Breaking News

သောင်မတင်ရေမကျ ဖြစ်နေဆဲ ရိုဟင်ဂျာဒုက္ခသည် ပြဿနာ၊ စစ်ကိုင်းတိုင်းအတွင်းက ထွက်ပြေးနေရဆဲ အခြေအနေများ


မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၀ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃


သောင်မတင်ရေမကျ ဖြစ်နေဆဲ ရိုဟင်ဂျာဒုက္ခသည် ပြဿနာ၊ စစ်ကိုင်းတိုင်းအတွင်းက ထွက်ပြေးနေရဆဲ အခြေအနေများ

စစ်ကောင်စီရဲ့ ပြောရေး ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားပြီး သီတင်းပတ် အနည်းငယ်အတွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလို့ ခေါ်ဆိုတဲ့ စစ်ဆင်ရေးကြောင့် လူပေါင်းထောင်ဂဏန်းနဲ့ချီ သတ်ဖြတ်ခံခဲ့ကြရကာ၊ ကျေးရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရတာရဲ့ အကျိုးဆက်ရလဒ် ဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ သက်တမ်း ၇ ခုနှစ်ထဲ ချဥ်းနင်းဝင်ရောက်လာသည့်တိုင် ဖြေရှင်းနိုင်မယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။ ဒုက္ခသည် တသန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ကို ထွက်ပြေးခိုလှုံခဲ့ကြရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ကော့ဘဇားမှာ အဆိုပါ လူဦးရေ တသန်းနီးပါးကို ကျပ်ကျပ်တည်းတည်းနဲ့ နေရာချထားခဲ့ပြီး နိုင်ငံတကာ အစိုးရတွေရဲ့ အကူအညီနဲ့ ဒုက္ခသည်တွေ အသက်ရှင်နေထိုင်နေခဲ့ကြတာ ဖြစ်ပါတယ်။ 

အန်အယ်လ်ဒီ အစိုးရအဖြစ် တာဝန်ယူထားစဥ်မှာ အာဆာ လက်နက်ကိုင်အဖွဲ့က ဒါဇင်နဲ့ချီတဲ့ စစ်ကောင်စီ တပ်စခန်း၊ နယ်ခြားစောင့် ရဲကင်းစခန်းတွေကို စတင်တိုက်ခိုက်လိုက်တဲ့နောက် စစ်ကောင်စီဘက်က အာဆာလက်နက်ကိုင် အဖွဲ့တင်မကဘဲ ရိုဟင်ဂျာ အရပ်သားပေါင်းများစွာကိုပါ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာကြောင့် မြန်မာနိုင်ငံက စစ်တပ်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ ခုံရုံးဖြစ်တဲ့ ICJ မှာ လူမျိုးတုံး သတ်ဖြတ်မှုအနေနဲ့ လျှောက်ထားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီလို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားစွဲဆိုမှုကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ အန်အယ်လ်ဒီအစိုးရ ခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် လျှောက်လှဲခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တရားစွဲဆိုမှုက အခုအချိန်အထိ ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပြီး လက်ရှိစစ်ကောင်စီက ဆက်လက်ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ 

တဖက်မှာ ဒုက္ခသည်တွေကို ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အဓိကလိုအပ်ချက်တွေကို နိုင်ငံတကာ အစိုးရတွေက ရံပုံငွေထည့်ဝင်ပြီး ဖြေရှင်းနေခဲ့တာ ၇ နှစ်ထဲဝင်လာချိန်မှာ ဥရောပတိုက်မှာ ဖြစ်ပွားတဲ့ ယူကရိန်း-ရုရှားစစ်ပွဲပြီးနောက်မှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ရံပုံငွေရရှိမှုက လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ 

ဒုက္ခသည် ပြဿနာကို မဖြေရှင်းနိုင်ခင်မှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားခြင်းဟာ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာ ဖြေရှင်းဖို့ ပိုပြီးအလှမ်းဝေးသွားစေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့နဲ့ စစ်တပ် တို့အကြား ၂၀၁၈၊ ၂၀၁၉ မှာ တကြိမ်ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ တကြိမ် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ကာ နှုတ်နဲ့ အပစ်ရပ်ကြခဲ့ကြတာလည်း ဒုတိယအကြိမ်ဖြစ်ခဲ့ပြီး အခုလို လက်နက်ကိုင် ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားနေခြင်းကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လာဖို့ အလှမ်းဝေးစေတဲ့ နောက်ထပ် အကြောင်းတချက်ဖြစ်ပါတယ်။ 

ခု ရက်ပိုင်း သတင်းတွေထဲ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဝေငှပေးနေတဲ့ ရိက္ခာတွေ လျှော့ချတဲ့ သတင်းတွေ ဖော်ပြတာ တွေ့နေရပြီး နိုင်ငံတကာ ရန်ပုံငွေအကူအညီ လျော့ကျလာတာကြောင့် အခုလို လျှော့ချရတာလို့ ဆိုပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အလုပ်လုပ်ခွင့်လည်းမရှိတာကြောင့် အကူအညီအထောက်အပံ့အပေါ်မှာသာ လုံးလုံးလျားလျား မှီခိုနေကြရတာ ဖြစ်ပြီးအခုလို ရိက္ခာ ဝေငှမှု လျှော့ချတဲ့ သတင်းက ဒီပြဿနာ နှစ်ရှည်ကြာလာခြင်းရဲ့ အကျိုးဆက်တခုအနေနဲ့လည်း ရှုမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင် ခုခံတိုက်ခိုက်မှု၊ နိုင်ငံအနှံ့အပြား လက်နက်ကိုင်တိုက်ပွဲတွေ စစ်မြေပြင်တွေ ကျယ်ပြန့်လာတာတွေက ရိုဟင်ဂျာ ပြဿနာကို ဖုံးလွှမ်းသွားကောင်း သွားနိုင်ပါတယ်။ ပြဿနာပေါ် ပြဿနာဆင့်တဲ့ အနေအထားဖြစ်ပြီး ဘယ်ပြဿနာကို ဦးစားပေးဖြေရှင်းရမလဲဆိုတဲ့အပေါ် အမြင်ကွဲလွဲမှုတွေတောင် ရှိကောင်းရှိနိုင်ပါတယ်။ အမှန်တကယ်တော့ စစ်တပ်ရဲ့ နိုင်ငံရေးအပေါ် အုပ်စီးထားခြင်း တနည်း စစ်အာဏာရှင် စနစ်က ပြဿနာရဲ့ အကြောင်းရင်းခံ ဖြစ်တာကို သဘောပေါက် ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့အတွက် အခြားအကြောင်းအရာ တခုကတော့ ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းတွေထဲ ဖော်ပြထားကြပါတယ်။ 

နေ့စဥ် နဲ့အမျှ သတင်းတွေထဲ စစ်ကိုင်းတိုင်းက မြို့နယ်တွေက သတင်းခေါင်းစဥ်တွေမှာ နေရာယူထားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၅၀ ရာနှုန်းကျော်ကျော်ကို NUG/ PDF တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ကြေညာတာ ပြောဆိုတာတွေ ရှိပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ အကာအကွယ်ပေးဖို့, ခက်ခဲနေဆဲပဲ ဖြစ်ပါတယ်။  အခုလို စစ်ကိုင်းတိုင်းထဲက  သိန်းဂဏန်းခဲ့ချီ လူထုတွေ အနေနဲ့ အသက်ဘေးအန္တရာယ်က ထွက်ပြေးတိမ်းရှောင်ရင်း စိုက်ပျိုးရေးလည်း မလုပ်ကိုင်နိင်၊ ရှိတဲ့ ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေ လည်းဆုံးရှုံးရတဲ့ အခြေအနေကို တဖန် ခံစားနေကြရပြီး PDF အဖွဲ့တွေ အနေနဲ့ လောလောဆယ် အနေအထားမှာ ပြည်သူလူထုကို ကာကွယ်ပေးရေးကလည်း အရေးကြီးတဲ့အချက်ကို ထပ်မံအလေးထားနှိုးဆော်လိုက်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar