လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲ၊ ထိုင်းမြန်မာနယ်စပ် တံတား ၃ နှစ်ဝန်းကျင်အကြာမှာ ပြန်ဖွင့်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၂၃
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲ၊ ထိုင်းမြန်မာနယ်စပ် တံတား ၃ နှစ်ဝန်းကျင်အကြာမှာ ပြန်ဖွင့်
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က Victoria camp လို့ခေါ်တဲ့ Chin National Front, CNF ရဲ့ ဌာနချုပ် စခန်းကို စစ်ကောင်စီလေတပ် တိုက်လေယာဥ်တွေက လေကြောင်းတိုက်ခိုက်အပြီး ၂ ရက်အကြာမှာ ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေထဲက ကျေးရွာတရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာမှာ ခရစ်ယာန်ဘုန်းတော်ကြီး ၂ ပါး သေဆုံးခဲ့ပြန်ပါတယ်။ အဲဒီသတင်းတွေမတိုင်ခင် ရက်အနည်းငယ်က ကချင်ပြည်နယ် ဗန်းမော်အနီး ဧရာဝတီမြစ်ထဲ ရွှေတူးနေတဲ့ဖောင်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးပြီး သေဆုံးမှုလည်း ရှိခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်က CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုဟာ ဆယ်စုနှစ်ချီတဲ့ကာလအတွင်း ပထမဆုံးဖြစ်ပြီး မြစ်ကြောင်းမှာ တရားမဝင် ရွှေကျင်တဲ့ဖောင်တွေကို လေကြောင်းတိုက်ခိုက်မှုမျိုးကလည်း ယခင်က တကြိမ်တခါမျှ မဖြစ်ပွားဖူးခဲ့ပါဘူး။ စစ်ကောင်စီအနေနဲ့ မြေပြင်ကနေ စိုးမိုးမှု လျော့ကျလာတာ ထင်ရှားပြီး မြေပြင်မှာစိုးမိုးနိုင်ဖို့အတွက် လမ်းခရီးမှာ ကြားဖြတ်တိုက်ခိုက်ခံရတာတွေ ပိုများလာတာကြောင့် မြေပြင်လမ်းခရီး စခန်း၊ လက်နက်ကိုင်အဖွဲ့တွေ စိုးမိုးရာနယ်မြေကို သိမ်းယူ ထိန်းချုပ်ဖို့ထက် စစ်ကောင်စီအနေနဲ့ အခုအခါမှာ တဖက်ရန်သူလို့ သူတို့သတ်မှတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အထိနာအောင် အထိုင်စခန်းတွေ အတည် တကျ စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ ရည်ရွယ် လုပ်ဆောင်လာပုံရပါတယ်။ အဲဒီလို မကြာခဏ လေကြောင်းက တိုက်ခိုက်မှုတွေ ဖျက်ဆီးမှုတွေ လုပ်ဆောင်ခြင်းဖြင့် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စခန်းအထိုင်ချဖို့ ခက်ခဲအောင် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို မိမိတို့စခန်းတွေ အထိုင်ကျစေလိုရင် စစ်ကောင်စီနဲ့ စကားပြောလာအောင် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
ဒိထက်ဆိုးတဲ့ လေကြောင်းတိုက်ခိုက်မှုက ရွှေတူးတဲ့ ဖောင်တွေကို လေကြောင်းက တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ရွှေတူးတဲ့ ဖောင်တွေကို တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ဖို့ရာ ရဲ၊ သက်ဆိုင်ရာ သစ်တော၊ မြစ် ကြောင်းနဲ့ပတ်သက်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ကြပ်မတ်ဖို့ လုပ်ရမယ့် အစား လက်နက်ကိုင် အဖွဲ့သဖွယ် တကြိမ်တခါမျှ မလုပ်ဖူးတဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ အဖြစ်က စစ်ကောင်စီအနေနဲ့ မြေပြင်မှာ မစိုးမိုးတော့တာကို လှစ်ဟပြလိုက်သလို ဖြစ်စေပါတယ်။ အခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေအတွက်လုပ်ဆောင်ဖို့ လိုအပ်တာမှန်ပေမယ့် လေယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်စရာ အကြောင်းမရှိတဲ့ဖြစ်ရပ်မျိုးတွေ ဖြစ်ပွားလာတာဟာ မြန်မာ နိုင်ငံရဲ့ အကြပ်အတည်းက ဘယ်လောက်ထိ အခြေအနေဆိုးရွားနေပြီလဲ ဆိုတာ ပြသနေသလို ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ မြေပြင်တပ်တွေ အကျအဆုံးများနေတာ၊ နေရာအနှံ့အပြား စစ်မြေပြင်ဖြစ်နေတာက မြေပြင်ကနေစိုးမိုးတဲ့ သမရိုးကျ ရင်ဆိုင်တိုက်ခိုက်ရေး ချေမှုန်းရေး ဗျူဟာကျင့်သုံးမှုကို လျော့ချပြီး လေကြောင်းကနေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အထိုင်စခန်းတွေ ဌာနချုပ်တွေကို တိုက်ခိုက်ခြင်းဖြင့် အသာစီးရအောင် လုပ်ဆောင်တာမျိုး၊ စစ်ကောင်စီ အထိုင်ချထားတဲ့ ခြေကုပ်စခန်းကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နဲ့ PDF တွေ လာရောက်တိုက်ခိုက်မှုကို တုံ့ပြန်တာမျိုးတွေမှာ ပိုမိုသုံးလာတာ ဖြစ်ပါတယ်။
ဒီနေ့ အတွက်အခြားသတင်းတပုဒ်ကတော့ ကိုဗစ်ဖြစ်ပွားပြီးကတည်းက ပိတ်ထားခဲ့တဲ့ မြန်မာ ထိုင်းနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့အကြား ချစ်ကြည်ရေး တံတား အမှတ် ၁ နယ်စပ်ကူးသန်းတဲ့ ဂိတ်ကို ပြန်ဖွင့်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်ဖြစ်ပွားပြီးနောက်မှာ တံတားအမှတ် ၁ ကို ပိတ်ထားခဲ့ပြီး ကုန်စည်ရောင်းဝယ်မှုတွေနဲ့ တရားမဝင် ဖမ်းဆီးခံရသူတွေ ပြန်လွှဲပြောင်းတာ၊ ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်ပို့တဲ့ ကိစ္စတွေမှာ အသစ်ဆောက်လုပ်တဲ့ တံတားအမှတ် ၂ ကို အသုံးပြုခဲ့ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေ သို့မဟုတ် တခြားနိုင်ငံသားတွေ အပြန်အလှန် ကူးသန်းတဲ့ တံတား အမှတ် ၁ ကိုတော့ ကိုဗစ်ကူးစက်မှုနဲ့ နောက်ပိုင်းမှာ စစ်အာဏာ သိမ်းမှုကြောင့် လုံခြုံရေး အခြေအနေအရပါ ပိတ်ထားခဲ့ရာက ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်လိုက်တဲ့ သတင်းဖြစ်ပါတယ်။
မကြာခင်က မြဝတီ ကော့ကရိတ် အမြန်လမ်းမကြီး ၁၀ ရက်ဝန်းကျင်ကျော်ကြာ ပိတ်ဆို့နေခဲ့ရာက ပြန်ပွင့်တာ သီတင်းတပတ်အကြာမှာ ထိုင်းမြန်မာ နယ်စပ်တံတား ပြန်ဖွင့်လိုက်တာ ဖြစ်ပါတယ်။ မဲဆောက်မြို့မှာ နေထိုင်နေကြတဲ့ စစ်ကောင်စီ ဆန့်ကျင်တဲ့ နိုင်ငံရေ းသမားတွေ၊ အရပ်ဖက် စီဒီအမ် တိမ်းရှောင်သူတွေ၊ စစ်ကောင်စီတပ်က စီဒီအမ်တပ်သားတွေ၊ သတင်းသမားတွေအနေနဲ့တော့ လုံခြုံ ရေးကို အနည်းငယ်ပိုပြီး သတိထားရမယ့်အနေအထားလို့ ယူဆရပါတယ်။ သတင်းရယူမှုတွေတင်မကပဲ လုပ်ကြံသတ်ဖြတ်မှု ပြန်ပေးဆွဲ ဖမ်းဆီးမှုတွေလည်း ဖြစ်နိုင်စရာရှိလာတာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar