Breaking News

နွေဦးအေ - ညတာ ဟာ ရှည်ပေမယ့် ရောင်နီဟာ ကျိန်းသေ ရောက်လာမှာ ရုံးမတက်နဲ့ ရုန်းထွက်



နွေဦးအေ - ညတာ ဟာ ရှည်ပေမယ့် ရောင်နီဟာ ကျိန်းသေ ရောက်လာမှာ ရုံးမတက်နဲ့ ရုန်းထွက်

(မိုးမခ) ဇန်နဝါရီ  ၂၀၊ ၂၀၂၃


ကုန်စိမ်းနဲ့ အသီးအနှံတွေ ထည့်ပေးနေတဲ့ ဈေးသည် ခပ်ပိန်ခပ်ပိန်ကို လမ်းသွားလမ်းလာတွေက ကရုဏာသက်သလို ကြည့်သွားကြတယ်၊ သူက တချိန်က မူလတန်းကျောင်းအုပ်ဆရာတယောက်ပေါ့၊ စစ်ကောင်စီက အပြင်းအထန် လိုက်ဖမ်းခြင်းခံနေရတဲ့ ၅၀၅ CDM ကျောင်းအုပ်ဆရာတယောက်ပေါ့။

ဈေးရောင်းတာက လူမြင်ကွင်းမျက်နှာပြရတော့ ရေရှည်မပြေလည်တော့ ဆက်လုပ်လို့ အဆင်မပြေဘူးလို့ ဆရာပိန်က ပြောပြပါတယ်။

ကျန်းမာရေးချို့တဲ့ပြီး ပိန်တဲ့သူတယောက်မို့ ဆရာပိန်လို့လည်း ခေါ်ကြတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတော့ ကျောင်းအုပ်ဆရာ ဆရာပိန်တယောက် ပထမဦးဆုံး CDM လုပ်ခဲ့တာ။

ဆရာပိန်တို့ခေတ်က စစ်အစိုးရလက်အောက် ချို့ငဲ့စွာ စာသင်ခဲ့ရတယ်။ ကာယချိန်တွေမှာ မြက်နုတ်ခဲ့ရတယ်။ ၂၀၂၁ မှာ မင်းအောင်လှိုင်တို့စစ်တပ်က မဲမသမာတယ်ဆိုပြီး အာဏာသိမ်းလိုက်တော့ ခေတ်နောက်ပြန်သွားတယ်ပေါ့. ဆရာပိန်တို့ ကျောင်းဆရာ၊ ဆရာမတွေ မဲရုံမှူး တာဝန်ထမ်းဆောင်လို့ ဆုလာဘ်မရှိဘူး။ ပညာရေးဝန်ထမ်းတွေက ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့တယ်၊

"မဲခိုးတယ်ဆိုပြီးတော့ ကျနော်တို့ကိုပါ စွပ်စွဲလိုက်တာ၊ ရုံးမတက်ရင် ကြိမ်နဲ့တို့ရမှာပဲဆိုတာ ဆရာ၊ဆရာမတွေကို နွားနဲ့နှိုင်းတယ်။ ရှက်စရာကောင်းတယ်၊ ကျနော် ပထမဦးဆုံး CDM လုပ်ဖြစ်တယ်၊ နောင် ကလေးတွေကို ကျနော်တို့လို့ စစ်ကျွန်ပညာရေးစနစ်ထဲ မထည့်ချင်တော့လို့ဗျာ"လို့ ဆရာပိန်က ပြောပြတယ်။

ဆရာပိန် မူလတန်းကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့တဲ့ လယ်ဝေးမြို့အနီးက တောကျောင်းလေးထဲမှာ ပေတိပေစုတ် အဝတ်အစားနွမ်းနွမ်းနဲ့ ကလေးလေး ၁၀၀ ကျော်လောက် ရှိခဲ့တာ။

ဆရာပိန် အပါအဝင် ဆရာ၊ ဆရာမ ၃ ယောက်က ကျောင်းသားအင်အား ၁၀၀ ကျော်ကို နားချိန်မရှိသင်ကြားပေးခဲ့ရတာ။

ဒီတောကျောင်းလေးမှာ ဆင်းရဲချို့တဲ့တဲ့ ကလေးလေးတွေအတွက် စာအုပ်၊ ခဲတံ လိုအပ်ချက်တွေကို ဆရာပိန်ရဲ့ လစာထဲက ဝယ်ပေးခဲ့ရတယ်၊ ဒီချို့တဲ့မှုတွေရှိတဲ့ စစ်တပ်ရဲ့ ပညာရေးစနစ်ဆီ ဆရာပိန်တို့ ထပ်မသွားချင်တော့ဘူး။

ဒါကြောင့်လည်း ဆရာပိန်တို့ ဆရာ၊ ဆရာမတွေ CDM ပထမဆုံး စလုပ်ဖြစ်ခဲ့တာပေါ့ ။

ဖေဖော်ဝါရီ ၄ ရက်နေ့ ဘုရားစောင်းတန်းတခုမှာ ဖဲကြိုးနီ ကမ်ပိန်းအတွက် စည်းဝေးပြီး အလံတွေ ဖဲကြိုးနီတွေ လက်ကမ်းစာစောင်တွေနဲ့ ဖဲကြိုးနီကမ်ပိန်းတွေမှာ ဆရာပိန်က ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့တယ်။

စစ်တပ်က ဆန္ဒပြလူအုပ်ထဲ သေနတ်တွေနဲ့လည်း ပစ်တော့ ဆရာ၊ ဆရာမတွေလည်း လူချင်းတွေကွဲ ဒူးပြဲတဲ့သူကပြဲ ချောက်ထဲပြုတ်ကျလို့ တချို့က ကျည်ဆန်တွေ ထိကြတယ်။ တချို့က ဒဏ်ရာတွေ ရကြတယ်။ ညီမလေး မြသွဲ့သွဲ့ခိုင်ကတော့ ကျဆုံးသွားတာပေါ့ဗျာ၊ မြသွဲ့သွဲ့ ကျဆုံးတဲ့နေရာနဲ့ ကျနော်နဲ့က နီးနီးလေးဗျ.၊ မြသွဲ့သွဲ့ခိုင်ကို သတိရမိပြန်ပြီဗျာ" လို့ ဆရာပိန်က ဝမ်းနည်းစွာနဲ့ ပြောပြတယ်။

ဖဲကြိုးနီကမ်ပိန်းကို ဦးဆောင်နေတာကြောင့် ဆရာပိန်ကို ၅၀၅ ပုဒ်မနဲ့ စစ်သား၊ ရဲအင်အား ၈၀ လောက်က ည ၈ နာရီလောက်မှာ လာဖမ်းတော့တာပဲ။ ဆရာပိန်တို့လမ်းထဲက CDM ကျောင်းဆရာကိုလည်း လာဖမ်းပြီး အလောင်းတောင် မိသားစုက ကြည့်ခွင့်မရ၊ မီးသင်္ဂြိုဟ်လိုက်တယ် သေပြီလို့သာ မိသားစုက ကြားခဲ့ရတယ်။

ဆရာပိန်ကိုလည်း ညဘက်ကြီး လာဖမ်းတော့ အိမ်ရဲ့စည်းရိုးကိုကျော် ဘေးဘက်အိမ်ကနေ ခြေဦးတည့်ရာ တောထဲကို ဝင်ပြေးခဲ့ရတယ်။

"တညလုံး ချုံပုတ်တွေ ဆူးပင်တွေကြားထဲ ပုန်းနေတာ။ ခြင်တွေကိုက် ဖြုတ်တွေကိုက်နဲ့ပေါ့၊ စစ်သားတွေကလည်း ဓတ်မီးတဝင်းဝင်းနဲ့ ရှာတာ။ ဒလန်အားကိုးနဲ့ ကျနော် အိမ်မှာရှိနေတာ သူတို့ သေချာသိတယ်။ အိမ်တအိမ်လုံး ပွစာတွေကြဲအောင် ဖျက်ဆီးသွားတယ်၊ ဓာတ်ပုံတွေပါ ယူသွားတာ"လို့ ဆရာပိန်က ပြောပြတယ်၊

နေပြည်တော်က အခုချိန်ထိ စသုံးလုံး အားကောင်းတဲ့နယ်မြေ ဆိုတော့ ၅၀၅ CDM တွေအနေနဲ့ ရပ်ကွက်ထဲ မျက်နှာကို ပြလို့မရဘူး။ ဒါကြောင့် လုံခြုံတဲ့တနေရာ တောတွင်းတနေရာမှာ ခဏခိုပြီးမိတ်ဆွေ ကျောင်းဆရာတယောက် အကူအညီနဲ့ ကားလက်မှတ်ဖြတ် အမြန်လမ်း တိုးဂိတ်ကျော်တဲ့ နေရာကြား လမ်းတနေရာကနေ တားစီးတယ်။ ရုပ်ဖျက်ပြေးခဲ့ရတယ်။

မြို့တမြို့မှာ ခဏ ပုန်းခိုနေရင်း သပိတ်တွေမှာ ဒိုင်းကာတာဝန်အဖြစ်နဲ့ ဝင်ကူနေရင်း မင်းအောင်လှိုင်ရဲ့ စစ်တပ်က သပိတ်ခံတပ်ကို မတ်လ ၂၇ နေ့မှာ မျက်ရည်ယိုဗုံးတွေ စစ်လက်နက်တွေနဲ့ စတင်ပစ်ခတ်ခဲ့တယ်။

ဆရာပိန်တို့ သပိတ်ခံတပ်က တယောက်က ကျည်ထိပြီး ဗိုက်ပွင့်သွားတာ သွေးထွက်လွန် လဲကျနေတော့ သူ့ကို ဆွဲမ အူတွေ ထွက်မကျအောင် ဆွဲမ ပြေးခဲ့ရတာလို့ ဆရာပိန်က ပြောပြပါတယ်။

"ကျနေ့ာ်လက်မှာလည်း သွေးတွေ ရွှဲနစ်နေတာ၊ ကမ္ဘာပျက်နေတဲ့အတိုင်းပဲ အော်သံတွေက။ အူပွင့်တဲ့သူကို ဆွဲမ ပြေးရတာ၊ ကိုင်ထားတဲ့ ဒိုင်းတွေ ဘယ်နားထားမိမှန်း မသိတော့ဘူး၊ မောကလည်းမော စိတ်သောကလည်း ရောက်တာပေါ့။ တခြားမြို့က လုံခြုံမယ့်အဆောင်တွေ အိမ်လေးတွေမှာ ငှားနေပြီး ဘဝကို စိုးရိမ်စိတ်တွေ လုံခြုံမှုကင်းတဲ့စိတ်တွေနဲ့ ဖြတ်သန်းနေခဲ့ရတယ်။ ကျနော်က ကျန်းမာရေးမကောင်းဘူး၊ အသည်းမကောင်းဘူး သွေးအားနည်းတာပေါ့။ စျေးထွက်ရောင်းတယ်။ ၅၀၅ မို့ ရုပ်သိပ်ပြမရတော့ ကျနော် တတ်တဲ့ စာသင်ပေးတတ်တဲ့ပညာတော့ ရှိတာပေါ့"လို့ ပြောပြတယ်။

နောက်ဆုံးအဆင့်မှ လက်ရှိနေတဲ့နေရာက မလုံခြုံတော့ဘူးဆိုမှ လွတ်မြောက်နယ်မြေဆီ သွားပြီးတော့ စစ်ရှောင်ကလေးတွေကို စာသင်ပေးမယ်၊ စစ်ကောင်စီရဲ့ လက်အောက်ကိုတော့ ဒူးမထောက်ဘူးလို့ ပြောပြပါတယ်။

NUG ရဲ့  ၂၀၂၁ ပညာရေးညီလာခံကနေ စစ်တမ်းကောက်ယူချက်အရ CDM ပြုလုပ်ထားသူ ဦးရေမှာ အခြေခံနှင့်အဆင့်မြင့်ပညာရေးဝန်ထမ်း ( ၂၄၁၉၃၀) ဦးရှိတယ်လို့ သိရပါတယ်။

"ပြည်သူ့ဘဏ္ဍာငွေနဲ့ ပြည်သူကို ပြန်ပစ်သတ်တာတွေ မြင်တော့ ဘယ်လိုမှ လက်မခံနိုင်လို့ CDM လုပ်ဖြစ်တာ အခက်အခဲတွေက အများကြီးရှိတယ်၊ ၅ လ၊ ၆လ ကျော်အထိ တခြားနေရာ သွားရှောင်ရတယ်၊ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်သုံး ရွှေလေးတွေရောင်းပြီး သွားနေရတာပေါ့။ အခုအချိန်ထိ အဖမ်းအဆီးရှိနေတော့ အိမ်မှာမအိပ်နိုင်ဘူး" လို့ CDM ကျောင်းဆရာမ ဒေါ်ဝေက ပြောပြတယ်။

Non CDM ဒလန်တွေရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် စိုးရိမ်သောကဖြစ်ပေါ်ခြင်း၊ အသက်အန္တရာယ် လုံခြုံရေးစိတ်မချရခြင်းမှာ အဓိကအခက်အခဲအဖြစ် ဖြေဆိုကြပြီး ကျန်မာရေး၊ စားဝတ်နေရေးမှာ အခက်အခဲအဖြစ် စစ်တမ်းမှာ CDM ဆရာ၊ ဆရာမတွေက ဖြေဆိုကြတယ်လို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂထံမှ သိရပါတယ်။

နိုင်ငံရေးပုဒ်မ တပ်ခံထားရတဲ့ ၅၀၅ CDM ကျောင်းဆရာ ဆရာမတွေ အခုလက်ရှိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်။

"အလုပ်ရှာတယ်။ အင်တာဗျူးတွေသွားရင် အတွေ့အကြုံမေးရင် ပုဂ္ဂလိစာသင်ကျောင်းမှာ စာသင်ဖူးတယ်၊ မန်နေဂျာလုပ်ဖူးတယ်ပေါ့၊ ကျောင်းဆရာလို့ မဖြေရဲဘူး၊ အင်တာဗျူးရင် အကြိမ်ကြိမ်လိမ်နေရသလို ဖြစ်နေတယ်"လို့ CDM ဆရာမဒေါ်ဝေက ပြောပြတယ်။

"နေစရိတ် စားစရိတ် ကြီးမားတဲ့ ဒီလိုကာလမှာ ရေရှည်အလုပ်မရှိရင်တော့ ပြဿနာအများကြီးတက်လာနိုင်တယ်လို့ CDMဆရာ ဆရာမများထံက သိရတယ်။

CDM တွေကို အလုပ်ရှင်တွေက အလုပ်မခန့်ရဲတာကြောင့် လက်ရှိအချိန်မှာ CDM အချင်းချင်း ပြန်ကူနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်မှစလို့ လက်ရှိအချိန်အထိ CDM ဆရာ၊ ဆရာမပေါင်း ၁၀၉ ဦး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်၊

အွန်လိုင်းကတဆင့် စာရင်းကောက်ယူထားချက်အရ ၁၀၉ ဦးဖြစ်ပြီး လက်တွေ့မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂအဖွဲ့ဝင် CDM ကျောင်းဆရာ ဆရာနောင်ချိုက ပြောပြပါတယ်။

"ကျနော်တို့ CDM ဆရာ ဆရာမတွေကို ပုဒ်မ ၅၀၅နဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းကြတယ်။ ခုနောက်ပိုင်း CDM ဆရာ၊ ဆရာမ အများဆုံး ဖမ်းခံရတာ ၅၀ည ပုဒ်မ လက်နက်ကိုင်တွေကို ထောက်ပံ့တယ်စွပ်စွဲချက်နဲ့ ဖမ်းကြတာ၊ အမှန်က CDM ဆရာ၊ ဆရာမတွေဆိုတာ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ CDM လေးလုပ်ပြီး ကိုယ့်ဘာသာ ရုန်းကန်ဖြတ်သန်းနေကြတာ များပါတယ်"လို့ CDMကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာနောင်ချိုက ပြောပါတယ်။

မေလအတွင်းက သန်လျင်မြို့နယ်အတွင်းက စာသင်ကျောင်းတစ်ခုမှာ CDM ဆရာ၊ ဆရာမတွေကို သေနတ်နဲ့ထောက် အသက်အန္တရာယ် ခြိမ်းခြောက်ပြီး ကျောင်းတက်ခိုင်းတာကိုလည်း သိရှိရတယ်လို့ CDM ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာနောင်ချိုက ပြောပါတယ်။

ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၏ CDM လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းအစဖြစ်သလို မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့မရအောင် အဓိကတွန်းအားတစ်ခု ဖြစ်ခဲ့တယ်လို့ CDMကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာနောင်ချိုက ပြောပါတယ်။

လက်ရှိ အာဏာသိမ်းကာလ ၁ နှစ်ပြည့်မြောက်ချိန်မှာ CDM ပညာရေးဝန်ထမ်းတွေ အများစုသည်အသက်အန္တရာယ် ခြိမ်းခြောက်မှုဒဏ်၊ စားဝတ်နေရေး၊ ငွေကြေးခက်ခဲမှုများ ရှိနေသော်လည်း ဆက်လက်တောင့်ခံနေဆဲလို့ CDMဆရာ၊ဆရာမများက ပြောပြပါတယ်။

"ရှေ့ဆက်ဖို့ပဲ စဥ်းစားထားတယ်။ မနိုင် နိုင်အောင် တိုက်မှာပါ" လို့ CDM ကျောင်းဆရာမ ဒေါ်ဝေက ဆိုပါတယ်။

CDM ထိုးနှက်ချက်က စစ်ကောင်စီကို အထိနာပေမယ့် NON CDM ဝန်ထမ်းတွေနဲ့ စစ်တပ်အာဏာသိမ်းတာကို မဆိုင်သလို နေကြတဲ့ သူတွေကြောင့် မင်းအောင်လှိုင်ရဲ့ စစ်တပ်က ထင်တိုင်းကြဲနေနိုင်သေးတာလို CDM ကျောင်းဆရာ ဆရာပိန်က ပြောပါတယ်။

စစ်တပ်က ပစ်သတ်လို့ အူပွင့်သေသွားသူတွေ၊ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သေဆုံးသွားတဲ့သူတွေအတွက် ခံစားရတဲ့ ခံစားချက်က အခုထိကို မေ့လို့ မရသေးဘူးလို့ CDM ကျောင်းဆရာ ဆရာပိန်က ပြောပါတယ်။

"ညတာ ဟာ ရှည်ပေမယ့် ရောင်နီဟာ ကျိန်းသေ ရောက်လာမှာမို့ အားမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်ပေးပါ၊ ခေတ်အဆက်ဆက် အနိုင်ကျင့်တိုင်း ကျင့်လို့ရတဲ့ သူတွေထဲမှာ CDM တွေမပါဘူး ၊.နောင်လာမယ့် သမိုင်းမှာ အာဏာရှင် ဆိုတာ မရှိတော့မှာ မို့.... ဒီတပွဲကို အားသွန်ခွန်စိုက် ပါဝင်ပေးပါ လို့ ပြောချင်ပါတယ်"လို့ CDMဆရာပိန်က အခက်အခဲ ရုန်းကန်မှုတွေကြားကနေ ပြည်သူတွေကို အသိပေး ပြောပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar