Breaking News

သေနတ်လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီ


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၀ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃


သေနတ်လက်နက် ကိုင်ဆောင်ခွင့် ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီ

ဇန်နဝါရီလ ၃၁ ရက် နေ့စွဲပါရှိတဲ့ “လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူ”လို့ ခေါ်ဆိုတဲ့ သေနတ်ကိုင်ဆောင်တဲ့ ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ ဥပဒေတရပ်ကို စစ်ကောင်စီက ဒီနေ့ အများသိအောင် ထုတ်ပြန်လိုက်ပါတယ်။ ၁၉၇၇ ခုနှစ် က ထုတ်ပြန်ခဲ့တဲ့ ဥပဒေကို ပြင်ဆင်ထုတ်ပြန်တယ်လို့ ဆိုထားတဲ့ ဒီဥပဒေမှာ လိုင်စင်နဲ့ ကိုင်ဆောင်တဲ့ သေနတ်နဲ့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ရှိတဲ့ သေနတ်များဆိုပြီး ၂ မျိုး ခွဲခြားထားတာတွေ့ရမှာ ဖြစ်ပြီး လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ရှိတဲ့ သေနတ်တွေက တဦးချင်း လုံခြုံရေးအတွက် ကာကွယ်ဖို့ သဘောမျိုး၊ အချို့သောဒေသတွေမှာ အမဲလိုက်တဲ့ သေနတ် အုပ်စုဝင် သေနတ်တွေဖြစ်ပြီး ပါမစ်နဲ့ ကိုင်ဆောင်တဲ့ သေနတ်တွေကတော့ ပြည်သူ့စစ်လိုမျိုးအဖွဲ့တွေက ကိုင်ဆောင်တဲ့ သေနတ်တွေဖြစ်တဲ့ ရိုင်ဖယ်သေနတ်၊ စက်ကလေး အုပ်စုဝင် သေနတ်တွေလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ 

လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို အခုမှ အသစ်ပြဋ္ဌာန်းတာမဟုတ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ စစ်အရာရှိဟောင်း၊ သတင်းပေးတွေလို့ ယူဆကြသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေကို ကာကွယ်ဖို့အတွက် စစ်ကောင်စီက အခု ဥပဒေပြင်ဆင်ချက်ကို ထုတ်ပြန်တာလို့ ယူဆရပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း မြို့ပေါ် ပြောက်ကျားအဖွဲ့တွေ၊ နယ်က PDF အဖွဲ့တွေက စစ်ကောင်စီသတင်းပေးလို့ သံသယရှိသူ၊ ယူဆသူ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ စစ်တပ်ထွက် အရာရှိဟောင်း၊ စစ်မှုထမ်းဟောင်းတွေ ရာထောင်ချီ လုပ်ကြံသတ်ဖြတ်ခံနေကြရတာကြောင့် အခုလို လက်နက်ကိုင်ဆောင်ဖို့ ခွင့်ပြုပြီး လုပ်ကြံသတ်ဖြတ်မှုတွေ အန္တရာယ်က ကာကွယ်နိုင်မလားလို့ ကြိုးစားပုံရပါတယ်။ 

အခု ပြင်ဆင်ထုတ်ပြန်တဲ့ ဥပဒေဟာ အချို့သောနိုင်ငံက လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေလို နိုင်ငံသားတိုင်း မိမိလုံခြုံရေးကို ကာကွယ်နိုင်တဲ့ ဥပဒေမျိုးမဟုတ်ဘဲ စစ်ကောင်စီက ၄င်းတို့ရည်ရွယ်တဲ့ လူအစုတစုအတွက် ထုတ်ပြန်တဲ့ ဥပဒေလို့ဆိုရမှာ ဖြစ်ပါတယ်။ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှာ အရေးကြီးတဲ့ အောက်ခြေတာဝန်ယူသူတွေ၊  စစ်တပ်အငြိမ်းစား တပ်ကြပ်ကြီး အဆင့်ကနေ ဗိုလ်မှူးချုပ် အဆင့်ထိရှိတဲ့ သူတွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ ကိစ္စ ၄င်းတို့ကို အကာအကွယ် မပေးနိုင်တဲ့ကိစ္စတွေကို ပြီးခဲ့တဲ့နှစ်တွေ ကတည်းက စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို ထောက်ခံတဲ့ ဝါဒဖြန့်မီဒီယာတွေက သတင်းသမားတွေက မေးမြန်းခဲ့တာ တကြိမ်မက ကြားနေရတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တဦးချင်းကို အကာအကွယ်ပေးနိုင်ဖို့ထက် စစ်တပ်ထဲက လက်ရှိ လုပ်ကိုင်နေသူတွေ၊ ရဲတွေ ၊ ရဲကင်းတွေ၊ ရဲစခန်းတွေကိုတောင် အကာအကွယ်ပေးဖို့အတွက် အသည်းအသန် ကြိုးစားနေကြရတာ ဖြစ်လို့ တဦးချင်းတွေအတွက် အကာအကွယ်မပေးနိုင်တာဟာ မထူးဆန်းဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

ခုခါမှာတော့ လက်နက်ကိုင်ဆောင်ခွင့် မူဆိုတဲ့ ဥပဒေကို ပြင်ဆင်ထုတ်ပြန်လိုက်ပြီး အဲဒီရည်ရွယ်ပြီး ထုတ်ပြန်ပေးတဲ့ အုပ်ချုပ်ရေးက သူတွေနဲ့ စစ်အရာရှိဟောင်း၊ စစ်မှုထမ်းဟောင်းတွေ ပစ္စတိုလို၊ မောင်းပြန်မဟုတ်တဲ့ သေနတ်လိုမျိုး လိုင်စင်လျှောက်ပြီး ကိုင်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ 

ဒီဥပဒေက လက်တွေ့မှာ သူတို့ရည်ရွယ်ချက်ကို ဘယ်လောက်ထိ ဖြည့်ဆည်းနိုင်မလဲ ကာကွယ်နိုင်မလဲ ဆိုတာမသိရသေးပါဘူး။ ဒီလို အောက်ခြေအဆင့် အုပ်ချုပ်ရေး မှာပါဝင်နေသူတွေကို လက်နက်တွေ ထုတ်ပေးပြီး ကိုင်ဆောင်စေမှာလား၊ စစ်မှုထမ်းဟောင်းတွေကို လက်နက်ထုတ်ပေးပြီး ကိုင်ဆောင်စေမှာလား ဆိုတာ မသိနိုင်သေးပါဘူး။ တနည်းအားဖြင့်တော့ မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ၄င်းတို့ ပစ်မှတ်ထားသူတွေထံမှာ လက်နက်ရှိနေနိုင်တယ်ဆိုတဲ့ သဘော သတင်းစကားပါးချင်တာ ရည်ရွယ်ချက် တခုဖြစ်ပုံရပါတယ်။ 

အခုလို လက်နက်ကိုင်ဆောင်ခွင့် ဥပဒေပြင်ဆင်ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ လက်နက်ကိုင် တော်လှန်ရေးကို ပိုပြီးကျယ်ပြန့်လာအောင် လုပ်သလိုလည်း ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ လာမယ့် နှစ်ကာလတွေမှာ လက်နက်ကိုင်ဆောင်သူ ပိုများလာ၊ လက်နက်နဲ့ တိုက်ခိုက်မှုပိုများပြားလာပြီး အခြေအနေက လုံခြုံမှုပိုကျဆင်းလာမယ့် အနေအထားလို့လည်း ခန့်မှန်းရပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မြို့နေလူထုတွေ စွန့်ခွာခဲ့ကြတာ တနှစ်ကျော် ရှိနေပြီးဖြစ်တဲ့ ချင်းပြည်နယ် ထန်တလန် မြို့ကို CNFတိုင်းရင်းသားလက်နက်ကိုင် တပ်က ပြန်လည်ထိန်းချုပ်ထားတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ယခုရက်ပိုင်း ထန်တလန်မြို့က ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ရဲအချို့ကို CNF က ဝင်တိုက်ပြီး လက်နက်ကိုင်တွေကို လက်ရဖမ်းဆီးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

ထန်တလန်မြို့ကို ယမန်နှစ်တနှစ်လုံး စစ်ကောင်စီတပ်တွေ တပ်စွဲထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ CNF တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက် NCA ကို ပျက်ပြယ်ကြောင်းကြေညာကာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ CNF အင်အားကောင်းတဲ့ဒေသ၊ အခြေစိုက်ရာဒေသကလည်း ထန်တလန်ဖြစ်ပြီး ထန်တလန်မြို့ မီးတင်ရှို့တဲ့အဖြစ်အပျက်တွေ မဖြစ်ပွားခင်မှာ အဲဒီဒေသတွေမှာ စစ်ကောင်စီနဲ့ CNF အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အခုလို တနှစ်ကျော်အကြာမှာ CNF က မီးလောင်ကျွမ်းပြီး မြို့ပျက်သဖွယ်ဖြစ်နေတဲ့ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ သဘောဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ရေးအရ တုံ့ပြန်မှုတွေ ဘယ်လို လုပ်ဆောင်လာမလဲဆိုတာ စောင့်ကြည့်ရဦးမယ့် သဘောလည်းဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar