲ့တဲ့ ဦးသိန်းစိန် အစိုးရဟာ စခါစမှာ နိုင်ငံတကာရဲ့ ယုံကြည်မှုကို မရခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ခြေလှမ်းတွေကတဆင့် နိုင်ငံတကာက လက်ခံခဲ့ကြတာဖြစ်ပါတယ်။ 

သို့ပေမယ့် ၂၀၁၀ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အခု ၂၀၂၃ ခုနှစ် မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲက အခြေအနေ နောက်ခံခြင်းတော့ မတူညီပါဘူး။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ လုပ်ချိန်မှာ စစ်တပ်က အာဏာကို တင်းတင်းဆုပ်ကိုင်ထားနိုင်ချိန် ဖြစ်ပြီး နိုင်ငံတွင်း လက်နက်ကိုင် တိုက်ပွဲတွေ အခုလိုကျယ်ပြန့်စွာ ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ့်အချိန် မှာတော့ လက်နက်ကိုင် တိုက်ပွဲတွေက နယ်စပ်ဒေသတွေ တင်မဟုတ်ပဲ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း အထက်ပိုင်း မဟာဗျူဟာ ကျတဲ့ တောင်မြောက် ဆက်သွယ်နေတဲ့ ကားလမ်းတွေ ရေကြောင်းလမ်းတွေ တလျှောက် ဖြစ်ပွားနေတာပါ။ 

မြို့တွေမှာ မြို့ပြပြောက်ကျားလို့ ယေဘုယျ ခေါ်ဆိုကြတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး စစ်တပ်အုပ်ချုပ်ရေးကို နှောင့်ယှက်မယ့် မြေအောက် လှုပ်ရှားမှုတွေ ကျယ်ပြန့်စွာ ဖြစ်ပွားနေချိန် ၊ အုပ်ချုပ်ရေး ယန္တရား မရောက်တဲ့ ဒေသတွေ၊ မြို့နယ်တွေ ၊ ကျေးရွာတွေ အများအပြားရှိနေချိန်လည်း ဖြစ်ပါတယ်။ 

ဒီလို အခြေအနေအောက်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အချက်ကို သံသယဖြစ်ကြတာလည်း ရှိနေတာဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီအနေနဲ့ နိုင်ငံတကာကို လှည့်စားဖို့ နိုင်ငံတကာရဲ့ ဖိအားတွေကို အတိုင်းအတာတခုထိ လျော့ပါးစေလိမ့်မယ်လို့ မျှော်လင့်ကာ ပြည်တွင်းမှာလည်း ရွေးကောက်ပွဲနဲ့ အာဏာရလာတယ်ဆိုတာကို ပြသနိုင်ဖို့အတွက် လာမယ့် ရွေးကောက်ပွဲကို အသုံးချမှာဖြစ်ပါတယ်။  ဒီရွေးကောက်ပွဲက သူတို့ကို နိုင်ငံရေးအရ အရာဝင်အောင် လုပ်မယ့်အခွင့်အရေး တခုလည်းဖြစ်ပါလိမ့်မယ်။ တကယ်အောင်မြင်လား မအောင်မြင်လားဆိုတာတော့ ပြောဖို့စောနေဦးမှာ ဖြစ်ပေမယ့် ကမ္ဘာ့အခြေအနေက ၂၀၁၀ နောက်ခံ အခြေအနေမျိုးမဟုတ်တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ 

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်ခြင်း၊ မလုပ်ခြင်းထက်ကို လက်ရှိ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လက်နက်အင်အားကို သုံးပြီး အရပ်သားတွေ သေဆုံးနေရတာတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာတွေ၊ နှိပ်စက်ညှဉ်းပန်းခံနေရတာတွေကို အဆုံးသတ်စေချင်တာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုလို့ မြန်မာလို သုံးနှုန်းပြီး အင်္ဂလိပ်ဘာသာနဲ့ Violence လို့ခေါ်တဲ့ အင်အားနဲ့ အကြမ်းပတမ်း လုပ်အနိုင်ယူ ခြိမ်းခြောက်ကာ အာဏာသုံးကာ လူထုကို ဖမ်းဆီးတာ သတ်ဖြတ်တာ နေအိမ်ရပ်ရွာတွေ မီးရှို့တာတွေကို ရပ်တန့်ဖို့ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ 

NUG အနေနဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးဆိုတာတော့ ရှင်းလင်းတဲ့အချက် အငြင်းပွားစရာ မလိုတဲ့အချက် ဖြစ်ပါတယ်။ သို့သော် ဒိထက်ပိုတဲ့ ညွှန်ကြားချက်မျိုး လူထုနဲ့ စစ်ကောင်စီမဟုတ်တဲ့ အခြားသော နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ ဖြစ်စဥ်မှာ မငြင်းသာပဲ ပါဝင်လာနိုင်ခြေရှိတဲ့ အရပ်သားတွေ အပေါ်မှာ ဘယ်လို ပြုမူရမလဲ ဆိုတာတွေ အထိ ပြောဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခုရက်ပိုင်းတွေမှာ ပြည်နယ် နဲ့တိုင်းဒေသတွေမှာ မြေပြင် စာရင်းကောက်တယ်ဆိုတဲ့ လူဦးရေစာရင်း ကောက်ယူ အတည်ပြုတာတွေ လုပ်ဖို့ ပြင်ဆင်နေကြတာလည်း တွေ့နေရပြီ ဖြစ်ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေ ပရဟိတ အဖွဲ့တွေကို လူဦးရေ စာရင်းကောက်ယူရာမှာ စစ်ကောင်စီက ကူညီဖို့ခေါ်ယူ နေတာလည်းတွေ့နေရပါတယ်။ ဒီလှုပ်ရှားမှုတွေကို ဘယ်လို သဘောထားမလဲ ၊ ရွေးကောက်ပွဲ ရက်ကြေညာမှုတွေ လုပ်လာခဲ့တဲ့နောက် ပါဝင်ရွေးခံမယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေ အပေါ် ဘယ်လိုသဘောထားမလဲဆိုတာတွေက ဆွေးနွေးဆုံးဖြတ်ထားဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ နေ့စဥ် လူထောင်ချီ တန်းစီကာ ပတ်စ်ပို့ စာအုပ်ရဖို့ လျှောက်လွှာတင် ထုတ်ယူနေကြတဲ့ လုပ်ငန်းစဥ်ကို ၂၀၂၃ ခုနှစ် ရုံးပြန်ဖွင့်ရက်မှာ ခေတ္တရပ်ဆိုင်းထားကြောင်း  ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ရန်ကုန်တမြို့ထဲတင် တရက်ကို လူ ၂၅၀၀ ကနေ ၃၀၀၀ အထိ ပတ်စ်ပို့ လျှောက်ထားနေကြပြီး ပြည်နယ်နဲ့ တိုင်း ရုံးစိုက်ရာ နယ်မြို့ အသီးသီးမှာလည်း ထုတ်ပေးနေကြတာဖြစ်ပါတယ်။ 

စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးမှုနဲ့ လက်နက်ကိုင် တိုက်ပွဲရဲ့ အကျိုးဆက် လူငယ် လူရွယ်တွေ အဖမ်းအဆီးခံရနိုင်ခြေ အန္တရာယ်လည်း မြင့်တက်လာမှုတွေက ပြည်ပကို ထွက်ခွာ အလုပ်လုပ်ကြဖို့ ဖြစ်လာစေတာပါ။ အိုင်အိုအမ် လို့ခေါ်တဲ့ နိုင်ငံကတာ ရွှေ့ပြောင်းလုပ်သား ဆိုင်ရာအဖွဲ့ကြီးရဲ့ သုတေသန လုပ်ဆောင်မှုအရ တလကို မြန်မာနိုင်ငံသား ၄သောင်းလောက် ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြတယ်လို့ဆိုထားတာလည်း တွေ့ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar