Breaking News

နေသွင်နိုင်း - တေလေသီချင်းသည်

တေလေသီချင်းသည် 
နေသွင်နိုင်း 
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃

စကြဝဠာရဲ့အရေပြားကိုဆွဲဖြဲဖို့ တယောတလက်နဲ့ ခရီးထွက်ခဲ့တယ် လူစည်ကားရာလမ်းမတွေပေါ် တေးသွားတေလေရနံ့ကို နတ်မြင်းပျံလို  နေ့စဥ်ခုန်ပေါက်ထုတ်လွှင့်သူ တွဲလျားကျနေတဲ့ နွယ်ပင်တွေ ၊ မြွေတွေ ၊သံဆူး ကြိုးတွေ ၊ ဓာတ်ကြိုးတွေ သစ်ပင်အမြင့်ကြီးတွေ ၊ မိုးပျံတိုက်ကြီးတွေမြင်တိုင်း လည်ပင်းတွေ ၊ ခြေဖဝါးတွေ ယားယားလာတယ် စိတ်အထားအသိုက တွဲလျားကျနေတဲ့ တိမ်ချည်မျှင်တွေပေါ်အထိ လမ်းလျှောက်ချင်နေတယ် မအောင်မြင်တဲ့ စီမံကိန်းလို မဖြစ်မြောက်တဲ့ သေကြောင်းကြံစည်မှုက မိရိုးဖလာတက်တူးယဥ်ကျေးမှုအဖြစ် ငါတို့ရဲ့လက်ဖျံရိုးမှာ သောင်ထွန်းလို့။ ရှင်သန်နေရတိုင်း သတ္တိရှိတယ်လို့ အဘိဓာန်မှာ ဖွင့်ဆိုရေးထွင်းမထားကြောင်း နတ်ဘုရားတွေရဲ့ကျမ်းစာလို သီချင်းသည်က ဖွဲ့ဆိုရဲ့။ အိမ်သာဇလားခွက်ထဲ တွယ်တက်နေတဲ့ ပိုးလောက်လန်းတွေဟာ ငါတို့ပဲ ဈေးပေါင်ကျ ဇီဝဖြစ်စဥ်မှာ အထီးကျန်မြစ်ကို ပိုင်ဆိုင်လာခဲ့သူ ငါတို့ဘေးနား ငါတို့ချစ်ရသူတွေရဲ့အရိပ်ရှည်ရှည်မျောမျောတွေ အလေ့ကျ စီတန်းပွင့်ပေါက်နေပေမယ့် သီချင်းသည်ဂာ သူ့သီချင်းကို ဆက်ဆိုတယ်။ ငါတို့ဟာ အမှိုက်ပုံထဲ အာဟာရဒိုက်မွှားတွေကို ထွန်ယက်ကောက်ယူနေရတဲ့ အိမ် ခြေမဲ့ကြက်တစ်အုပ်၊ ခွေးတစ်အုပ်လို နေထိုင်မှုလရောင်ကို တအိပဲ့ပဲ့ထိုးနှိုက် စိုက်ပျိုးခဲ့ကြ တူရကီငလျင်ရဲ့ အပြိုအပျက်တွေကြား ထိုးခွဲထွက်လာတဲ့ လက်ကျန်အသက်လို ငါတို့ရှင်သန်မှုဟာ  ပွဲဈေးမုန့်လေပွေတစ်ခု အထိအခိုက်များရ ကြွပ်ရွလွန်းရ ကြေကွဲဖွယ်ပျော်ပါတယ်စာတန်းကို လူမှုရေးမျက်နှာစာမှာ ဟန်ဆောင်ချိတ်ဆွဲ ကျူးကျော်ဝင်ရောက်လာတဲ့ အလေအလွင့်သားရဲခွေးကို အမဲသားတစ်နဲ့ထန်းလျက်ခဲတွေ ပစ်ကျွေးလို့ အလိုမတူတဲ့ပေါင်းသင်းနေထိုင်မှုလို ငါတို့ဘယ်လောက်ထိ သွေးအေးနေကြမှာ လာကြလေ နွေဦးတေးကို ရွတ်ဆိုလေ။ လက်လုပ်လက်စားအခြေခံမီးခိုးတွေ ခုန်ပွက်နေတဲ့ လမ်းကျဥ်းထဲ လေချွန်တတ်လာတဲ့အခါ ကြယ်ငါးပွင့်ဟိုတယ်ထက် ကော့ကောက်အော်ဟစ်နေတဲ့ မိန်းမပျက်တစ်ယောက်ရဲ့ ရင်သားနဲ့ ငါးမျှားနည်းကို ကိုယ်ချင်းစာတတ်ပါလိမ့်မယ် သီချင်းသည်ဟာ ညမွှေးပန်းတယောက်လို အရှက်တရားကိုချွတ်ချလိုက်တယ် သီချင်းသည်ဟာ  နွေဦးနန်းတည်သီချင်းကို အသက်နဲ့ရေးတော့ မီးပွင့်တွေ ဘိုးတံပေါ် ထစ်ချုန်း ကခုန်သွားကြတယ် ပင်လယ်သီချင်းနဲ့ မြစ်ရဲ့တေးသွားဟာ မြို့ရဲ့အိတ်ကပ်တွေကို ဆွဲဖွင့်ဖို့ လှိုင်းတံပိုးတွေကို တဝုန်းဝုန်းရိုက်ခတ်ပြကြ ဦးထုပ်တလုံးထဲ ထည့်ချုပ်ထားတဲ့ မာနတွေ ဒူးထောက်မျက်လွှာချလိုက်တဲ့ အရှက်သိက္ခာတွေ အလိုမကျမှုတွေ သဘောထားမတိုက်ဆိုင်မှုတွေ ကိုယ်စိတ်နှလုံးကိုထိန်းချုပ်ပြီး ဆောင်းဦးအနွေးထည်များ မိုးဦးဆွယ်တာများ ရက်လွန်ပေါင်မုန့်အတူးများ ရက်စွဲဖျက်ထားတဲ့ဆေးဝါးများ အမှိုက်အိတ်တလုံးလို သီချင်းသည်က လက်ခံတယ် ကြင်နာမှုတရားဟာ ဈေးပေါပေါအပေါ်ယံချောကလက်ခွံဆိုလည်း သီချင်းသည်က သီချင်းဆက်ဆိုတယ်။ ခြံတခြံ စိုက်ခင်းတခု ပန်းချီကားတွေ စာအုပ်တွေ စိတ်ကူးမီးတောက်ကို  တစ္ဆေညလို မှုတ်ထုတ် နောက်ထပ် သမီးလေးတယောက် နောက်ထပ် သားလေးတယောက် ခေတ်ပျက်ကြီးထဲ အဓိပ္ပာယ်မရှိစေချင်တာနဲ့ သီချင်းသည်နဲ့သူ့မိန်းမဟာ သားကြောကိုယ်စီ ဖျက်ခဲ့တယ်။ သူ့သီချင်းထဲ ဖွဲ့ဆိုသမျှ လယ်ယာ ကိုင်းကျွန်း ၊ အိမ်မွေးတိရစ္ဆာန် ၊ မီးသွေးလိုမည်းနက်သွားတဲ့ ခန္ဓာကိုယ်တွေ ကျောက်တုံးတတုံးလို ပဲ့ကျလာတဲ့ ဘုရားခေါင်းပြတ်ကြီးရဲ့ မျက်လုံးတွေ ခွေးစားခွက်ထဲက လူ့အသားစတွေ ၊ မြွေတွင်းကြီးတတွင်းလို ရှည်လျားတဲ့ အူတွေ စည်းရိုးမရှိတော့တဲ့ မီးလောင်ပြင်တွေ မကျွတ်မလွတ်တော့တဲ့ နာနာဘာဝကျတ်အိမ်တွေ ဖိနပ်မပါဘဲ ပြေးလွှားနေရတဲ့ ဦးတည်ရာမဲ့ ဘယာနကတိမ်သားတွေ ကမ္ဘာမကြေဘူးကို မှိုတက်နေတဲ့ ထမင်းခြောက်တွေ တကျွတ်ကျွတ်ဝါးရင်း ဆိုကြတယ်။ စစ်ဖြစ်ရတာကို ဘယ်စာငှက်လေးတကောင် ၊ ဘယ်ကျီးတကောင်မှ မနှစ်မြို့ စစ်ကြီးက ငါတို့စပါးကျီကို ဝါးမြိုလို့ ဆန်အိုးဟာ ငရဲအသံထွက်နဲ့ ကုတ်ခြစ်တက်လာပြီ ဒီမှာ 
အလေဏတောတို့ ဖာသယ်မတယောက်ရဲ့ရောင်းရေးဝယ်တာ ပေါက်ကြေးကိန်းဂဏန်းတခုစာလောက် တိုင်းရေးပြည်ရေးကို စွက်ဖက်စေချင်တယ် ။ အထီးကျန်နာကျင်ဝါကျဟာ ငါတို့တိုင်းပြည်တခုပဲ အိပ်မက်ဟာ ဒီဝပ်ကျင်းထဲ အစက ပြန်စ စ နေရတော့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား တေးသွားကို မရပ်တန့်လိုက်နဲ့ ကောင်းကင်ကို တူးဆွကြ မြေသားကို ထိုးခွဲကြ ပုံပြင်ဖြစ်သွားတဲ့ ထရိုဂျန်မြင်းတွေကိုမယုံနဲ့ ကြယ်ဝင်စားရမယ့် ငါတို့ကို ယုံပါ ရောမမြို့ကြီးကို ကယ်တင်ဖို့ တံတားကိုဖြတ်ချ တိုက်ဗာမြစ်ကြီးထဲ ခုန်ချခဲ့သူ " ဟိုရေးရှပ်"ဟာ ငါတို့ပဲ ငါတို့ဟာ ကုတ်အင်္ကျီမှ ဆင်းသက်လာသူတွေပဲ ဖြစ်တယ် ဒီမှာ....မြို့သူမြို့သားအပေါင်းတို့..... ယုံကြည်ချက်အလံမှာ ရန်သူ့သွေးနံ့ သုတ်လိမ်းပြီးတဲ့အခါ ငါတို့ညီညွတ်သမျှ နွေဦးရဲ့ ကောက်ပဲသီးနှံကို ငါတို့ရိတ်သိမ်းရလိမ့်မယ်။ သီချင်းပြီးဆုံးသွားတော့ အကြင်နာတရားကို ရခဲ့တယ် တံတွေးစက်တွေ ရခဲ့တယ် စက်ဆုပ်ရွံရှာမှုကို ရတယ်။ ပေါင်မုန့်တချို့ ခေါက်ဆွဲခြောက်အချို့ အဝတ်ဟောင်းတချို့ ဖိနပ်ဟောင်းတချို့ ကန်တော်ကြီးထဲက သောက်ရေတချို့ ပြည်သူ့ဥယျာဥ်စုံတွဲတွေဆီက ချောကလက်တချို့ ရတယ် နေအထွက်မှာ ရွှေခွက်နဲ့ရွှေအပြည့်ခပ်နိုင်ပါစေဆုချွေလို့ သူဖုန်းစားဆက်တင်ကိုရုတ်သိမ်းပြီးတဲ့နောက် တယောရဲ့ပါးပြင်မှာ ကျဆုံးရဲဘော်တယောက်ရဲ့သွေးနဲ့ရေးထားတဲ့ ငါတို့အတွက် ငါတို့ရှိတယ်ဝိညာဥ်လက်မှတ်ကို ဖွဖွလေးနမ်းလို့ မြို့ကြီးပြကြီးရေ..... မိစ္ဆာလက်ထဲက ငါတို့ကုတ်အင်္ကျီငါတို့ပြန်ရဖို့ မြေဆီမြေသားတွေရဲ့ ပျော်ရည်နဲ့ မိုးအဖြစ်ရွာကျဖို့ ခင်ဗျားတို့မျက်ရည်တွေ အနှစ်အသားပြည့်ဝခိုင်မာဖို့ ကြယ်တွေသေပြပါအုံးမယ်.....ပြောပြီး သူ့သီချင်းကို အနားသတ်ပစ်လိုက်တယ်။ ပြီးတဲ့အခါ လူမသိသူမသိ သီချင်းပုံပြင်တွေရေးခြစ်ဖို့ လူစည်ကားရာ အရပ်ကနေ ရဲဘော်တွေရှိတဲ့ နွေဦးတောအုပ်စမ်းချောင်းလေးဆီ တိတ်တဆိတ် ထွက် ခွာ လာခဲ့တယ်။ ။  
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar