Breaking News

ကိုအောင်မှိုင်း - ပြည်ချစ်တို့ ပြည်သစ်သို့ချီ


ကိုအောင်မှိုင်း - ပြည်ချစ်တို့ ပြည်သစ်သို့ချီ

(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၃


မိုးကောင်းကင်မှာ

သူတို့ ပြုံးပြနေကြတယ်

ကြယ်စင်လေးတွေ မဟုတ်ဘူး

သူရဲကောင်းတွေရဲ့ လိပ်ပြာတွေ။

ကြယ်လေးတပွင့်က

ဂီတာတီးသိပ်ကောင်း

အဆိုလည်းကောင်း ရုပ်လည်းချော

ကြယ်စင်လေးအဖြစ်နဲ့တောင်

မိုးကောင်းကင်မှာ

သီချင်းဆိုရင်း ဂီတာတီးနေတယ်။

အရောင်တောက်တောက်နဲ့

နောက်ကြယ်လေးတပွင့်က

သူများတွေကို အားပေးတတ်တယ်

ကြယ်ပွင့်လေးအဖြစ်နဲ့တောင်

မိုးကောင်းကင်မှာ

တခြား ကြယ်ပွင့်လေးတွေကို တွဲလို့။

အရောင်မှိန်မှိန်နဲ့

နောက်ကြယ်လေးတပွင့်က

အမေ့ကို တအားလွမ်းတတ်တယ်

ကြယ်ပွင့်လေးအဖြစ်နဲ့တောင်

မိုးကောင်းကင်မှာ

မျက်ရည်တသွင်သွင်စီး လွမ်းလို့။


အလင်းလက်ဆုံး

ကြယ်ပွင့်လေးက

တပ်ဦးမှာအလံကိုင်ရင်း

ရန်သူကတုတ်ကျင်းပေါ်

အောင်လံနီကို စိုက်ထူခဲ့

ကြယ်ပွင့်လေးအဖြစ်နဲ့တောင်

မိုးကောင်းကင်မှာ

အတောက်ပဆုံး ပြုံးလို့။

မိုးကောင်းကင်မှာ

သူတို့အသံတွေ ရှိတယ်။

ကချင်မြေမှာ

သူတို့အသံတွေ ရှိတယ်

ချင်းတောင်မှာ

သူတို့အသံတွေ ရှိတယ်။

ကရင်မြေမှာ

သူတို့အသံတွေ ရှိတယ်။

ကရင်နီမြေမှာ

သူတို့အသံတွေ ရှိတယ်။

အညာမြေမှာတော့

သူတို့အားမာန်တွေနဲ့ အပြည့်။

ရန်ကုန်သား ကျောင်းဆရာ

အညာမြေမှာ ပျော်လို့

အညာဟာ သူ့အိမ်ဖြစ်သွားခဲ့။


မန္တလေးက ကဗျာဆရာ

ကချင်မြေမှာပျော်လို့

ကချင်မြေဟာ သူ့အိမ်ဖြစ်သွားခဲ့။

ပုသိမ်က ကျောင်းအုပ်

ကရင်မြေမှာ ပျော်လို့

ကရင်မြေဟာ သူ့အိမ် ဖြစ်သွားခဲ့။

မိထ္ထီလာက ဆရာဝန်

ချင်းတောင်မှာ ပျော်လို့

ချင်းတောင်ဟာ သူ့အိမ် ဖြစ်သွားခဲ့။


အမေရိကန်က ပညာရှင်

ကရင်နီမြေမှာ ပျော်လို့

ကရင်နီမြေဟာ သူ့အိမ်ဖြစ်သွားခဲ့။

တပ်ဦးဆီမှာ သူတို့

အလံကိုယ်စီကိုင်လို့

မိုးကောင်းကင်ကို ဦးညွတ်

ကြယ်တပွင့်ခြင်းကို လွမ်းဆွတ်ရင်း

စစ်တလင်းမှာ စစ်ခင်းနေတဲ့ ဘဝတွေ။


"တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာဘဲ။

ကြီးမြတ်တဲ့ အချစ်စိတ်ကြောင့်

တော်လှန်ရေးသမား ဖြစ်လာခဲ့တာဘဲ။

လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်

တရားမျှတမှုကို ချစ်တဲ့စိတ်

အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့်

ကျုပ် တော်လှန်ရေးသမားဖြစ်လာခဲ့တာပဲလို့

သူရဲကောင်း ချီဂွေဗားရား ပြောခဲ့ဘူးတယ်"။


ကြယ်ပွင့်တွေတွက်

ဤမြေထုကို တိုင်တည်

ကောင်းချီးပေးလိုက်တယ်

သင်တို့အသံကြား

ရန်သူအများ ကြောက်ဒူးတုန်စေသား

သင်တို့အလံမြင်

ကြောက်စိတ်ဝင်လို့

ရန်သူအပေါင်း တုန်းရုံးကျဆုံးစေသား။


တိုက်ပွဲတရာ

အောင်ပွဲတရာနဲ့

စစ်မိစ္ဆာတွေ ငရဲပို့

ပြည်ချစ်တို့ ပြည်သစ်သို့လှမ်း

တော်လှန်ပန်းတွေ ပန်ဆင်မြန်း။


ကိုအောင်မှိုင်း



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar