Breaking News

၂၀၂၃ ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၂၀ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၁၊  ၂၀၂၃


၂၀၂၃ ရွေးကောက်ပွဲ ဝင်ခြင်း၊ မဝင်ခြင်းနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍ

စစ်ကောင်စီက ကျင်းပမယ်လို့ ပြောဆိုထားတဲ့ လနဲ့ ရက်တွေ အတိအကျ မကြေညာသေးသော်လည်း  ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဝင်ခြင်း မဝင်ခြင်း နဲ့ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေ စတင်ပေါ်ထွက်လာနေတာ သတိပြုမိပါတယ်။ 

ပြည်မက ပါတီတွေမှာတော့ သိသာထင်ရှားခြင်း မရှိသေးပေမယ့် တိုင်းရင်းသား ဒေသတချို့က နိုင်ငံရေးပါတီတွေအကြားမှာ ပေါ်ထွက်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခြေစိုက်ထားကြတဲ့ တိုင်းရင်းသားပါတီတွေအကြားမှာ ပထမဆုံး ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်က ရခိုင်လူမျိုးတိုင်းရင်းသား ပါတီတွေ ဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီ၊  ALD ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ AFP ရခိုင်ဦးဆောင်ပါတီတို့ရှိကြပြီး မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ စတဲ့ လူနည်းစုပါတီတွေလည်း ရှိကြတာဖြစ်ပါတယ်။ 

ANP နဲ့ AFP ပါတီကတော့ ဝင်ပြိုင်မယ့် သဘောမျိုး ပြောဆိုတာ တွေ့နေရပြီး ALD ပါတီကတော့ လုံးဝ မပြိုင်ဘူးဆိုတဲ့ သဘောထားကို သတင်းမီဒီယာတခုနဲ့ အင်တာဗျူးမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ 

ရခိုင်ပြည်နယ်မှာ ပါတီကြီးလို့ဆိုရင် ANP လို့ခေါ်ဆိုတဲ့ ရခိုင်အမျိုးသားပါတီ ရှိပြီးကျန်တဲ့ ပါတီတွေကတော့ ANP နဲ့ စာရင် ထောက်ခံမှု အင်အားနည်းပါးကြတာ၊ သူ့လူမျိုးစုနယ်မြေအလိုက် ထောက်ခံမှု ရှိကြတာမျိုးဖြစ်တာ တွေ့ရပါတယ်။ 

ရွေးကောက်ပွဲ ဝင်ပြိုင်ခြင်း၊ မပြိုင်ခြင်းအပေါ်မူတည်ပြီး သဘောထားအမြင်မတူတာ ဖြစ်လာနိုင်တာ သဘာဝဖြစ်ပေမယ့် အဲဒီလို သဘောထားအမြင်မတူညီမှုပေါ် အခြေခံပြီး တပါတီနဲ့ တပါတီအကြား တိုက်ခိုက်ပြောဆိုတာ ပဋိပက္ခဖြစ်တာမျိုးတော့ မဖြစ်ပွားစေသင့်တာ အမှန်ပဲဖြစ်ပါတယ်။

NLD ပါတီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ယူဆကြတဲ့ ALD ပါတီက ရွေးကောက်ပွဲကို လုံးဝင် ပါဝင် ယှဥ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုကာ လူမျိုးစုငယ်ပါတီအချို့ ဖြစ်တဲ့ မြို၊ ခမီ၊ ဒိုင်းနက်နဲ့ ကမန် လူမျိုးစုပါတီတွေကတော့ ပါတီကြီးတွေ ဝင်ရောက်ယှဥ်ပြိုင်မယ့် အနေအထားကို စောင့်ကြည့်နေကြပြီး ပါတီကြီးတွေ ပါဝင်ယှဥ်ပြိုင်ရင် ၄င်းတို့လည်း ဝင်ရောက်ယှဥ်ပြိုင်မယ်ဆိုတဲ့ သဘောထားမျိုး ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲလုပ်ဆောင်တာဟာ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းကာ ၁၉၉၀ မှာ လုပ်ဆောင်တဲ့ ရွေးကောက်ပွဲနဲ့ အခြေအနေချင်း နှိုင်းယှဥ်လို့ မရတဲ့ သဘောမျိုးလည်းတွေ့ရတာ ဖြစ်ပါတယ်။ 

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက် ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုခဲ့စဥ်က အဲဒီအချိန်က အသစ်ဖွဲ့စည်း တည်ထောင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို အင်တိုက်အားတိုက် ဝင်ပြိုင်ခဲ့ပြီး အာဏာလွှဲပြောင်းရယူဖို့ မျှော်လင့်ခဲ့ဖူးတာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအချိန်က NLD ရွေးကောက်ပွဲအောင်နိုင်ပြီးမှ အခြေခံဥပဒေ မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာမလွှဲပြောင်းပေးခဲ့ဘဲ ၁၉၉၀ ရွေးကောက်ပွဲ အခြေခံဥပဒေ ပြုရွေးကောက်ပွဲအတွက် ရလဒ်အဖြစ် သတ်မှတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ်က ရှည်ကြာခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် ၂၀၁၀ မှာ စစ်အာဏာရှင်စနစ်ကနေ စစ်ဗိုလ်ချုပ်တွေက အရပ်ဝတ် နဲ့ ပါတီထောင်ကြပြီး အရပ်သားအစိုးရ၊ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အသွင်ပြောင်းအစိုးရ အဖြစ် ခင်းကျင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အခြေအနေနဲ့နှိုင်းယှဥ်ကြည့်ရင်လည်း မတူညီတဲ့ အခြေအနေတွေ နောက်ခံတွေ အကြောင်းရင်းတွေ ရှိနေတာ ဖြစ်ပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲက ဦးသန်းရွှေ ဦးဆောင်တဲ့ နအဖက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားအောက်မှာ ကျင်းပတာ၊ တင်းကြပ်တဲ့ အခြေအနေကနေ ဖြေလျော့မှု လုပ်ပြီး စစ်တပ်အငြိမ်းစား ဗိုလ်ချုပ်တွေပါဝင်တဲ့ ကြံ့ခိုင်ရေး အစိုးရကို တရားဝင်မှုဖြစ်အောင် လုပ်ဆောင်တာ ဖြစ်ပြီး အခု ၂၀၂၃ ခုနှစ် မှာ ကျင်းပမယ့် ရွေးကောက်ပွဲက တိုင်းပြည်က ဘယ်တုန်းကနဲ့မှ မတူအောင် ဥပဒေ စိုးမိုးမှု မရှိဘဲ၊ စစ်ကောင်စီ အာဏာ အုပ်ချုပ်မှု မသက်ရောက်နိုင်တဲ့ ကျေးရွာတွေ၊ နယ်မြေ ဒေသတွေ အများအပြားရှိနေချိန် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာ ပေါ်ထွက်လာနေတဲ့အချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တခုဖြစ်မယ့် သဘောပါ။ 

အခုလို ၂၀၂၃ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝင်ခြင်း မဝင်ခြင်း သဘောထားကွဲပြားခြင်းတွေက အခြားသော ပြည်နယ်တွေမှာ ရှိကြတဲ့ တိုင်းရင်းသားပါတီတွေအကြားမှာလည်း ပေါ်ပေါက်လာနိုင်ခြေ ရှိနေတာဖြစ်ပြီး စစ်ကောင်စီရဲ့ ထွက်ပေါက်လို့ ရည်ညွှန်း ပြောဆိုကြတဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဘယ်လိုပုံစံနဲ့ ပေါ်ထွက်လာမလဲ သဲသဲကွဲကွဲ မသိနိုင်သေးသလို မြေပေါ် နိုင်ငံရေးပါတီတွေအနေနဲ့ ဒါနဲ့ပတ်သက်တဲ့ အမြင်တရပ် ဆွေးနွေး ဆုပ်ကိုင်ထားကြဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar