Breaking News

မောင်လူရေး - အသေဝနာစ ဗာလာနံ၊ CDM ဟေ့ CDM


မောင်လူရေး - အသေဝနာစ ဗာလာနံ၊ CDM ဟေ့ CDM

(မိုးမခ) ဇန်နဝါရီ ၁ ၊ ၂၀၂၃


အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ၊ 

ပူဇာစ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။


လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့် ကင်းအောင်နေ။

ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။

သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။

ချမ်းသာကိုပေး၊ ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ။

အဲဒါမှ၊ ဗုဒ္ဓဝါဒ၊ ကမ္ဘာ့ မင်္ဂလာတွေ။ ။

ငယ်ငယ်က အရသာရှိရှိ သံပြိုင်အော်ခဲ့တဲ့ မင်္ဂလာကဗျာတွေ။ တဆင့်တက်ကာ အသေဝနာစ ဗာလာနံဆိုပြီး မင်္ဂလသုတ်ပါဠိကျက်ရတော့ အဲဒါလဲ ဆိုကောင်းလို့ အော်ခဲ့ကြတာပါဘဲ၊ ပါဠိလဲ ရှစ်လုံးဖွဲ့မို့ ဆိုကောင်းသလားမသိ။

အဲဒါမှ၊ ဗုဒ္ဓဝါဒ၊ ကမ္ဘာ့မင်္ဂလာတွေဆိုပြီး ခနခနအော်နေကြမို့ ဘာရယ်သာ မသိတာ၊ အဲဒီမင်္ဂလာကဗျာတွေကြောင့် ထင်တယ်၊ ငယ်ငယ်ထဲက ကမ္ဘာဆိုတာကြီးနဲ့ ရင်းနှီးခဲ့ရတယ်။

ကြီးလာတော့ “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်”ဆိုတာတွေ ကြားလာရတာပ။ မြို့မငြိမ်းရဲ့ လူချွန်လူကောင်း သီချင်းထဲက စာသားလေ။

ဂလိုဘယ်လိုက်ဇေးရှင်းစကားလုံးပေါ်လာလို့ ဘာသာပြန်ကြတော့မှ ဆရာမောင်မိုးသူက အဲဒီစကားလုံးဟာ ဂလိုဘယ်လိုက်ဇေးရှင်းပါဆိုပြီး “ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်”စာလုံးနဲ့ခေါင်းစည်းဖွင့် အပတ်စဉ်ဆောင်းပါးရေးတော့ အော် ပညာရှင်တွေ ကျေးဇူးကြီးလှပါကလားလို့ အောက်မေ့မိရတော့တာပါဘဲ။

ပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းခုနှစ်ဆယ်ကျော် ရှစ်ဆယ်ကျော်၊ တရာနီးပါးကထဲက တောကြိုအုံကြားကလေးများအထိ ကမ္ဘာကြည့်ကြည့်ဖို့ လုပ်ပေးခဲ့တာဘဲကိုး။

မင်္ဂလာကဗျာတွေရေးခဲ့တဲ့ ဒဂုန်ဦးထွန်းမြင့်ဟာ ဥတ္တမံ=ကောင်းမြတ်သောဆိုတဲ့ဟာကို ကမ္ဘာလို့ စကားလုံးဖလှယ်ထားခဲ့တာဟာ ကောင်းတယ်မြတ်တယ်ဆိုတာဟာ ကမ္ဘာဆန်တာ၊ ကမ္ဘာလွှမ်းခြုံတာ၊ လူတိုင်းနဲ့ဆိုင်တာလို့ ပြောခဲ့သလိုဘဲ။

ဟော အခု ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဗာလာနံ၊ မအလနဲ့ အပေါင်းပါ အာဏာသိမ်းစစ်အုပ်စုတို့ကို။ ယာ အသေဝနာစ၊ အကြင် CDMလုပ်ရခြင်းသည်လည်းကောင်းလို့ ပြောင်းရွှေ့အနက်ပြန်ဆိုကြည့်နေကြ၊ အာဏာသိမ်းရင် မခံကြနဲ့၊ CDMလုပ်လို့ တွန်းလှန်လေတောင် ဖြစ်နေကြပြီလေ။

ဗာလ၊ လူမိုက် ဆိုတာ ဘယ်လိုလူလဲ၊ မအလဘဲ၊ သူ့အပေါင်းပါများဘဲ၊ သူ့နောက်လိုက်များဘဲပေါ့။ ကိုယ့် စစ်မှုထမ်းသက်ကုန်တာ တခြားဝန်ထမ်းတွေလို အသာတကြည်ပင်စင်သွား၊ သားသမီးမြေးမြစ်တွေနဲ့ 

အေးဆေးနှပ်၊ သေရင် ကိုယ့်နောက်ပါမယ့်ဟာလေးတွေလုပ်၊ ရပ်ကျိုးရွာကျိုးလေးတွေဆောင်မနေဘဲ အာဏာဖြတ်သိမ်း ပြည်သူ့ဆန္ဒကို မုဒိမ်းကျင့်လိုက်တာ၊ ဟော ခု တပ်မတော်တခုလုံး သေတွင်းဆင်းရပါရောလား။ သူ့ကြောင့် ပေါ်လာတဲ့မုဆိုးမတွေ ဘယ်လောက်တောင်များ ရှိနေပလဲ။ မိဘမဲ့ကလေးတွေ ဘယ်လောက်များနေပလဲ။ ဆိုးတာက အဲဒီမုဆိုးမတွေ မိဘမဲ့ကလေးတွေဟာ တပ်ထဲလဲ ဆက်မနေရ၊ ပြည်သူက ရွံမုန်းလွန်းလှတော့ ရပ်ရွာလဲ ပြန်လို့မဖြစ်၊ လုပ်ကိုင်စားစရာလဲ မရှိ၊ ဒုက္ခအတိ။ လက်အောက်ငယ်သားတွေကို မဟုတ်မဟတ် ယုတ်မာသတ်ဖြတ်ခိုင်း၊ မီးတိုက်လုယက်ခိုင်းတော့ တိုင်းပြည်တခုလုံးလဲ ဒုက္ခအပြည့်။ ပြည်သူကို ရန်သူလုပ်မိတော့ စစ်သားတွေရော သူတို့မိသားစုတွေပါ ပြေးစရာမြေမရှိ။

ဒဂုန်ဦးထွန်းမြင့်က အသေဝနာစ ဗာလာနံကို လူမိုက်ဆိုလျှင် ရှောင်၊ သွေ၊ လွှဲလို့၊ မမှီဝဲနှင့်၊ ကင်းအောင်နေလို့ ကလေးတွေကို အနှစ်အသားရအောင် ပြန်ဆိုပေးတယ်။ အသေဝနာဆိုတာ မမှီဝဲတာပေါ့လေ။ အဲဒါကို ပေါ်လွင်အောင် ရှောင်တိမ်းတာတဲ့။ သွေဖည်တာတဲ့။ လွှဲဖယ်တာတဲ့။ ကင်းအောင်နေတာတဲ့။ စကားလုံးမျိုးစုံနဲ့ ကြိုးခုန်ပြတာကိုး။ ဒါနဲ့ကို မလုံလောက်သေးတော့ ဟိုသေဝနဘက်ပါ စကားလုံးလှမ်းချေး(ငှါး)ပြီးတော့ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲ ဆည်းကပ် နည်းယူစေဆိုပြီး ချဲ့လိုက်သေးတယ်။ မှီဝဲတယ်ဆိုတာ အရှည်တွဲတာ၊ ဆည်းကပ်တာ၊ နည်းယူတာဆိုတော့ မမှီဝဲဆိုတာ အရှည်လက်မတွဲဘူး၊ ဆည်းမကပ်ဘူး၊ နည်းမယူဘူးဆိုတဲ့အဓိပ္ပာယ်ပ။ နည်းမယူ ထိရောက်မှ အသေဝနာရဲ့ဆိုလိုရင်းက ကျတော့တာကိုး။

တကယ်တမ်း လူမိုက်ဆိုတာက သတ်သတ်မွေးလာတာ မဟုတ်ဘူးလေ။ ဒီလူတွေထဲက ဖြစ်လာတာကိုး။ သူတပါးကို ဒုက္ခပေးတဲ့၊ လက်အောက်ငယ်သား နောက်လိုက်နောက်ပါများကို မဟုတ်တယုတ်ခိုင်းတဲ့သူဟာ လူမိုက်ကိုး။ ဆိုလိုတာက လူမိုက်ဆိုတာ ရှောင်လို့ မရဘူးလေ။ လူ့အဖွဲ့အစည်းထဲ ရပ်ထဲရွာထဲနေရင် လူမိုက်ကို ဘယ်လိုရှောင်မလဲ။ 

အသေဝနာစ ဗာလာန=လူမိုက်ကို ရှောင်တယ်ဆိုတာက နည်းမယူတာ၊ သူလုပ်သလို လိုက်မလုပ်တာကို ပြောတာပါ။ ဒီအမူအကျင့်တွေ ရှောင်ရင်းတိမ်းရင်း၊ လွှဲရင်းဖယ်ရင်း၊ မမှီဝဲရင်း၊ လက်တွဲဖြုတ်ရင်း၊ မဆည်းကပ်ရင်း၊ မကိုးကွယ်ရင်း၊ နည်းမယူရင်း၊ အတုမခိုးရင်း၊ လူ့အဖွဲ့အစည်းထဲမှာ နည်းယူစရာ လူမိုက်နည်းနာတွေ ပျောက်သွားအောင် လုပ်ရမှာမဟုတ်လား။ 

မအလနဲ့ သူ့စစ်တပ် ပြုသလို မပြုတာ အသေဝနာစ ဗာလာန ကမ္ဘာ့မင်္ဂလာ။

မောင်လူရေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar