နှစ်သစ်မှာ ဘာတွေ မဖြစ်ချင်တာလဲ၊ ဘာတွေ ဖြစ်စေချင်သလဲ
မိုးမခ - ဇန်နဝါရီ ၁၊ ၂၀၂၃
နှစ်သစ်မှာ ဘာတွေ မဖြစ်ချင်တာလဲ၊ ဘာတွေ ဖြစ်စေချင်သလဲ
၂၀၂၂ ခုနှစ်ဆိုတဲ့ ပြက္ခဒိန် နှစ်တနှစ် ကုန်ဆုံးပြီဖြစ်ပါတယ်။ ရိုးရာ ပြက္ခဒိန်ဖြစ်တဲ့ မြန်မာလ၊ ရက်တွေအရ မဟုတ်ပေမယ့် ကမ္ဘာသုံးပြက္ခဒိန်နှစ်နဲ့ ရုံးသုံးနှစ်လည်း ဖြစ်တဲ့ ၂၀၂၂ ခုနှစ်ကုန်ဆုံးချိန်မှာ ကုန်ခဲ့တဲ့ နှစ်ကို ပြန်လည်ငဲ့ကြည့်ရင်း လာမယ့်နှစ်သစ် အကူးအပြောင်းကို ဆုတောင်း ၊ နှစ်သစ်ကူး သံဓိဌါန်ချကြ သတ်မှတ်ကြတာတွေလည်း လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
နှစ်ဟောင်းကို ပြန်ငဲ့ကြည့်လိုက်တဲ့အခါ စစ်ပွဲတွေ၊ ဖမ်းဆီးမှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ ဗုံးပေါက်ကွဲမှုတွေ၊ လေကြောင်းကနေ ပစ်ခတ်၊ ဗုံးကျဲတိုက်ခိုက်မှုတွေ၊ စစ်ဘေးတိမ်းရှောင်ရတာတွေ၊ စွပ်စွဲသတ်ဖြတ်မှုတွေနဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို တမင်တကာ မီးရှို့ဖျက်ဆီးမှုတွေ လုယက်ယူဆောင်သွားတဲ့ ပိုင်ဆိုင်မှုတွေ၊ ရာဇဝတ်မှုတွေ၊ ဓားပြမှုတွေ၊ စားဝတ်နေရေးနဲ့ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံကနေ ရာထောင်ချီတဲ့ သူတွေဆက်တိုက် ထွက်ခွာနေကြတာတွေ နဲ့ တဖက်နဲ့တဖက် ဝါဒဖြန့်လုပ်ကြံမှုတွေက ၂၀၂၂ ခုနှစ်ရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် တနှစ်တည်း ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တာတော့မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်ရဲ့ အကြောင်းတရားတွေ ဖြစ်နေဆဲ ပျက်နေဆဲ ဖြစ်စဥ်တွေကို ၂၀၂၂ ခုနှစ်က ဆက်ခံရတာ ဖြစ်ပြီးအချို့သော အကြောင်းတရားတွေက အားနည်းသွားကာ ဖြစ်စဥ်တွေ ရပ်ဆိုင်းသွားတာမျိုး ရှိပေမယ့် အချို့သော ဖြစ်စဥ်တွေက ပိုအားကောင်းလာ ပိုပြီးပြင်းထန်လာတာလည်း တွေ့ရမှာပါ။
အခု ကုန်ဆုံးမယ့် ၂၀၂၂ ခုနှစ်ရဲ့ ဖြစ်စဥ်တွေထဲက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ စွပ်စွဲသတ်ဖြတ်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ နေအိမ်မီးရှို့မှုတွေနဲ့ အရပ်သား လက်နက်ကိုင် ခွဲခြားခြင်းမပြုပဲ ပစ်ခတ်တိုက်ခိုက်တာ လုပ်ကြံသတ်ဖြတ်တာ၊ ဗုံးကျဲတာ ဖမ်းဆီး ညှင်းပန်း နှိပ်စက်တာတွေကို ဆက်လက် မဖြစ်ပွားစေချင်တော့ပါဘူး။ အမျိုးသားအမျိုးသမီးမရွေး နှိပ်စက်သတ်ဖြတ်တာ ကလေး လူကြီးမရွေး ဖမ်းဆီးသတ်ဖြတ်တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ တရားဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်လို့ အသက်ဆုံးရှုံးသွားခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက မှ လက်သည်တရားခံကို အပြစ်ပေး အရေးယူနိုင်ခြင်းမရှိတာတွေလည်း နှစ်ဟောင်းကနေ နှစ်သစ်ကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်မလာစေချင်တော့ပါဘူး။
နှစ်ဟောင်းက ဆိုးတဲ့ ဖြစ်ရပ်တွေ၊ ဆိုးယုတ်မှုတွေ၊ လက်စားချေ သတ်ဖြတ်မှုတွေ ၊ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေ၊ စီးပွားရေးခြစားမှုတွေ၊ ရပိုင်ခွင့် မညီမျှမှုတွေ ၊ ငတ်မွတ်မှုတွေ၊ ဆေးဝါးကုသမှု ခံယူနိုင်ခြင်း မရှိတဲ့အခြေအနေကြောင့် အသက်ဆုံးရှုံးရမှုတွေကိုလည်း နှစ်သစ်မှာ ဆက်လက် သယ်ဆောင်ခြင်း မပြုလိုပါဘူး။ ပြက္ခဒိန် နှစ်တခုရဲ့ အကူးအပြောင်းက တရက်တာအတွင်း နောက်ဆုံးနာရီ မိနစ်မှာ နောက်ခုနှစ်သက္ကရာဇ် တခုကိုပြောင်းသွားတာ ဖြစ်ပေမယ့် ဖြစ်စဥ်က တဆက်ထည်း တစပ်ထည်းလို ယူဆရတာမျိုးပါ။ သို့သော်လည်း ပြက္ခဒိန်နှစ်အကူးမှာ လာမယ့်ရက်တွေ လတွေ နှစ်တွေမှာ ဘာတွေ လုပ်ဆောင်ကြမလဲ ဘာတွေကို ရှောင်ရှားကြမလဲဆိုတဲ့ သတိနဲ့ နိုးကြားမှုအရ နှစ်ဟောင်းက အကြောင်းတရားနဲ့ အကျိုးဆက်တွေ ဖယ်ရှားကြဖို့ နှိုးဆော်လိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
နှစ်သစ်မှာ တရားမျှတမှု နဲ့ စစ်ပွဲတွေ အဆုံးသတ်နိုင်အောင် ကြိုးစားကြဖို့ လက်နက်ကိုင် ပဋိပက္ခကို တရားမျှတမှုအခြေခံပေါ်ကနေ အဖြေရှာနိုင်ဖို့ လတ်တလော အကျိုးမျှော်ကိုးမှု တခုကြောင့်ထဲ မဟုတ်ပဲ အနာဂတ်မှာပါ ပဋိပက္ခထပ်မံ မပေါ်ပေါက်ရေးကို ရည်ရွယ်ပြီး အဖြေရှာကြဖို့၊ လူလူချင်း တန်းတူခြင်းကို အသိအမှတ်ပြုဖို့၊ လူမှုဆိုင်ရာ အခွင့်အရေး အရ လူလူချင်းတန်းတူ အသိအမှတ်ပြု လက်ခံခြင်းနဲ့အတူ စီးပွားရေးအရလည်း တန်းတူအခွင့်အရေးရရှိဖို့ အသိအမှတ်ပြုဖို့ မြန်မာနိုင်ငံမှာ လိုအပ်နေတာ ဖြစ်ပါတယ်။
နှစ်သစ်မှာ တိုက်ပွဲတွေ၊ ဖမ်းဆီးခံရမှုတွေ သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့မှုတွေ ရုတ်တရက်ကြီး ရပ်ဆိုင်းသွားလိမ့်မယ်လို့ မျှော်လင့်ခြင်းက လက်တွေ့မကျတဲ့ စိတ်ကူးယဥ်မှုတရပ်သာ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကုန်ဆုံးခဲ့တဲ့ ၂၀၂၂ ကို သေချာစွာသုံးသပ်ပြီး လာမယ့်နှစ်မှာ ဘာတွေ မဖြစ်စေချင်လဲဆိုတာ ဆုံးဖြတ်ပြီး မဖြစ်စေချင်တာတွေ ဖြစ်မလာအောင် သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ ၊ ဆုံးဖြတ်ချက် ချနိုင်တဲ့ တာဝန်ကိုယူထားကြသူတွေ ကြိုးစားကြရမယ့် သဘောလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar