Breaking News

ကျော်မင်းထွန်း(NEW YORK) - ရန်တွေကုန်သွားလို့လား ရန်ကုန်

Photo- Crd
ရန်တွေကုန်သွားလို့လား ရန်ကုန်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဇန်နဝါရီ ၂ ၊ ၂၀၂၃

ရန်ကုန်မှာ ပျော်စရာတွေများတယ်
ခဏခဏပျက်တဲ့မီး ဖျတ်ခနဲပြန်လာတဲ့အခါ 
ဟေး.. လို့အော်ပြီးပျော်လိုက်ရတာ ခဏခဏ
(အကြည်တော်က ပြောခဲ့တယ်)

ရန်ကုန်မှာ ပျော်စရာတွေများတယ်
ခဏခဏပျက်တဲ့လမ်းကို 
ကတ္တရာခင်းပေးမယ်လို့ကြားတဲ့အခါ
ဟေး.. လို့အော်ပြီးပျော်လိုက်ရတာ ခဏခဏ
(အကြည်တော်က ပြောခဲ့တယ်)

အဲ့ဒီရန်ကုန်မှာ ပျော်စရာတွေများတယ်
ကိုဗစ်ကာလ မပျော်ရတာကြာလို့ဆိုပြီး
လမ်းပေါ်ထွက် ဆန္ဒပြလိုက်ရတာခဏခဏ
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပရတာလည်း ခဏခဏ။

ရန်ကုန်ဟာ အပေးအကမ်းရက်ရောတယ်
ခဏခဏတားတတ်တဲ့ မော်တော်ပီကယ်ကို
လက်ဖက်ရည်ဖိုးပေးရကမ်းရတာ ခဏခဏ
ခဏခဏရက်ချိန်းတတ်တဲ့ ရုံးတွေကို
ကလေးမုန့်ဖိုးပေးရကမ်းရတာ ခဏခဏ
ပေးလို့ကမ်းလို့ ပတ်စပို့လေးများရလာရင်
ဟေး.. လို့အော်ပြီးပျော်လိုက်ရတာလည်း ခဏခဏ။

ရန်ကုန်ဟာ လမ်းသန့်ရှင်းရေးကောင်းတယ်
လမ်းနဲ့မလွတ်တဲ့ တိုက်တွေကို 
ဘူဒိုဇာနဲ့ဖြိုချပြီး သန့်ရှင်းပေးရတာခဏခဏ
ကျူးကျော်သူတွေရဲ့ရန်ကို ကာကွယ်ဖို့
ကျူးကျော်အိမ်၊ ကျူးကျော်တဲတွေကို
ဘူဒိုဇာနဲ့ဖြိုချပြီး သန့်ရှင်းပေးရတာခဏခဏ။

ရန်ကုန်ဟာ ကာကွယ်ရေးလည်းကောင်းတယ်
အလောင်းမင်းတရားကြီးက
ရန်တွေကုန်သွားအောင် “ရန်ကုန်” လို့
အမည်မှည့်ပေးခဲ့တဲ့ ရန်ကုန်မှာ
ပြည်သူကိုကာကွယ်ပေးရမယ့် လူတွေက
ပြည်သူ့ရန်ကိုကာကွယ်ဖို့ဆိုပြီး ရုံးတွေမှာ
ဘန်ကာတွေ၊ သံဇကာတွေ ကာထားလိုက်တာအထပ်ထပ်။

ရန်ကုန်မှာ တကယ်လွတ်လပ်တယ်
လမ်းဘေးစျေးသယ် ဘာဘူကြီးရဲ့
ဘရာကြော်ကို လွတ်လပ်စွာလုစားလို့ရတယ်
နေ့အခါ အိမ်ထဲဝင်ခိုးတဲ့သူခိုးက
အိမ်ရှင်ကို လွတ်လပ်စွာသတ်သွားလို့ရတယ်
ညအခါတံခါးခေါက် 
မေးစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါဆိုပြီး
အိမ်ရှင်ကို လွတ်လပ်စွာဖမ်းသွားလို့ရတယ်။

ရန်ကုန်မှာ သာသနာထွန်းကားတယ်
နိုင်ငံခြားဖြစ်သင်္ကန်းအရောင်းဆိုင်တွေ များလာတယ်
အသံမစဲ ဘာညာရွတ်ပွဲနဲ့ကြီးပွားသူတွေ များလာတယ်
ဟိုနားဒီနား စေတီရုပ်ပွား မှိုထက်များလာပြီး
ရိပ်သာထောင် တရားစခန်းဖွင့်စားသူတွေကတော့ အများဆုံးပေါ့။

ရန်ကုန်ဟာ စည်းကမ်းကြီးတယ်
ဆိုင်ကယ်ပေါ် ယောက်ျားသား (၂)ယောက်စီးခွင့်မရှိ
ဖေ့စ်ဘုတ်မှာ လွတ်လပ်စွာရေးသားခွင့်မရှိ
မက်ဆန်ဂျာမှာ လွတ်လပ်စွာပြောဆိုခွင့်မရှိ
လွတ်လပ်ရေးရကတည်းက
လွတ်လပ်ရေးမရတော့တာ ရန်ကုန်ပါ။

အဲ့ဒီရန်ကုန်မှာ ရင်ခုန်စရာလည်းများတယ်
တောင်ကုန်းပေါ်က စစ်စခန်းကိုသိမ်းယူဖို့
တဟုန်ထိုးတက်လာတဲ့ ရန်သူလို
ငါးပိရည်ချိုကအစ ကုန်စျေးနှုန်းတွေက
ခဏခဏ တဟုန်ထိုးတက်လာလို့
ရင်ခုန်လှိုက်မောရတာ ခဏခဏ

အဲ့ဒီတက်လာတဲ့ ကုန်စျေးနှုန်းကို
ရရာလက်နက် တူမီးဆွဲပြီးပြန်တိုက်ရမှာလား
ရှော့တိုက်ဒုံးနဲ့ပစ်ချရမှာလား မသိပေမဲ့
ညအခါ ဘားတွေမှာ လူတွေများလာတာ
ရန်ကုန်မှာ ရန်တွေကုန်သွားလို့လား ရန်ကုန်။   ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar