Breaking News

၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့နဲ့ ချင်းတိုင်းရင်းသားအစုအဖွဲ့များ



မြန်မာနွေဦး ခရိုနီကယ် - ဖေဖေါ်ဝါရီ ၁၉ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၃

၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့နဲ့ ချင်းတိုင်းရင်းသားအစုအဖွဲ့များ


ဖေဖော်ဝါရီ ၂၀ ရက်နေ့ဆိုရင် ချင်းအမျိုးသားနေ့ ၇၅ နှစ်မြောက် နေ့ဖြစ်ပါတယ်။ အမေရိကန်အချိန် ဖေဖော်ဝါရီ ၁၈၊ ၁၉ မှာ အမေရိကန်ပြည်ထောင်စုရှိ ချင်းအမျိုးသားတွေနဲ့ ပြည်ပရောက် မြန်မာအမျိုးသားတွေ စုပေါင်းပြီး ချင်းအမျိုးသားနေ့ လက်တွဲကျင်းပကြတာကို ဆိုရှယ်မီဒီယာများကနေ မြင်တွေ့ကြရပါတယ်။ နွေဦးတော်လှန်ရေး အစောဦးနေ့ရက်များ - ချင်းအမျိုးသား ဒေါက်တာဆာဆာကို CRPH က ဖေဖော်ဝါရီ ၂၃ မှာ ကုလနဲ့နိုင်ငံတကာဆက်ဆံရေး အထူးကိုယ်စားလှယ်အဖြစ် စတင် ခန့်အပ်ခဲ့စဉ် ပြည်သူတွေ အားတက် ဝမ်းမြောက်ဖြစ်ခဲ့ကြရသလို ချင်းအမျိုးသားတွေ၏ အမဲလိုက် တူမီးသေနတ်ဟာ ခုခံစစ်ကို စတင်လိုက်တဲ့ ပထမဆုံး သင်္ကေတလည်း ဖြစ်ပါတယ်။

၂၀၂၁ ဧပြီလ ၇ ရက်နေ့၊ ကလေးမြို့က တာဟန်းသပိတ်ခံတပ်စခန်း ဖြိုခွင်းခံခဲ့ရပါတယ်။ ကလေးမြို့မှာ စစ်တပ်၏ လက်နက်ကြောင့် လူ ၁၁ ဦး ကျဆုံးပါတယ်။ တပြိုင်နက်တည်း တန့်ဆည်မှာလည်း ပြည်သူ ၇ ဦး ကျဆုံးတယ်။ တူမီးလက်နက် ကိုင်စွဲခုခံစစ်ဟာ ချင်းပြည်နယ်က စပြီး ပြည်သူတွေဆီကို စတင်ပြန့်နှံ့ပါတယ်။ တူးမီးသေနတ်တွေကို နွေဦးပြည်သူတွေက တယောက်တလက် ကိုင်စွဲ ခုခံကြဖို့ ပြင်ဆင်ကြတဲ့ မြင်ကွင်းတွေ တွေ့ခဲ့ကြရပါတယ်။ အဲသည်မှာ ချင်းအမျိုးသားတပ်ဦး CNF ၏ အမည်နာမကို သတင်းတွေမှာ စတွေ့ကြရပြီးနောက် ဧပြီလ ၁၆ ရက်မှာတော့ NUG အစိုးရစတင်ဖွဲ့စည်းကြောင်းကြေညာပါတယ်။ အဲသည်မှာ CNF က ချင်းနိုင်ငံရေးခေါင်းဆောင် ဆလိုင်းလျမ်မှုန်းဆာခေါင်းကို ဖယ်ဒရယ်ရေးရာပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သလို နိုင်ငံတကာဆက်ဆံရေးဝန်ကြီးအဖြစ် ချင်းအမျိုးသား ဒေါက်တာဆာဆာကို ခန့်အပ်ခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအစကတည်းက ချင်းအမျိုးသားတွေ၏ ရပ်တည်ချက် ခုခံတွန်းလှန်မှု အင်အားတွေဟာ အခြားပြည်သူတွေ တိုင်းရင်းသားတွေအတွက် ခွန်အားတွေ တွန်းအားတွေအဖြစ် အများကြီး ဩဇာရှိခဲ့တာကို မေ့လို့မရပါဘူး။ ဒါကြောင့် နက်ဖြန်ကျရောက်မယ့် ချင်းအမျိုးသားနေ့အတွက် NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလမှ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပတ်သက်၍ အခုလို ပြောကြားခဲ့ပါတယ်။

"ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကိုတွေ့ရပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ ဆက်လက်ပြီး နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက်ဦးဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။

နွေဦးကာလအစောပိုင်းက CNF/CNA လို့ အင်အားစုတရပ်ကနေ CJDC/CDF အမည်ရှိတဲ့ အင်အားတွေ တိုးပွားလာနေတာကို မိန့်ခွန်းများမှာ တွေ့နိုင်တယ်။ CNF ကတော့ The Chin National Front (ချင်းအမျိုးသားတပ်ဦး; CNF) ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကာလကတည်းက စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ ၎င်း၏ Chin National Army ကတော့ ချင်းအမျိုးသားတပ် ဖြစ်ပြီး လက်နက်ကိုင်တပ်အဖြစ် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ အင်အားများ ထူထောင်လာကြတဲ့ ချင်းအင်အားစုတွေ The Chinland Defense Force (ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့) တွေအဖြစ် နေရာဒေသအလိုက် ပေါ်ပေါက်လာကြပါတယ်။ CDF - မင်းတပ်၊ CDF - Mara၊ CDF - Zatung စတဲ့ ဒေသခံ CDF တွေကနေ စုပေါင်းတဲ့ CJDC (Chinland Joint Defense Committee) ဆို ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ထိုနည်းတူ - ချင်းအင်အားစုဖွဲ့မှုတွေထဲမှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကတော့ NUG, NUCC & CRPH နဲ့ နိုင်ငံရေးအရ ချိတ်ဆက်ထားတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ပေါ်ထွက်လာတဲ့ ချင်းတိုင်းရင်းသားတွေ၏ နိုင်ငံရေးအဖွဲ့အစည်းတရပ်လို့ ဆိုနိုင်ပါတယ်။ ဧပြီလ ၁၃၊ ၂၀၂၂ တုန်းက ICNCC ဖွဲ့စည်းခြင်း တနှစ်ပြည့်မှာ နိုင်ငံရေးသဘောထား ထုတ်ပြန်ခဲ့ရာမှာ ချင်းပဋိညာဉ်နဲ့ ချင်းပြည်ထောင်စုအစိုးရ ပေါ်ပေါက်လာရေး အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ပါတယ်။ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီအဖွဲ့ထဲမှာ ချင်းအမျိုးသားတပ်ဦး CNF၊ ၂၀၂၀ခုနှစ်ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသအသီးသီးက ချင်းကာကွယ်ရေး လက်နက်ကိုင်အင်အားစုတွေ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့သပိတ်ကိုယ်စားလှယ်တွေ CDM ကိုယ်စားလှယ်တွေ အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

နွေဦးတော်လှန်ရေး၏ တပ်ဦးက တာထွက်ကောင်းခဲ့တဲ့ ချင်းပြည်နယ်တော်လှန်ရေးအင်အားစုတွေ၏ အခန်းကဏ္ဍက လွန်စွာအရေးပါနေတာကို အခု ချင်းအမျိုးသားနေ့ ထုတ်ပြန်ချက်တွေအရ ထင်ရှားပါတယ်။ စစ်အာဏာရှင်ကို ဖြုတ်ချပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရာမှာလည်း ချင်းလူမျိုး တွေ ဆက်လက်ပါဝင်နိုင်ကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ က ထပ်လောင်းဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများလွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် ချင်းပြည်ကို ခိုင်မာ စွာတည်ဆောက်ကြရမှာဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီထုတ်ပြန်လိုက်ပါတယ်။

NLD အစိုးရခန့် ဒုသမ္မတ ချင်းတိုင်းရင်းသား ဟန်နရီဗန်ထီးယူကိုတော့ စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ၂၀၂၃ ဇန်နဝါရီလတုန်းကတော့ နေအိမ်မှာ ချော်လဲလို့ မင်းအောင်လှိုင် ခေါ်တဲ့ ကာလုံအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီလက်အောက်မှာ မှတ်ပုံတင်ပြီး ဆက်လက်ရပ်တည်မည့် ချင်းတိုင်းရင်းသားပါတီများ အစုအဖွဲ့များ ပေါ်ထွန်းလာမလားဆိုတာကိုလည်း ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar