ခိုကိုးရာမဲ့ ရိုဟင်ဂျာ၊ ရွေးကောက်ပွဲ ဘယ်လိုလဲ၊ အာဆီယံက ၅ချက် ဘယ်တော့လဲ
မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၉ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၂၃
ခိုကိုးရာမဲ့ ရိုဟင်ဂျာ၊ ရွေးကောက်ပွဲ ဘယ်လိုလဲ၊ အာဆီယံက ၅ချက် ဘယ်တော့လဲ
၂၀၂၃ နှစ်သစ် ဇန်နဝါရီလမှာ လူပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်းက ခြေလှမ်းတွေ ပိုစိတ်လာကြတယ် ပြောရမလား မသိပါ။ စစ်ကောင်စီ၏ သတင်းစာမျက်နှာတွေမှာ သူတို့၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေ၊ ၂၀၂၃ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု ဆွေးနွေးမှုတွေကို ရှေ့တန်းပို့လာကြပါတယ်။ NUG အစိုးရနဲ့ တော်လှန်ရေးအစုအဖွဲ့တွေကလည်း နယ်မြေစိုးမိုးမှုတွေ တိုက်ပွဲသတင်းတွေကို တိုးပြီး ဖြန့်ချိလာကြပါတယ်။ သေချာတာကတော့ လက်နက်မဲ့ပြည်သူတွေအတွက် ရှေ့မှာ အကျပ်အတည်းတွေ စိန်ခေါ်မှုတွေ ပိုများပြားလာမယ်လို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။ တောထဲ၊ တောင်ထဲ နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်တွေ၊ စစ်မီးလွတ်ရာ မြို့ပြတွေဆီ ခိုလှုံလာတဲ့ မိသားစုတွေအတွက် သည်နေ့ကို ဖြတ်ကျော်ပြီးရင် နောက်ရက်တွေအတွက် မသေချာ မရေရာသေးဘူးလို့ ဆိုရမယ့် အခြေအနေတွေ ဖြစ်လာပါတယ်။
ပြည်မက စစ်ဘေးရှောင်တွေကိုယ်တိုင်က ကိုယ့်ရှေ့က ကိုယ့်ထက် အခြေအနေဆိုးဝါးတဲ့ နယ်စပ်က တိုင်းရင်းသား လူနည်းစုတွေ ဘ၀နဲ့ ရိုဟင်ဂျာလူနည်းစုတွေ၏ ရုန်းကန်နေရမှု ဘ၀ခရီးကြမ်းရှည်ကြီးကို ကိုယ်ချင်းစာနာနေကြပြီ ဖြစ်ပါတယ်။
RFA သတင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူ ရိုဟင်ဂျာမိသားစု ၁၀၀ ခန့်ဟာ ရခိုင်ပြည်နယ်ကနေတဆင့် မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားရင်း ဧရာဝတီတိုင်းထဲအရောက်မှာ အဖမ်းခံခဲ့ကြရတဲ့ သတင်းကို တွေ့ရပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၁၈ နှစ်အောက် ရိုဟင်ဂျာ ကလေး ၁၂ ဦး အပါအဝင် အမျိုးသား ၅၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး တို့ကို စစ်ကောင်စီရဲ့ ဘိုကလေးမြို့နယ်တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချလိုက်တယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ပြောတယ်လို့ ဖော်ပြထားပါတယ်။
မြို့ ရွာအနှံ့မှာ ရိုဟင်ဂျာတွေလိုပဲ မြန်မာတွေဟာ ဘေးကင်းရာနေရာတွေမှာ ခိုလှုံနိုင်ဖို့အတွက် လှည့်လည်သွားလာနေကြရတယ်လို့ စစ်ဘေးကူညီနေတဲ့ အဖွဲ့တခုက မှတ်ချက်ပေးပါတယ်။ စစ်ဘေးလွတ်ရာ ပြေးလွှားနေရသူတွေကိုယ်တိုင်က စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုတွေ ရင်ဆိုင်နေရတယ်လို့လည်း သတင်းများက ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလ ၄ ရက်က ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၂၉ ဦးနဲ့ အမျိုးသမီး ၁၀၈ ဦး၊ စုစုပေါင်း ၂၃၇ ဦး ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲသည်လိုပဲ မြန်မာတွေ လူနည်းစုတွေ မိသားစုတွေကို စစ်ကောင်စီ၏ လုံခြုံရေးတပ်တွေက ဖမ်းဆီးချုပ်နှောင်ထားတာ ငွေကြေးဥစ္စာများ လုယက်သိမ်းဆည်းတာတွေ ရှိနေပါတယ်။
၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ပထမအဆင့် မဲစာရင်းတွေ လူဦးရေစာရင်းတွေ စုဆောင်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ဆိုကြပါတယ်။ လူစာရင်း မဲစာရင်းဆိုတာထက် လက်ရှိ အိုးနဲ့အိမ်နဲ့ နေထိုင်နိုင်သေးတဲ့ ပြည်သူတွေကို သွေးတိုးစမ်းတဲ့ အဆင့်လို့ ပြောကြပါတယ်။ လူစာရင်း ဧည့်စာရင်းနဲ့ အဓိက အိမ်ထောင်စုစာရင်းဆိုတာက သူတို့ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးရုံးတွေမှာ အဆင်သင့် ရှိပြီး ဖြစ်ပါတယ်။ သူတို့ ခိုင်းစေတာကို ခေါင်းညိတ်လုပ်ကိုင်ပေးမယ့် ချွေးတပ်သားလိုမျိုး ရပ်ကွက် မြို့ ရွာထဲက ဝန်ထမ်းတွေ လူအုပ်စုတွေကို စတင် ဆွဲထုတ် စည်းရုံးတဲ့ သဘောလည်း ဖြစ်ပါတယ်။
၂၀၀၉ နာဂစ်မုန်တိုင်းအပြီး ပြည်သူတွေ ဆောက်တည်ရာမရဖြစ်နေချိန်မှာ စစ်အာဏာရှင်သန်းရွှေက ၂၀၀၈ ခြေဥကို ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲ အင်အားသုံး တဖက်သပ် ကျင်းပပြီး အတည်ပြုခဲ့ပါတယ်။ အဲသည်တုန်းက သူတို့ မဲဆန္ဒရုံတွေ လုပ်အားပေးတွေ ဝန်ထမ်းတွေနဲ့ ဘယ်လိုပဲ ရုပ်ပြကောင်းအောင်လုပ်လုပ်၊ ပြည်သူတွေက ကန့်ကွက်မဲ ဘယ်လိုပဲ ထည့်ထည့်၊ ဆန္ဒခံယူပွဲ ဖြစ်တယ်ဆိုရင် ပြီးရော အတင်းအကျပ်လုပ်ပြီး မဲပေးသူ ၁၀၀% ကျော်နဲ့ ဆိုတဲ့ အချက်အလက်မှားတွေနဲ့ ရုပ်ပျက်ဆင်းပျက် နာမည်ပျက်ခံပြီး ၂၀၀၈ ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ ခြေဥကနေ အသက်သွင်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဦးသန်းရွှေက သူ၏ စိတ်တိုင်းကျ လက်ဝေခံ အရပ်ဝတ်အာဏာရှင်ရုပ်သေး ဦးသိန်းစိန်ကို ရွေးချယ်ခံရအောင် အကန့်အသတ် အတားအဆီး အရံအတားမျိူးစုံနဲ့ ပြည်သူတွေကို ကွပ်ညပ်ပြီး မဲပေးခိုင်းပြီး စစ်တပ်ပါတီ ကြံ့ဖွံ့အစိုးရကို အာဏာလွှဲပေးခဲ့တာပါပဲ။ အဲသည်တုန်းက စစ်တပ်မဲ၊ ကြိုတင်မဲတွေ အမြောက်အများနဲ့ စစ်အုပ်စုအလိုကျ အစိုးရတရပ်ကို နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုတွေကြားက ပြည်သူတွေ၏ ဆန့်ကျင်မှုတွေကြားက ထူထောင်ခဲ့ကြတာပါပဲ။ အဲသည်ရွေးကောက်ပွဲကြီး ပွဲစည်ဖို့ စစ်တပ်အလိုတော်ရိ လူနည်းစုနိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်အသုံးချခဲ့တာလည်း မြင်တွေ့ခဲ့ကြပါတယ်။
သည်လိုမျိုးအတွေ့အကြုံနဲ့ လုပ်သက်အပြည့်အ၀ရှိတဲ့ စစ်အာဏာရှင်တွေကို သူတို့အလိုကျရွေးကောက်ပွဲသာ ကျင်းပခွင့်ပေးလိုက်ရင် မဖြစ် ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲမည်ကာမတ္တကို အတင်းလုပ်ကြံဖန်တီးယူပြီး လုပ်ပြနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူ့အရပ် သူ့ဇာတ် သူ့ပရိသတ်နဲ့ ကနိုင်တယ်ဆိုတာ အားလုံးက သိကြပြီး ဖြစ်ပါတယ်။ ၂၀၂၃ ရွေးကောက်ပွဲဆိုတာ ဘယ်လိုပဲ ဖြစ်ဖြစ် လုပ်ဆောင်နိုင်တယ်ဆိုရင် ဒီရွေးကောက်ပွဲက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို (၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တုန်းကလို) ချန်ထားရစ်ဖို့ သပ်လျို ခွဲခြားလိုက်ဖို့ ခြေလှမ်းပဲလို့ ဆိုနိုင်မယ် ထင်ပါတယ်။
သည်အချက်တွေ အလားအလာတွေကြောင့်လဲ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ NUG ကိုယ်တိုင်က စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အဖြစ်ခံလို့ မရဘူးလို့ တင်းတင်းမာမာ ထုတ်ပြန်နေကြတာ လို့ ယူဆနိုင်ပါတယ်။
နောက်သတင်းတခုကတော့- မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးဟာ အရေးကြီးပြီး စစ်ကောင်စီက ဒါကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှား ခေါင်းဆောင် ၂ ဦးက တိုက်တွန်းလိုက်ကြပါတယ်။
၂၀၂၁ ခုနှစ် မှာ အာဏာသိမ်းခဲ့ပြီးတဲ့နောက် ၂၀၂၁ ဧပြီလ မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ တက်ရောက် သဘောတူခဲ့တဲ့ အဲဒီ အချက် ၅ ချက်ကို ခေါင်းဆောင် ၂ ယောက်က ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲသည်၏ အဓိကအချက်မှာ အဲဒီ ၂၀၂၁ ဧပြီ ၂၄ ရက် ဂျာကာတာ အစည်းအဝေးကနေ - ၁။ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး ၂။ သက်ဆိုင်သူတွေ တွေ့ဆုံ ဆွေးနွေးရေး ၃။ အဲဒီလို ဒိုင်ယာလော့ဂ်တွေ ဖြစ်လာဖို့ အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး ၄။ အာဆီယံကတဆင့် စာနာမှု အကူအညီတွေ ပေးရေးနဲ့ ၅။ အာဆီယံ အထူးသံ မြန်မာပြည်ကို လာပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး ဆိုတဲ့ ဘုံသဘောတူမှု ၅ ချက် ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ရွေးကောက်ပွဲကို ခြေလှမ်းပြင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ကတော့ - သည် ၅ ချက်ကို သူကိုယ်တိုင် တင်မြှောက်လိုက်တဲ့ ၂၀၂၃ ရွေးကောက်ပွဲရလဒ်အပြီးမှပဲ အကောင်အထည်ဖော်တော့မယ်လို့များ စိတ်ကူးနေသလား မသိနိုင်ပါဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar