ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အလှမ်းဝေးနေဆဲ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၁၁ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃
ပြည့်ဝတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေး အလှမ်းဝေးနေဆဲ
မနက်ဖြန်ဆို ပြည်ထောင်စုနေ့ က ၇၆ နှစ်မြောက်နေ့အဖြစ် ကျရောက်မယ့် နေ့တနေ့ဖြစ်ပါတယ်။ ရှမ်းပြည်နယ် ပင်လုံမြို့မှာ လွတ်လပ်ရေး အတူတကွယူရေး၊ ပြည်ထောင်စုထဲ တွဲလျက်လွတ်လပ်ရေးရယူရေး သဘောတူပါတယ်ဆိုတဲ့ တိုင်းရင်းသား အချို့နဲ့ အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံရေးခေါင်းဆောင်တွေ လက်မှတ်ရေးထိုး သဘောတူ စာချုပ်ဆိုကြတဲ့နေ့ကို စွဲပြီး ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖဆပလခေတ်ကစပြီး နိုင်ငံရဲ့ မြို့အတော်များများမှာ လွတ်လပ်ရေးနေ့ ကျောက်တိုင်တွေ တည်ဆောက်ခဲ့ကြတာ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတဲ့အသုံးအနှုန်းနဲ့ သုံးနှုန်းခဲ့ကြတာ ဖြစ်ပြီး ပြည်ထောင်စု ဆိုတဲ့ အသုံးအနှုန်းက နိုင်ငံရေး ဝါဒဖြန့်မှုအတွက် အသုံးချခံထားရတဲ့ အသုံးအနှုန်းအဖြစ် တိုင်းရင်းသားတွေဘက်က တလျှောက်လုံး ခံစားချက် ရှိခဲ့ကြတာဖြစ်ပါတယ်။
ပြည်မမှာ နေထိုင်ကြတဲ့ သို့မဟုတ် တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်ကြတဲ့ မြန်မာတွေအနေနဲ့တော့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားဝတ်စုံတွေ ဝတ်ပြီး အခမ်းအနား တက်ခိုင်းတာ ပြည်ထောင်စုစိတ်ဓာတ် ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြီး ဝါဒဖြန့်ချိတာတွေကို အများစုက စေ့စေ့ငုငု နားလည်ခြင်း မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အကြောင်းခံ အချက်တွေကိုလည်း အများစုက နားလည်ခြင်းမရှိခဲ့ကြပါဘူး။
ကမ္ဘာမှာ အခြားသော ပြည်ထောင်စုနိုင်ငံတွေရဲ့ ဖွဲ့စည်းပုံ အာဏာခွဲဝေပုံ၊ သယံဇာတ ခံစားခွင့်၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် စတာတွေကို လေ့လာတာ နှိုင်းယှဥ်စဥ်းစား သုံးသပ်တာတွေ မရှိခဲ့ကြပဲ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေ၊ စစ်တပ်အာဏာသိမ်းတဲ့ စစ်ခေါင်းဆောင်တွေ၊ လက်ဝဲဝါဒကိုင်စွဲခဲ့တဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီလို နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးက စစ်မှန်တဲ့ ဖက်ဒရယ်ဝါဒ၊ အနှစ်သာရနဲ့ တွဲဖက်ပြောဆိုတဲ့ ပြည်ထောင်စု မူဝါဒမျိုးကို မနှစ်သက်ခဲ့ကြပဲ မြန်မာနိုင်ငံရေး ပါတီတွေ အသာစီးရမယ့် မိမိတို့ပေးမှ တိုင်းရင်းသားတွေက အခွင့်အရေးရမယ့် မူဝါဒမျိုးကိုပဲ နှစ်သက် ကိုင်စွဲခဲ့ကြတာ ဖြစ်ပါတယ်။
မဆလ ခေတ်တလျှောက်လုံး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အဲဒီအချိန်က မြန်မာလက်နက်ကိုင် အင်အားစုအနေနဲ့ အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တွေထက်လည်း အင်အားအပြတ်အသတ်သာတဲ့ မြန်မာပြည် ကွန်မြူနစ်ပါတီအနေနဲ့ တိုင်းရင်းသားအရေးက လူတန်းစားအရေးရဲ့ လက်အောက်ခံ ဆိုတဲ့ သဘောထားကြောင့် ဖက်ဒရယ် အခွင့်အရေးတွေအတွက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သွေးစည်းမှု လက်တွဲလုပ်ဆောင်မှုကို မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။
၇၆ နှစ်သမိုင်းကို ပြန်ငဲ့ကြည့်လိုက်တဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ကိုင် တိုက်ပွဲသမိုင်းက မြန်မာလူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထက် သက်တမ်းပိုရှည်ကြာပြီး ဖြစ်ကာ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အချိန် အကြီးဆုံး မြန်မာနိုင်ငံရေးအင်အားစု ဖြစ်တဲ့ အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင်အချို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ အကာအကွယ်ခံယူပြီး စစ်အာဏာရှင်တွေကို ပြန်တိုက်ခိုက်တွန်းလှန်ရတဲ့ အခြေအနေ ပြန်ရောက်ရှိသွားတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ အကျိုးအမြတ်တခုလို့ ဆိုနိုင်တာကတော့ တက်ကြွစွာပါဝင်ကြတဲ့ လူငယ်တွေ လူငယ်အဖွဲ့အစည်းတွေအနေနဲ့ ဖက်ဒရယ်မူဝါဒကို လက်ကမ်းကြိုဆိုကာ လွယ်လွယ်ကူကူ လက်ခံအားပေးပြီး ဖက်ဒရယ်နိုင်ငံ ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်သံ ဦးတည်ချက်မှာ တက်ကြွစွာပါဝင်ကြတာ ဖြစ်ပါတယ်။
ဒီအချက်ဟာ ၂၀၂၁ ခု စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးပေါင်း ရာထောင်ချီရှိတဲ့ အဖြစ်တွေကြားထဲမှာ ရှားပါးလှတဲ့ အကျိုးရှိလှတဲ့ နားလည်မှု၊ ဆယ်စုနှစ်များစွာ မှားယွင်းခဲ့တဲ့ သမိုင်းကို သင်ခန်းစာယူစရာ ညီညွတ်မှုတခု ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဖက်ဒရယ်ဝါဒကို လက်ခံကာ ပေါင်းစည်းလှုပ်ရှားကြတာ ကောင်းမွန်လှတဲ့ တန်ဖိုးရှိလှတဲ့ သင်ခန်းစာဖြစ်ပြီး မူဝါဒဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ကို ရယူထားကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ဒီအချက်ကို အလေးထား နားလည်သင့်တဲ့အချိန် ဖြစ်ပါတယ်။
သမိုင်းထဲက သင်ခန်းစာယူဖို့ အချိန်များစွာမကျန်တော့တဲ့ အခုလိုကာလမှာ သင်ခန်းစာကို မလွတ်တမ်း ရယူပြီး သဘောထားမှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိုယ်ပေးမှ ရမယ်ဆိုတဲ့ ပြည်ထောင်စုမှာပါဝင်တဲ့ ပြည်နယ်တိုင်းရဲ့ အခွင့်အရေးမျိုးမဟုတ်ပဲ ၄င်းတို့မှာ အခွင့်အရေးဆိုတာ ရပိုင်ခွင့်အနေနဲ့ ပါပြီးသားဖြစ်တယ်ဆိုတာကို လက်ခံတဲ့ စိတ်ထားမျိုးနဲ့ တန်းတူ ပြည်ထောင်စု စုစည်းပေါင်းစည်းချင်လို့ ပေါင်းစည်းကြတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ သဘောပေါက် နားလည်သင့်ကြတဲ့ အချိန်လည်း ဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar