ထန်တလန်မြို့ပျက်က ရဲစခန်း ကို CNF နဲ့ အဖွဲ့တွေ တိုက်ခိုက်သိမ်းယူ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖာ်ဝါရီ ၉ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃
ထန်တလန်မြို့ပျက်က ရဲစခန်း ကို CNF နဲ့ အဖွဲ့တွေ တိုက်ခိုက်သိမ်းယူ
၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက မီးရှို့ ခံရပြီးနောက် ၁ နှစ်ကျော်အကြာမှာ မြို့နေသူတွေ စွန့်ခွာထားတဲ့ မြို့က ရဲစခန်းကို CNF နဲ့ ထန်တလန်ပူးပေါင်းတပ်ဖွဲ့ လို့ အမည်ပေးထားတဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ဆန်းပိုင်းမှာပဲ ထန်တလန် ရဲစခန်းကို CNF နဲ့ ထန်တလန် ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး စစ်ကောင်စီ ရဲတပ်သားနဲ့ စစ်သားအချို့ကို ဖမ်းဆီးထားပြီး ရဲစခန်းကို CNFနဲ့ ထန်တလန် ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းသိမ်းထားတဲ့ အနေအထားလို့ နားလည်ရပါတယ်။
ဒီနေရာမှာ စစ်ကောင်စီဘက်က မြို့ကို ပျက်စီးအောင် တိုက်ခိုက်မှုတွေ , နေအိမ်မီးတင်ရှို့တာတွေ လုပ်ခဲ့တာကြောင့် လူဦးရေ သောင်းဂဏန်းနဲ့ ချီရှိတဲ့ မြို့တမြို့လုံး ထွက်ပြေးတိမ်းရှောင်နေကြရတာ နှစ်နဲ့ချီရှိလာပြီ ဖြစ်ပါတယ်။
မကြာသေးခင်က စစ်ကောင်စီ လေယာဥ်တွေက CNF ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယားကမ့် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာ ယခုလို CNF နဲ့ ထန်တလန် ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စွဲထားတဲ့ ထန်တလန်မြို့ ရဲစခန်းကို သွားရောက်တိုက်ခိုက် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဟာ စစ်ကောင်စီ အာဏာသိမ်းမှုကို စတင်တိုက်ပွဲခေါ်သံပေးခဲ့တဲ့ ပြည်နယ်တခုဖြစ်ပြီး မင်းတပ်ဒေသဟာ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီတပ်တွေကို ပထမဆုံး တိုက်ခိုက်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး လအနည်းငယ်အတွင်း ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှု ခုခံမှုကို ကြုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
နယ်မြေ အနေအထားအရ မြင့်မားတဲ့တောင်တွေ ကားလမ်းတခုထည်းကိုသာ အားကိုးရတဲ့ဆက်သွယ်ရေး ပို့ဆောင်ရေးအခြေအနေတွေက စစ်ကောင်စီတပ်တွေအဖို့ အကာအကွယ်မဲ့ ဖြစ်စေပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက် အားသာချက်အဖြစ် အသုံးချကာ စစ်ကောင်စီတပ်တွေရဲ့ ယာဥ်တန်းတွေကို ထိထိရောက်ရောက် ဒုက္ခပေးတိုက်ခိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာတော့ ထန်တလန်မြို့မှာ တိုက်ပွဲအချို့ ဖြစ်ပွားပြီးနောက် မြို့ကို တကြိမ်မက မီးတင်ရှို့ခဲ့ရာက လူဦးရေ တသောင်းကျော် နေထိုင်တဲ့ ထန်တလန်မြို့ တမြို့လုံး ပျက်စီးခဲ့ရတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပွားပြီး တနှစ်ကျော်ကြာလာတဲ့နောက် မြို့နေသူတွေ စွန့်ခွာသွားတဲ့ ထန်တလန်မြို့ကို စစ်ကောင်စီတပ်တွေက တောက်လျှောက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ထန်တလန်ဟာ ချင်းပြည်နယ် ရဲ့ သမိုင်းမှာ ဒဏ်ရာကြီးတခုအဖြစ် စစ်ကောင်စီရဲ့ ဖျက်ဆီးမှု ပြယုဂ်တခုအဖြစ်ကျန်ရစ်နေမယ့် သဘောလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ တော်လှန်ရေး အင်အားစုတွေကို ဆက်လက်ကူညီမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်တဲ့ AA, TNLA, MNDAA တို့က ပြောဆိုလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ တအာင်း ပလောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့က PDF အဖွဲ့တွေကို ကူညီပေးမယ့် အဓိပ္ပာယ်လည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း AA နဲ့ TNLA တို့က PDF အဖွဲ့တွေကို စစ်သင်တန်းပေးတာ လက်နက် အကူအညီပေးတာတွေ ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ KIA၊ KNU တို့လို ၄င်းတို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ တွဲဖက်တိုက်ခိုက်တာမျိုး မရှိသော်လည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အကူအညီပေးခဲ့တာတွေရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေး ဖယ်ရှားရေးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အကူအညီက အရေးပါပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင် ဆန့်ကျင်တဲ့အင်အားစုတွေရဲ့ စုစည်းမှု အင်အားပေါင်းစည်းမှုက တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို အများကြီး သက်ရောက်စေနိုင်တာလည်း ဖြစ်ပါတယ်။
နောက် ထူးခြားသတင်းတပုဒ်ကတော့ စစ်ကောင်စီ၏ သံအမတ် ဦးတင်ယုကို အာရပ်ဆော်ဘွားများနိုင်ငံ UAE က လက်ခံလိုက်တဲ့အကြောင်း နေပြည်တော်က ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ၆ ရက်နေ့မှာ UAE မြို့တော်မှာ ဒုသမ္မတ လက်ထဲကို မြန်မာသံအမတ်က ပေးအပ်ခဲ့တယ် ဆိုပါတယ်။
နောက်ကွယ်သတင်းများအဆိုကတော့ - အာရှမှာ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အခက်အခဲကြုံနေရလို့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ သွားရောက် ရွှေ့ပြောင်း အပ်နှံဖို့ စစ်ကောင်စီအသိုင်းအဝိုင်းက ပြင်ဆင်နေတယ်လို့ ဆိုကြပါတယ်။ စစ်ကောင်စီလက်ထက် သံတမန်လုပ်ငန်းတွေ ချဲ့ထွင်တဲ့ သတင်းတပုဒ်လည်း ဖြစ်နေပါတယ်။
ရေဒီယိုအင်န်ယူဂျီကတော့ စစ်ကောင်စီ၏ ခြေလှမ်းကို အခုလို သတင်းရေးသားထားပါတယ်။
“… စင်ကာပူနှင့်ထိုင်းတို့မှ တပ်နှင့်ပတ်သက်သော စီးပွားရေးများ ဘဏ်အကောင့်များ ပိတ်ဆို့လာမှုကြောင့် စစ်ကောင်စီမှ UAE နိုင်ငံ ကို ၎င်း တို့ ပိုင်ဆိုင်မှုများ ရွှေ့ပြောင်းနိုင်ရန် များမကြာမီက ပူးတွဲသံအမတ်အဖြစ် ခန့်အပ်ခဲ့သော ဆော်ဒီသံအမတ်ကြီး ဦးတင်ယုနှင့် သံအဖွဲ့ဝင်များကို တိတ်တဆိတ် စေလွှတ်ကာ သံတမာန်ဆက်ဆံရေးကို တည်ဆောက်ခဲ့တာလို့ သတင်းရရှိပါတယ်။ လတ်တလောမှာ UAE နိုင်ငံတွင် စကစရဲ့ တရားဝင်သံရုံးကို UAE အစိုးရက ခွင့်ပြုလိုက်တယ်လို့ အခိုင်အမာသတင်းရရှိပါတယ်။ သံရုံးဖွင့်လှစ်နိုင်ရန် Golding land travel agency က လိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ …”
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar