ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ၊ နောက်ထပ် ပစ်မှတ်တွေကော ဆက်နေပြီလား၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၀ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၂၃
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ၊ နောက်ထပ် ပစ်မှတ်တွေကော ဆက်နေပြီလား၊ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထဲမှာ စစ်အာဏာသိမ်းမှု မဖြစ်ခင် ဆယ်စုနှစ်များစွာကတည်းက ဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး ရဲ့ ဌာနချုပ် ဖြစ်တဲ့ ထန်တလန်မြို့နယ် ဝိတိုရိယတောင်ထိပ်ရှိ စခန်းကို စစ်ကောင်စီတပ်တွေက ဒီနေ့ညနေမှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ၅ ဦးသေဆုံးခဲ့တယ်လို့ RFA သတင်းမှာ ဖေါ်ပြထားပါတယ်။ CNF ဟာ ဦးသိန်းစိန် အစိုးရလက်ထက် နဲ့ အန်အယ်လ်ဒီ အစိုးရ လက်ထက်တို့မှာ NCA လို့ အတိုကောက်ခေါ်တဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ၁၀ ဖွဲ့အနက်က တဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်မှာတော့ CNF ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ လျန်မှုန်းဇခေါင်းက NUG မှာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ယခုအချိန်ထိ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လူမျိုးစုတွေ ဒါဇင်နဲ့ချီရှိပြီး မျိုးနွယ်အလိုက် တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းစတဲ့ ဒေသအလိုက် ဒေသိယဘာသာစကားနဲ့ ထုံးထမ်းဓလေ့ ကွာခြားလေ့ရှိတဲ့ ချင်းပြည်နယ်မှာ CNF အနေနဲ့ ချင်းပြည်နယ် တခုလုံးကို သြဇာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတခု မဟုတ်ပေမယ့်လည်း အစဥ်အလာအားဖြင့် ဆယ်စုနှစ်ချီ လူမျိုးစု အရေးအတွက် လက်နက်ကိုင်တိုက်ခိုက်လာတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပြီး စစ်အာဏာသိမ်းမှု အပြီးမှာ ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းတို့က ဒေသအလိုက်ပေါ်ထွက်လာတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်ရေးသင်တန်းပေးခြင်း၊ လက်နက် ထောက်ပံ့ခြင်းတွေ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအချက်က အခုလို စစ်ကောင်စီက တိုက်ခိုက်မှုကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတချက်ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက တဖက်သတ် အပစ်ရပ်မှုကို နောက်ထပ်တနှစ်တာ သက်တမ်းတိုးလိုက်တယ်လို့ ဆိုထားပေမယ့် အခုလို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ CNF ဌာနချုပ်ကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဟာ စစ်ကောင်စီကို မယုံကြည်ရတဲ့အကြောင်းက ပိုထင်ရှားစေတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ ငြိမ်းချမ်းရေး နှစ်တနှစ်ဖြစ်မယ်လို့ စစ်ကောင်စီ ခေါင်းဆောင် နှုတ်ကပြောပေမယ့် လက်တွေ့မှာတော့ ခရစ်စမတ်ကာလလို၊ အနောက်တိုင်း နှစ်သစ်ကူး ကာလလိုမျိုးတောင်မှာတောင် ပစ်ခတ်မှု တိုက်ခိုက်မှုတွေက မရပ်နားတာကို ကြည့်ရင် ငြိမ်းချမ်းရေးနှစ်ဆိုတဲ့ စကားက လှည့်ဖြားမှုတခုသာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
အခြားသတင်းတခုမှာကတော့ - ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တပ်ဌာနချုပ်တစ်ခုနဲ့ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၉ ရက် မနေ့ညနေပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့နယ်က KIA တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်း (၃၁)၊ တပ်ရင်း (၂၆) တပ်စခန်းတွေနဲ့ တနိုင်းမြို့နယ် KIA တပ်မဟာ(၂) ဌာနချုပ်နဲ့ တပ်ရင်း (၁၄) တပ်စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ၇၅ နှစ်ပြည့် ကချင်ပြည်နယ်နေ့ မတိုင်ခင်ညမှာ ပြုလုပ်ခဲ့တာပါ။ ဇန်နဝါရီလ ၁၀ ရက် ဒီကနေ့ဟာ ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော်ကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေးအင်အားစုများနဲ့ မိတ်ဘက်ဆက်ဆံရေး ထင်ရှားစွာ ရှိနေတာကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ပစ်မှတ်ထား တိုးချဲ့တိုက်ခိုက်လာတယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို ပြည်မ ပြည်နယ် တောင်တန်း မြေပြန့် အပျောက်အကြားမရှိ နေရာကုန် ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က ကြွေးကြော်ထားတာမို့ တိုင်းရင်းသားဒေသတွေထဲက သူတို့ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၏ အရေးပါတဲ့နေရာတွေ ဌာနချုပ်တွေကို တိုက်ခိုက်မှုတွေ စတင်လာတယ်လို့ အကဲခတ်တချို့က မှတ်ချက်ပေးပါတယ်။ ကေအင်ယူစိုးမိုးထားတဲ့ နယ်မြေဒေသတွေမှာ စစ်ကောင်စီက လေကြောင်းအကြမ်းဖက်မှုတွေကို ကျုးလွန်လေ့ရှိပြီး သူတို့ကို ပေးတဲ့ သတင်းထောက်လှမ်းရေးအချက်အလက်တွေနဲ့ လျက်တပြက်တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။ သတင်းပေးတွေ၏ ဆက်သွယ်ရေးအချက်အလက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု၊ ရဟတ်ယျာဉ်ဆင်းပြီး ထိုးစစ်ဆင်မှုတွေကို စစ်ကိုင်း၊ မကွေးဒေသတွေမှာလည်း ဆက်လက်လုပ်ကိုင်နေတာ တွေ့ကြရပါတယ်။
စိတ်ဝင်စားစရာ စောင့်ကြည့်ရမယ့် ဒေသတွေထဲမှာ ရှမ်းပြည်နယ်တဝှမ်းမှာ ဖြန့်ကျက်နေရာယူ စိုးမိုးနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏ အချက်အခြာဒေသတွေလည်း ရှိသေးတယ်လို့ စောင့်ကြည့်သူအချို့က မှတ်ချက်ပေးပါတယ်။ လိုကယ်ပီဒီအက်ဖ် ဆိုတာထက် မိတ်ဆွေဆက်ဆံရေးအဖြစ် NUG နဲ့ ချိတ်ဆက်မှုထားရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေနဲ့ စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးထားရှိတဲ့ အခြားသောအစုအဖွဲ့တွေသာ ရှမ်းပြည်နယ်တဝှမ်းမှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ အဲသည်မှာ ရွေးကောက်ပွဲခြေလှမ်းတွေ လုပ်ကိုင်လာရင် အဆိုပါ တိုင်းရင်းသားအစုအဖွဲ့တွေက ဘယ်လိုမျိုး အတိုင်းအတာနဲ့ စစ်ကောင်စီကို တုန့်ပြန်မလဲ လက်ခံမလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ အဆိုပါဒေသတွေက တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၏ ၂၀၂၃ အပေါ် စိတ်ဝင်စားမှု ရှိ၊ မရှိကလည်း တပိုင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသများဖြစ်တဲ့ မြန်မာ - တရုတ် နယ်စပ်ဂိတ်များကိုလည်း ပြန်လည်ဖွင့်လှစ်ရေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ ကတည်းက အသိပေးကြေညာလာခဲ့တာ ရှိပါတယ်။ အခု ထိုင်းနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ဇန်နဝါရီ ၁၂ မှာ ပြန်ဖွင့်မယ်လို့ သတင်းများက ဆိုပါတယ်။ ထိုင်းဘက်က ဖွင့်လှစ်ဖို့ အကြိမ်ကြိမ် စစ်ကောင်စီကို တိုက်တွန်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး အခု ၂၀၂၃ နှစ်သစ်မှာ စစ်ကောင်စီက လိုက်လျောလိုက်ပုံရပါတယ်။ သို့သော်လဲ အရင်တုန်းကပုံမှန်အခြေအနေမျိုး ဆိုတာထက် - နယ်စပ်ကုန်သွယ်ရေးဟာ စစ်ကောင်စီဘက်က လုံခြုံရေးတပ်များနဲ့ KNU တပ်မဟာများ၏ တပ်များ ကြားကနေ ကုန်သည်တွေ အာဏာပိုင်တွေက ဆက်ဆံရေးတစုံတရာ ထူထောင်ပြီး ဖြတ်သန်းကြရမှာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ကေအိုင်စီသတင်းစဉ်မှာ ချစ်ကြည်ရေးတံတားပြန်ဖွင့်တာနဲ့ ပတ်သက်ပြီး KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး(၂) ဟောင်း ပဒိုမန်းမန်းက အခုလို သဘောထားပေးထားပါတယ်။
"ဘယ်လို အခြေအနေပဲ ဖြစ်နေ၊ ဖြစ်နေ မြေပြင်မှာကတော့ တိုက်ပွဲတွေက ဆက်ရှိနေတာကို တွေ့နေရတယ်။ နောင်လည်း ဆက်ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တော်လှန်ရေး တိုက်ပွဲရဲ့ အားက ခံစစ် အရှိန်ကနေပြီးတော့မှ ၂၀၂၃မှာ ပိုမိုပြီးတော့ ထိုးစစ်အခြေအနေကို ပြန်ဆင်မြန်းလာတာဖြစ်တယ်။ ဒီအခြေအနေကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မြေပြင်မှာကတော့ တိုက်ပွဲအခြေအနေအရ တံတားဖွင့်နိုင်ဖို့ဆိုတာကတော့ အလားအလာ သိပ်မရှိဘူးလို့ပဲ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။"
၂၀၂၃ မှာ စစ်ကောင်စီဘက်က ခြေလှမ်းတွေထဲမှာ သူနဲ့ မိတ်ဘက်အသွင်ရှိတဲ့ အိမ်နီးချင်းတွေနဲ့ နယ်စပ်ဒေသပိုင်းဆက်ဆံရေးတွေ ပြန်လည်ထူထောင်နေတာကိုလည်း သတိပြုမိကြမယ် ထင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar