Breaking News

ကိုအောင်မှိုင်း - တော်လှန်ပြောက်ကျား တိုက်ပွဲပျော်များ


ကိုအောင်မှိုင်း - တော်လှန်ပြောက်ကျား တိုက်ပွဲပျော်များ

(မိုးမခ) ဇန်နဝါရီ ၂၁၊ ၂၀၂၂


နွေဦး

တော်လှန်ပြောက်ကျား

တိုက်ပွဲပျော်များ

ပြည်တောင်တလွှား ပြည့်အင်အား။

၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့နှစ်လို့ ပြောရမှာပါ။ အမျိုးသားညီညွတ် ရေးအစိုးရ NUG အနေနဲ့လည်း တနှစ်အတွင်း စစ်အနိုင်တိုက်ရေးပေါ်လစီကို အတိအလင်း ကြေညာလိုက်တာ တွေ့ရပါတယ်။

မဟာဗျူဟာကဏ္ဍ ( ၆ ) ရပ်နဲ့ လုပ်ငန်းအစီအစဥ် ၁၅ ခုကို ဆောင်ရွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ထားတာလည်းတွေ့ရပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုအရ ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ NUG အစိုးရကို ဝေဖန်မှုတွေ ပြုလုပ်ကြဖို့ လူထုတရပ်လုံးကို ယာယီသမ္မတ ဒူဝါလရှီးလက တောင်းဆိုထားတာလည်းတွေ့ရလို့ အပြုသဘောဆောင်တယ်လို့ ခံစားမိပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၂၃ ခုနှစ်ကို အဆုံးအဖြတ်နှစ်အဖြစ် ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြ တဲ့ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူများအနေနဲ့ အားသွန်ခွန်စိုက် လုံးပန်းတိုက်ပွဲဝင်သွားကြရ မှာကတော့ သေချာပါတယ်။ 

ဘက်တဘက်က ပြောရရင် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကအစ သံတမန်ရေးအဆုံး ခံစစ်ဘဝကို ရောက်သွားပြီဖြစ်တာကလည်း ငြင်းလို့မရတဲ့ အနေအထားဖြစ်ပါတယ်။ 

NUG အစိုးရအနေနဲ့ နိုင်ငံတကာထောက်ခံမှုက ၂၀၂၂ ခုနှစ်ထက် သိသာစွာ တိုးတက်ကောင်းမွန်လာတာကိုလည်း အခိုင်အမာ တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ သဘောထား၊ အမေရိကန်နိုင်ငံရဲ့ NDAA ဆုံးဖြတ်ချက် စတာတွေကတော့ သိသာထင်ရှားတဲ့ သံခင်းတမန်ခင်းဆိုင်ရာ တိုးတက်မှုတွေဖြစ်လာသလို တရုတ်အစိုးရရဲ့ အမြင်သဘောထားပြောင်းလဲလာမှုတွေကလည်း တိုးတက်ဖြစ်ထွန်းလာတယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ 

စစ်ဗိုလ်ချုပ်တွေအနေနဲ့ လက်နက်အားကိုး အာဏာသိမ်းပြီး ကိုယ်ကျိုးစီးပွါးအတွက် လူတွေထောင်ချီသတ်မယ်၊ လူတွေ သောင်းချီသတ်မယ်၊ လူတွေ သိန်းချီသတ်မယ် ဆိုတာမျိူးကို ဘယ်ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတွေကမှ လက်ခံမှာမဟုတ်ဘူးဆိုတာ ၇၄ နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့မှာ နိုင်ငံတကာ တိုင်းပြည်တွေအနေနဲ့ ပြောင်ပြောင်တင်းတင်း သက်သေပြလိုက်ကြပြီ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တိုင်းပြည်ပေါင်း ၁၀၀ နီးပါးရှိရာက ၃ နိုင်ငံသာ လွတ်လပ်ရေးနေ့ သဝဏ်လွှာပို့ခဲ့တယ်လို့ သိရပါတယ်။

အခြားဘက်တဘက်အနေနဲ့ ဗမာတိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ဖို့ အပြန်အလှန် ယုံကြည်မှုတွေတည်ဆောက်ရာမှာ ခိုင်မာတဲ့ ကတိကဝတ်တွေ ရှိရမှာဖြစ်ပါတယ်။ 

ပင်လုံစိတ်ဓာတ် ဆိုတာထက် ပင်လုံကတိကဝတ်ဆိုတာက ပိုပြီးလက်ဆုပ်လက်ကိုင်ရှိမှာဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့လည်း ပင်လုံကတိကဝတ်ဆိုတာကို ပိုလက်ခံလိမ့်မယ်လို့ ကျနော်ယူဆမိပါတယ်။ 

ဆိုလိုချင်တာက ကနေ့ ဗမာတိုင်းရင်းသားများ အပါအဝင် လူမျိုးပေါင်းစုံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဥ်းတခု ပေါ်ပေါက်ရေးမှာတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။ ချာတာ ၁ နဲ့ ၂ ဆိုတာလောက်နဲ့ အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်ကြဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ CRPH ဖြစ်စေ NUCC ဖြစ်စေ NUG ဖြစ်စေ တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမှာကတော့ သမိုင်းတာဝန်လို့ပဲ ပြောရတော့မယ် ထင်ပါတယ်။

စစ်အနိုင်တိုက်ဖို့ဆိုတာ ခိုင်လုံတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။ အနည်းဆုံး မိမိအခြေအနေ ရန်သူ့အခြေအနေ၊ မဟာမိတ်အခြေအနေ နိုင်ငံတကာအခြေအနေနဲ့ လက်ရှိလူထုအခြေအနေကို အခိုင်အမာသုံးသပ်ဖို့ လိုမှာဖြစ်ပါတယ်။ ဒီနေရာမှာ၊ ဒီအခြေအနေတွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးကအစ လိုအပ်ချက်တွေကို ဘက်စုံသုံးသပ်ကြရတာလဲ ဖြစ်ပါတယ်။ ကျနော့်တဦးတည်း အမြင်အရ စစ်နိုင်ဖို့အချက်အလက်တွေက အင်နဲ့အားနဲ့ တိုးပွားလာတာ နေ့စဥ်နဲ့အမျှ ဖြစ်ထွန်းမှုတွေအဖြစ် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ 

အဓိကအကျဆုံးဖြစ်တဲ့ လူထုအခြေအနေဟာ အထွတ်အထိပ်ကို ရောက်နေပြီလို့ သုံးသပ်လို့ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲပုံသဏ္ဌာန်ကို ရန်သူက ပြဋ္ဌာန်းပေးလေ့ရှိပါတယ်။ ကနေ့ ဖက်ဆစ်စစ်တပ်က မြန်မာနိုင်ငံ ပြည်သူလူထုတရပ်လုံးကို ပြဋ္ဌာန်းပေးလိုက်တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကတော့ အသတ်ခံမလား၊ ခုခံတိုက်ခိုက်မလားဆိုတဲ့ မေးခွန်းဆိုင်ရာ ပြဋ္ဌာန်းချက်ပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေဟာ ဘယ်လိုမှ ကျေအေးလို့ မရတော့သလို ဘယ်ရွေးကောက်ပွဲကမှ ပြေငြိမ်းအောင် မဖန်တီးနိုင်ဘူးဆိုတာ လူထုက အခိုင်အမာ ဆုံးဖြတ်ပြီး ဖြစ်နေပြီဆိုတာပါပဲ။

ကနေ့ ပြည်တွင်းစစ်ကြီး ဖြစ်နေတာပါ။ ဖောက်ပြန်တဲ့မြို့နေ လူတစု သောက်စားမူးယစ်ပျော်ပါးနေတာကို တနိုင်ငံလုံး အေးချမ်းနေတယ်လို့ ပြောချင်ရင်တော့ လိမ်ညာမှုတခုထက်ပိုစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။

ကနေ့ နည်းပညာဖွံ့ဖြိုးတဲ့ခေတ်ကြီးမှာ လိမ်ချင်တိုင်း လိမ်လို့မရတော့ပါဘူး။ AAPP နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအဆိုအရ လူပေါင်း ၁၇၃၈၇ ယောက် အဖမ်းခံထားရတဲ့အထဲက ၁၃၆၁၃ ဟာ အဖမ်းခံထားရဆဲလို့ သိရပါတယ်။ စစ်တပ်က ၂၇၅၀ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ 

ဒီထဲမှာ ကလေး ၂၇၈ ယောက် ပါတာတွေ့ရပြီး ကလေးသူငယ် ၄၈၆ ယောက် အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။ အဖမ်းခံခဲ့ရသူတွေထဲမှာ အမျိုးသမီး ၃၆၅၁ယောက် ဖြစ်ပြီး သေဒဏ်ပေးခံရသူ ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်ထိ ရွာပေါင်း ၃၈၅၆၈ ကျော် မီးရှို့ဖျက်ဆီးခြင်းခံရပြီး လူပေါင်း ၂ သန်းနီးပါး ဒုက္ခသည်ဘဝကို ရောက်ရှိနေရပြီဖြစ်ပါတယ်။ 

ပြောရမယ်ဆိုရင် နိုဝင်ဘာလ ၁၅ ရက်အတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၇၈၀၀ ဖြစ်ပွားခဲ့တယ်လို့ ISP-Myanmar မှာ ဖော်ပြပါတယ်။ ခိုင်မာတဲ့စာရင်းများအရ ၂၀၂၂ ခုနှစ်မှာ အကြမ်းဖက်စစ်တပ်က အရာရှိများအပါအဝင် နှစ်သောင်းထက်မနည်း ကျဆုံးတယ်လို့ သိရပါတယ်။

ဒီအထဲမှာ ဒကစမှုးကအစ တပ်ရင်းမှူးတွေအထိ ပါတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့လက္ခဏာက မြန်မာပြည်အနှံ့ ပြောက်ကျားစစ်ပွဲတွေ ဖန်တီးနိုင်တာလို့ ပြောနိုင်ပါတယ်။နွေဦးတော်လှန်ရေးအစမှာ ကျနော်တို့က ရန်သူ့ဗျူဟာအခင်းအကျင်းအရ စစ်တိုက်ကြရတာဖြစ်ပြီး ကနေ့ ရန်သူဟာ ကျနော်တို့ ဗျူဟာအခင်းအကျင်းအရ စစ်တိုက်နေရပြီ ဆိုတာ အလေးအနက် ပြောလိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ရဲရဲဝံ့ဝံ့ စွန့်စားပါဝင်နေကြတဲ့ ပြောက်ကျားရဲဘော်တွေအတွက် ကျနော်တို့အတွေ့အကြုံ ဖြတ်သန်းမှုတွေအရ အကြံပြုချက်တွေ မကြခဏဆိုသလို ရေးသား အကြံပြုခဲ့ပါတယ်။ 

အခုလည်း ပြောက်ကျားရဲဘော် တပ်မှူး တပ်သားတွေအတွက် လက်စွဲအဖြစ် သုံးစွဲနိုင်ဖို့ အောက်ပါအကြံပြုချက်ကို ရေးသားလိုက်ရပါတယ်။

ပြောက်ကျားတပ်ဖွဲ့လက်စွဲ ၁၃ ချက်

၁။ ပြောင်းလွယ်ပြင်လွယ်ဗျူဟာကို ကျင့်သုံးရမယ်။ ( ရန်သူကအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာရင် ကျနော်တို့က ခံစစ်ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့က ခံစစ်ရှင်ဖြစ်ရမယ်။ သေနင်္ဂဗျူဟာအရ ခံစစ်ဖြစ်နေပေမဲ့ နည်းပရိယာယ်အရ ထိုးစစ်တွေဆင်ရမယ်။ ဆိုလိုတာက ခံစစ်သေ မလုပ်ရဘူး... ထိပ်တိုက်ရင်ဆိုင်တာမလုပ်ဘူး...တိုင်းရင်းသားတချို့ ကိုယ့်ဒေသက အပြင်ထွက်မတိုက်ဘူးဆိုတာခံစစ်သေ အယူအဆပါပဲ။ အခွင့်အလမ်းကောင်းပေါ်ပြီဆိုတာနဲ့...သာလွန်တဲ့အင်အားကို စုပြီးအထီးကျန်ဖြစ်နေတဲ့ ရန်သူကို ထိုးစစ်ဆင်ချေမှုန်းတိုက်ခိုက်တဲ့ ဗျူဟာကို လက်တွေ့ ကျင့်သုံးရပါမယ်။)

၂။ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရမယ်။ (ထောင်ချောက်ဆင်တာ တောင်ချီမြောက်တိုက်စစ်ဆင် တာ ရန်သူကို သတင်းမှားပေးတာ မြှူဆွယ်ကျူံးသွင်းတာ ကိုယ်က ရန်သူ့သတင်းကို လက်ဥိးမှုရှိရှိ ရယူတာ၊ ရန်သူ့အငိုက်ကို စောင့်တိုက်ခိုက်တာ မိုင်းစစ်ဆင်ရေးလုပ်တွေကို စီစဥ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်သူအင်အားကြီးရင် ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘဲ ခြွေစစ် လုပ်ရပါမယ်။)

၃။ အားနည်းတဲ့ရန်သူကို ချေမှုန်းဖို့ အဓိကပစ်မှတ်ထား။ (ချေမှုန်းစစ်တိုက်ဖို့ အခွင့်မသာရင် ချွေစစ်တွေကို များများတိုက်ရမယ်။ ရန်သူ့စစ်နောက်ပိုင်းဒေသ ကျေးလက် မြို့ပြ နေရာအနှံ့မှာ ချွေစစ်တွေ ပြောက်ကျားတိုက်ခိုက်တာတွေ လုပ်ရမယ်။ လမ်းတံတား ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖျက်ဆီး ဖြတ်တောက်ပစ်ရမယ်။ ရန်သူ့အဆောက်အအုံတွေကို တတ်နိုင်သလောက် ဖျက်ဆီးပစ်ရမယ်။ မိုင်းစစ်ပွဲ တွေ လုပ်ရမယ်။ ဒီနည်းနဲ့ ရန်သူ့ စစ်အင်အားကို ပြန့်ကြဲသွားအောင် လုပ်ပြီးချေမှုန်းရေးတိုက်ပွဲတွေအတွက် အချက်အလက် ဖန်တီးယူရမယ်။ ဆိုလိုတာက ချေမှုန်းရေးတိုက်ပွဲတွေကို ရန်သူလာမှ တိုက်တာ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကလည်း စီစဥ်တိုက်ခိုက်နိုင်ပါတယ်။ )

၄။ ချေမှုန်းမှုတိုင်းကို ပြင်ဆင်မှုရှိရှိစီစဉ်ဆောင်ရွက်ရမယ်။ (သတင်းလက်ဦးမှု ရှိရမယ်၊ ဆုတ်လမ်း တက်လမ်းကောင်းရမယ်။ လျှိူ့ဝှက်မှုရှိရမယ်။ ပထဝီကို ပိုင်နိုင်ရမယ်။ ရန်သူဆက်စပ်အင်အားကို တွက်ချက်နိုင်ရမယ်။ ရန်သူစစ်ကူလမ်းကြောင်းကို ဖြတ်တောက်ထားနိုင်ရမယ်။ ရန်သူလက်နက်ကြီး လေယာဉ်လမ်းကြောင်းတွေကိုပါ တွက်ချက်နိုင်ရမယ်။ လူထုပူးပေါင်းပါဝင်မှုကို အခိုင်အမာ ရယူနိုင်ရမယ်။ ရန်သူစိတ်ဓာတ်ရေးရာကို လက်ဦးမှုရှိရှိ ဝါဒဖြန့်တိုက်ခိုက်နိုင်ရမယ်။တိုက်ပွဲတိုင်း ရသမျှ လက်နက်ကို အရယူရမယ်။ ပုန်းခိုဖို့နေရာ ရိက္ခာ စတာတွေကို (လျှို့ဝှက်) ကြိုတင်စီစဉ်ထားနိုင်ရမယ်(အနည်းဆုံးတပတ်စာ)။ တိုက်ပွဲတပွဲနဲ့ တပွဲကြား အကန့်အသတ်ရှိရမယ် (အခြေအနေ အချိန်အခါ အချက်အလက်) အားလုံးကို အစီအစဉ်ရှိရှိ ကြိုတင်တွက်ချက်ထားနိုင်ရမယ်။

၅။ တပ်ဖွဲ့ဝင်များ လျင်မြန်စွာလှုပ်ရှား တိုက်ခိုက်နိုင်မှုကို ကြိုတင်လေ့ကျင့် ဇာတ်တိုက်ထားရမယ်။ တပ်ဖွဲ့ဝင်တွေ စစ်ရေးသတိ လျော့နည်းမှုမရှိအောင် စစ်ဆေးတာ လေ့ကျင့်မှုမလုံလောက်တာကို မွမ်းမံတာ ခရီးရှည်ချီတက်တိုက်ခိုက်မှု လေ့ကျင့်တာညတိုက်ပွဲတွေလေ့ကျင့်တာက အစ တပ်ဖွဲ့ဝင်တွေကို အမြဲမပြတ် စစ်ရေးသတိရှိနေစေရပါမယ်။ တိုင်းပွဲတိုင်းအတွက်....(တိုက်ပွဲစဉ်တိုင်းမှာ အကျိုးအကြောင်း ခိုင်လုံရမယ်။ အကန့်အသတ်ရှိရမယ်။ အကျိုးအမြတ် ရှိရမယ်။)ဆိုတဲ့ တောင်းဆိုမှုကို စံထားရပါမယ်။

၆။ ပြောက်ကျားစစ်နဲ့ ချေမှုန်းရေးစစ်ကို ဆက်စပ်ကျင်းသုံးရမယ်။ ဒီအတွက် တိုက်ခိုက်ရေးတပ်တွေ စုဖွဲ့မှုကောင်းအောင် ကြိုတင်ပြင်ဆင်စီစဥ်မှုရှိရမယ်။ လတ်တလေ ာအနေအထားအရ ပြန့်ကျဲနေတဲ့ လူ လက်နက်ကို ဘယ်လိုစုမလဲ ဆိုတာကလည်း အရေးကြီးတဲ့ကိစ္စပါပဲ။

၇။ အခြေခံဒေသ တည်ဆောက်ရမယ်။ အခြေခံဒေသဆိုတာ တခုတည်းဆို မခိုင်မာဘူး။

ဒါကြောင့် ဆက်စပ်အခြေခံဒေသတွေဖြစ်အောင် အပြန်အလှန်အကူအညီပေး တည်ဆောက်ရမယ်။ ခိုင် တိုး ဆက် ဆိုတဲ့ အခြေခံဒေသတည်ဆောက်ရေး မူဟာ လက်တွေ့မှာ အတော်အသုံးတည့်တာ တွေ့ ရပါတယ်။

၈။ ရန်သူ လက်နက် ကိုယ့်လက်နက် ဖြစ်စေရမယ်။ ကျည်ဆန်တတောင့် ရန်သူတယောက် ဖြစ်စေရမယ်။

ကျည်ဆန်ဖြုန်းတီးမှုကို ကန့်သတ်ရမယ်။ တိုက်ပွဲအချိန်ကို ကန့်သတ်ရမယ်။ အကန့်အသတ်ရှိတဲ့ တိုက်ပွဲတွေကပဲ ရန်သူ့လက်နက်ကို ရနိုင်မယ်။ တိုက်နည်းပရိယါယ်အတွက် သတင်းလက်ဦးမှုနဲ့ လျှို့ဝှက်မှုဟာ အရေးကြီးဆုံးလိုအပ်ချက်တွေ ဖြစ်ပါတယ်။

၉။ ညီနောင်တပ်ဖွဲ့များနဲ့ ဆက်စပ်မှုကောင်းအောင် လုပ်ထားရမယ်။ (အပြန်အလှန် လေးစားမှုရှိရ မယ်။ အနည်းဆုံး တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုတဲ့ မူကို အခိုင်အမာ ကိုင်တွယ်သင့်တယ်။ PDF နဲ့ ပကဖဟာ စစ်တပ်တွေဖြစ်လို့ အမိန့်နာခံမှု၊ စစ်စည်းကမ်းနဲ့လူထုစည်းကမ်းကို အခိုင်အမာလိုက်နာရမယ် )

၁၀။ လူထုအတွင်း မိမိရဲဘော်များကို အစီအစဉ်ရှိရှိ မြှုပ်နှံတာဝန်ပေးထားရမယ်။ အခြားအုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်သူတွေအနေနဲ့ အကူအညီတောင်းခံတဲ့အခါ ကူညီရမယ်။ ကူညီရာမှာ အထက်တာဝန်ရှိပုဂ္ဂိုလ် ခွင့်ပြုချက်ရယူရ မယ်။

၁၁။ လူထုကို ကာကွယ်ရမယ်။တဖက်ကလဲ လူထုထုတ်လုပ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ရမယ်။

၁၂။ လူထုဆန့်ကျင်ရေးလုပ်သူတွေကို ပြင်းထန်စွာ အရေးယူရမယ်။ တပ်တွင်း ဆွေးနွေးပွဲများ၊ စစ်ရေး၊ နိုင်ငံရေး ပညာပေးမှုများကို အစီအစဥ်ရှိရှိ စစ်ရေးအခြေအနေမရှိပါက ပုံမှန်ဖြစ်အောင် ဆောင်ရွက်ရမယ်)

၁၃။ သုံ့ပန်းပေါ်လစီကို အခိုင်အမာကျင့်သုံးရမယ်။ ကျနော်တို့ ဒလန်ချေမှုန်းတာနဲ့ လက်နက်ချတဲ့သူ အပေါ် ကျင့်သုံးတဲ့အခါ မတူညီပါဘူး။ သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ လိုက်နာကျင့်သုံးရမှာဖြစ်ပေမဲ့ ဒလန်တွေအပေါ်ကိုတော့ ပြတ်ပြတ်သားသား ချေမှုန်းသုတ်သင်ရမှ ာဖြစ်ပါတယ်။

တိုက်ပွဲတရာ အောင်ပွဲတရာရရှိကြပါစေ။

ကိုအောင်မှိုင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar