Breaking News

ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ (အပိုင်း ၄)


ကိုအောင်မှိုင်း - ရာဇဝတ်ကောင်ရွေးပွဲ

(မိုးမခ) ဖေဖော်ဝါရီ ၉ ၊ ၂၀၂၃


အပိုင်း ၄

၁၉၅၈ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီး အိမ်စောင့်အစိုးရ နာမည်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါ တယ်။ စစ်တပ်က ဘတ်ဂျက်တွေတိုးတောင်း စစ်တပ်ကို တိုးချဲ့ပြီး ပြည်တွင်းစစ်မီးကို ဓာတ်ဆီ လောင်းတော့တာပါပဲ။ သေချာတာက ပြည်တွင်းစစ်ရှိမှ စစ်တပ်က လူရာဝင်မယ်ဆိုတာ စစ်ဗိုလ်ချုပ်တွေ သိထားကြတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်မီး ကြီးထွားကျယ်ပြန့်လေ စစ်တပ်က ပိုလူရာဝင်လေလို့ ပြောရတော့မှာပါ။ စစ်တပ် အကျိုးစီးပွားဟာ ပြည်တွင်းစစ်မီးနဲ့ တိုက်ရိုက်အချိုးကျနေတာ ဖြစ်လို့ စစ်တပ်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်မယ်ဆိုတဲ့ စကားကို ကျနော်တော့လုံးဝ မယုံကြည်သလို စစ်တပ်က လုပ်မယ့် ပြည်တွင်းငြိမ်းချမ်းရေးဟာ ရိုးသားလိမ့်မယ်လို့ ဘယ်သူ အာမခံနိုင်မလဲဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်။

အဓိကပြောလိုတာက ကနေ့ စစ်တပ်နဲ့ပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတို့ NCA တို့၊ စာချုပ်အတိုင်း လုပ်ကိုင်ချင်တယ်တို့ ပြောဆိုနေကြတဲ့ တိုင်းရင်းသားခေါင်းဆောင်အမည်ခံ ပုဂ္ဂိုလ်တွေကို မေးခွန်းထုတ်ရတော့မယ့် အနေအထားလို့ ပြောလိုပါတယ်။ 

နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်းချမ်းရေးကို စစ်တပ်က ဘယ်တုန်းက ရိုးရိုးသားသား လုပ်ခဲ့ဖူးသလဲဆိုတာတော့ ကျနော်တို့ အခိုင်အမာပဲ မေးခွန်းထုတ်လိုပါတယ်။ ဒီနေရာမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်တာကတော့ မိမိတိုင်းရင်းသားအကျိုးးစီးပွားထက် ကိုယ့်အကျိုးစီးပွား ဖြစ်ထွန်းရေးအပေါ် အရှက်ကင်းမဲ့ စွာ စစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာတာထက်မပိုပါဘူး။

ကနေ့ နိုင်ငံရေးသမားတွေကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတာ ဖြစ်တယ်ဆိုတဲ့ စစ်တပ်ကထုတ်တဲ့ လေပုတ်ထုတ်ဆေးကို တိုင်းရင်းသားခေါင်းဆောင်အမည်ခံပုဂ္ဂိုလ်တချို့ သမိုင် းမသိ ပထဝီ မသိ ပြောနေကြတာ ကြားရတော့ ဘယ်လိုလုပ် အဲဒီလို ပုဂ္ဂိုလ်တွေကို တိုင်းရင်းသားခေါင်းဆောင်တွေအဖြစ် နားလည်ပေးရမလဲဆိုတာ စဥ်းစားမရနိုင် အောင်ပါဘဲ။

ကမ္ဘာမှာ နိုင်ငံရေးသမားတွေအချင်းချင်း မပြေလည်တာတွေက ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ ဖော်မပြနိုင်တဲ့ တန်ဖိုး ဖြစ်ပါတယ်။ အစိုးရနဲ့ အတိုက်အခံဆိုတာ ဒီသဘောပါပဲ။ လူထုရဲ့ အဆုံးအဖြတ်ကို ခံယူပြီး အစိုးရ လုပ်ရတယ်။ အတိုက်အခံလုပ်ရတယ်။ တခါ အတိုက်အခံက အစိုးရဖြစ်နိုင်သလို အစိုးရကလည်း အတိုက်အခံဖြစ်နိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ 

ဒီနေရာမှာ ဝန်ထမ်းအဖွဲ့အစည်းသာ ဖြစ်တဲ့ စစ်တပ်က ဝင်နှောက်မှသာ ပြဿနာကြီးလာသလိုသွေးထွက်သံယိုမှုတွေ၊ ဆင်းရဲတွင်းနက်မှုတွေ၊ ဖိနှိပ်သတ်ဖြတ်ခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေဖြစ်လာတာပါ။ တတိုင်းပြည်လုံးလည်း ဆင်းရဲမွဲတေပြီး ပြည်သူလူထုတွေလည်း စာမတတ် ပေမတတ် စစ်ကျွန်တွေအဖြစ် လူလုံးမလှအောင် ဖန်တီးလေ့ရှိတာကလည်း စစ်အာဏာရှင် ဆိုသူတွေရဲ့ စစ်အာဏာသိမ်းလုပ်ရပ်ကြောင့်ပါပဲ။

ဒီမိုကရေစီအနှစ်သာရ ဆိုတာ စစ်အာဏာရှင်စနစ်အောက်မှာ လုံးဝမရှိပါဘူး။ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီစနစ် ကျင့်သုံးပါမယ် ပြောတာ ကျနော့်အမြင်တော့ ခါးတောင်းကျိုက် တခြား ဖင် တခြာ းပြောတဲ့ လိမ်ညာမှုသာ ဖြစ်မှာပါ။ 

ကနေ့ အကြမ်းဖက်စစ်တပ်က လုပ်မယ်ဆိုတဲ့ ရွေးကောက် ပွဲဆိုတာကို ပြူတစ်ပြူတစ် လုပ်နေတဲ့တိုင်းရင်းသားခေါင်းဆောင်အမည်ခံတွေ၊ ရှစ်လေးလုံးအမည်ခံတွေ၊ ဒီမိုကရေစီ အမည်ခံတွေကို ပြောစရာစကားကတော့ စစ်ရာဇဝတ်ကောင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတိုင်းဟာ လူသတ်မှု၊ ဓားပြတိုက်မှု၊ မီးရှို့မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှုတွေအားလုံးမှာ ရာဇဝတ်ကောင်တွေရဲ့ အလိုတူ အလိုပါ ကြံရာပါတွေလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရကာလတလျှောက်လုံး နိုင်ငံရေးသမားတွေကို ဖမ်း၊ စစ်တပ်အင်အား တိုးချဲ့၊ စစ်တပ် စီးပွားရေးကို တိုးချဲ့ လူထုအိမ်ရာတွေ ဖျက်ပြီး လူထုအိမ်ရာတွေမှာ နေရာဝင်ယူခဲ့ကြသလို ပထစ အစိုးရတက်လာချိန်မှာလည်း လူထုက ပြည်တွင်းငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် အာသီသရှိနေတဲ့ ဆန္ဒတွေကို နည်းမျိုးစုံနဲ့ ရိုက်ချိုးပြီး ပြည်တွင်းစစ်မီးကို ကြီးထွားကျယ်ပြန့်လာအောင် တဖက်က လုပ်ခဲ့သလို အခြားတဖက်ကလည်း နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့တာကိုလည်း သမိုင်းမှာ အခိုင်အမာ တွေ့ခဲ့ကြရတာဖြစ်ပါတယ်။ မြဝတီမဂ္ဂဇင်းလို့ လူသိများတဲ့ စစ်တပ်ပိုင်မဂ္ဂဇင်းကိုလည်း ၁၉၅၂ ခုနှစ် နိုဝင်ဘာလလောက်ကတည်းက တပ်မတော်စာပေမြှင့်တင်ရေးက စတင်ထုတ်ဝေခဲ့တာ တွေ့ရပါတယ်။ အဓိကကတော့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ တပ်ဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ 

ဒါကြောင့်လည်း ၁၉၅၈ အာဏာသိမ်းပွဲကို ဝတ်စုံပြည့်အစမ်းလေ့ကျင့် အာဏာသိမ်းပွဲအဖြစ် မိုက်ကယ်ချာနေ စတဲ့ အနောက်တိုင်းသမိုင်းဆရာတွေက ယူဆကြဟန်တူပါတယ်။

စစ်တပ်ဟာ အဘက်ဘက်က ပြင်ဆင်နေချိန် မှာ ကျနော်တို့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဘဆွေတို့ကတော့ ကွဲကြပြဲကြ ဖိုက်ကြ မိုက်ကြ၊ စစ်တပ်ကို မျက်နှာလုပ်ကြတဲ့ ကာလလို့ ပြောရမှာဖြစ်ပါတယ်။

၁၉၆၂ အာဏာသိမ်းတုန်းက အကြောင်းပြချက်က ဖက်ဒရယ်ကြောင့်အာဏာ သိမ်းတာပါလို့ ဗိုလ်နေဝင်းက ပြောသလို ဖက်ဒရယ်ဆိုတာကို ခွဲထွက်ရေးလို့ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီကာလရဲ့ နိုင်ငံရေးဖြစ်စဥ်တွေကို ကျနော်တို့ အခိုင်အမာ ခွဲခြမ်းစိတ်ဖြာဖို့လိုမှာဖြစ်ပါတယ်။ 

၁၉၆၂ ခုနှစ် အာဏာသိမ်းတာကတော့ ၁၉၅၈ အာဏာသိမ်းခဲ့တုန်းကလို တိုးတိုးတိတ်တိတ်အာဏာသိမ်းခဲ့တာ မဟုတ်ဘဲ ဗြောင်အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ( ၂ ) ရက် မနက် ၈ နာရီ ၂၅ မိနစ်မှာ ဗိုလ်နေဝင်းက မြန်မာ့အသံကနေ "ပြည်ထောင်စုမြန်မာ နိုင်ငံတော်၏ အထူးယိုယွင်းလာသောအခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ၊ ဗမာ့တပ်မတော်မှတာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း" ဆိုပြီး ကြေညာလိုက်ပါတယ်။ ဒီနောက်တော်လှန်ရေး ကောင်စီ ၁၇ ဦးကို စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့တယ်။ အစိုးရအဖွဲ့ကို ဦးသီဟန်က လွဲပြီး စစ်ဗိုလ်ချုပ်တွေနဲ့ ၇ ဦး ပေါင်း ၈ ဦးနဲ့ဖွဲ့ပြီး စစ်အုပ်ချုပ်ရေးကို စခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဆန့်ကျင်ရှုတ်ချလိုက်တာကတော့ ကျောင်းသားထုရဲ့ ဗကသ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ တို့ဖြစ်ပါတယ်။ အစိုးရပါတီဖြစ်တဲ့ ပထစ တို့၊ အတိုက်အခံပါတီဖြစ်တဲ့ တည်မြဲတို့ တိုးတက်တယ်လို့ သတ်မှတ်ကြတဲ့ ပမညတတို့အားလုံးဟာ နှုတ်ပိတ်ပြီး အသံတောင်မထွက်ရဲကြတော့ပါဘူး။

ကျနော် တင်ပြလိုတာက ဗိုလ်နေဝင် းအာဏာသိမ်းတဲ့ အကြောင်းပြချက်ဖြစ်တဲ့အဲဒီကာလရဲ့ နိုင်ငံရေးဖြစ်စဥ်တွေကို အသေအချာ လေ့လာသုံးသပ်ဖို့ လိုမှာဖြစ်ပါတယ်။ ဗိုလ်နေဝင်းဟာ ၁၉၆၁ ခုနှစ် နိုဝင်ဘာလလောက်ကတည်းက စစ်တပ်အာဏာသိမ်းဖို့ လျှို့ဝှက်စွာပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးနုရဲ့ တာတေစနေသား စာမျက်နှာ ၃၃၁ မှာ အတိအလင်းရေးခဲ့တာတခုက "၁၉၆၀ ခုနှစ်

ရွေးကောက်ပွဲပြီးလို့ သူသာ အာဏာပြန်ရရင် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီး သီးက ခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို လိုအပ်သ လိုပြင်ဆင်ပေးမယ်လို့ ဦးနုဟာ သန္နိဋ္ဌာန်ချထားတယ်။ အဲဒီသန္နိဋ္ဌာန်အရ ဝန်ကြီးအစည်းအဝေး တခုမှာ ဝန်ကြီးချုပ်ဦးနုက ဒီလိုပြောပြတယ်။

၁။ အခုအခါမှာဆိုရင် လွှတ်တော်တစ်ခုလုံးရဲ့ အမတ်ဦးရေ သုံးပုံ နှစ်ပုံကျော်ကျော်ဟာ အစိုးရရဲ့ လက်ထဲမှာ ရှိနေတယ်။ အဲဒီလိုရှိနေတဲ့အတွက် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပဲ။

၂။ ဒီလို အကောင်းဆုံးအချိန်ဖြစ်နေတဲ့အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဘယ်လို ပြင်ဆင်ချင်ကြသလဲလို့ ပြည်နယ်အစိုးရအဖွဲ့တွေကို မေးချင်တယ်။

၃။ အဲဒီပြည်နယ်အစိုးရတွေက တင်ပြတဲ့အဆိုတွေကို ရှေးဦးစွာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်တယ်။ ဒီလိုဆွေးနွေးနိုင်အောင် ဆွေးနွေးပွဲ (Seminar) တခု ခေါ်ပေးမယ်။ ဒီဆွေးနွေးပွဲကို တက်ဖို့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရအသီးသီးရဲ့ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်မယ်။ အတိုက်အခံ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကိုလည်း ဖိတ်မယ်။

၄။ ဒီဆွေးနွေးပွဲမှာ မိသားစုတွေ ဆွေးနွေးကြတဲ့အတိုင်း ဆွေးနွေးမယ်။ အများသဘောတူ လက်ခံနိုင်တဲ့ အဆိုတွေကို ချက်ချင်း အကောင်အထည်ဖော်ပေးမယ်။ အဖြေရှာလို့မရသေးတဲ့ အဆိုတွေကျတော့ ဆက်ပြီးဆွေးနွေးကြမယ်။

ဒီအချက် ၄ ချက်နဲ့ပတ်သက်ပြီး လုပ်ဆောင်ရမဲ့ကိစ္စအားလုံးကိုဆောင်ရွက်ရန် ဝန်ကြီးချုပ်ဦးနုက တရားရေးဝန်ကြီးကို တာဝန်လွှဲပေးလိုက်တယ်။ 

“ဒီနေရာမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်းသိကြဖို့ လိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေ ပြင်ဆင်တာတို့ ဖက်ဒရယ်ပြည်ထောင်စုကိစ္စ ဆိုတာတွေဟာ တိုင်းရင်းသားတွေက အစချီခဲ့တာမဟုတ်ဘဲ ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် တရားဝင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဥ် ဖြစ်တယ်ဆိုတာပါပဲ။ ဝန်ကြီးချုပ် ဦးနုက “အခုအတိုင်း လုပ်ပေးရင် ပြည်ထောင်စုမြန်မာနိုင်ငံဟာ အခုထက်ပိုပြီး စည်းလုံးလာလိမ့်မယ်လို့ သူ ယုံကြည်နေတယ်။ သူ နိုင်ငံရေးကမထွက်ခင် အမျိုးသားစည်းလုံးရေးလုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက်ပေးသွားချင်တယ်”လို့ သူ ရေးတဲ့ တာတေစနေသားမှာ အတိအလင်း ရေးသားခဲ့တာ တွေ့ရပါတယ်။

ဒီနေ့ စစ်ဒလန်တွေ (တိုင်းရင်းသားခေါင်းဆောင် အမည်ခံတချို့နဲ့ နိုင်ငံရေးသမား အမည်ခံတချို့ ) ပြောနေတဲ့ နိုင်ငံရေးသမားတွေကြောင့် စစ်တပ်က အာဏာသိမ်းရတယ်ဆိုတဲ့ အမြင်ဟာလုံးဝမှား ယွင်းနေသလို တိုင်းရင်းသားတွေ ဖက်ဒရယ်ရေး ခွဲထွက်ရေးကြောင့်ဆိုတဲ့ အမြင်ဟာလည်း လုံးဝ မှားယွင်းပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ အတိုက်အခံစနစ်ဖွံ့ဖြိုးမှုကို အားပေးတဲ့စနစ် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ လူထုရဲ့အအဆုံးအဖြတ်ကို ရွေးကောက်ပွဲဆိုတဲ့ နည်းနာနဲ့ခံယူကြရတာ ဖြစ်ပါတယ်။ မဲအများစုရတဲ့ ပါတီအဖွဲ့အစည်းက လူထုဆန္ဒနဲ့အညီ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရကြသလို လူထုအနေနဲ့ မိမိတို့လူထုဆန္ဒကို မဖြည့်ဆည်းနိုင်ဘူး ဆိုတာနဲ့ အစိုးရကို ဖယ်ရှားနိုင်ဖို့ အခွင့်အရေးတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေမှာ ရေးဆွဲလေ့ရှိပါတယ်။ ဒါကြောင့် အနိုင်ရပါတီအဖွဲ့အစည်းဟာ အစိုးရလုပ်ရပါတယ်။ ဒီလိုပဲ မနိုင်တဲ့ပါတီအဖွဲ့အစည်းတွေဟာ အတိုက်အခံလုပ်ကြရပါတယ်။

အတိုက်အခံပါတီတွေဟာ ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတွေအရ လွှတ်တော်မှာ ဝေဖန်တာ၊ ထောက်ပြတာ အကြံပေးတာ၊ ကန့်ကွက်တာတွေကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ကြရပါတယ်။ ပြောရရင် နိုင်ငံရေးသမားတွေ အချင်းချင်း အဆင်မပြေလွန်းရင် လွှတ်တော်မှာ လက်သီးနဲ့ ထ ထိုးတာထက်မပိုပါဘူး။ စစ်တပ် ဝင်မစွက်သမျှ သွေးထက်သံယို ဖြစ်စရာ အကြောင်းမရှိသလို တိုင်းပြည်လည်း ဆင်းရဲနွမ်းပါးစရာ အကြောင်းမရှိပါဘူး။ 

ကျနော်အနေနဲ့တော့ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ တိုင်းပြည် အခုလို ဆင်းရဲနွမ်းပါးပြီး ပြည်တွင်းစစ်နှစ် ၇၀ ကျော် ကြာခဲ့တာဟာ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ အခွင့်ထူးခံချင်တာ မတရားတဲ့နည်းနဲ့ ကိုယ်ကျိုးရှာချင်တာ တတိုင်းပြည်လုံးကို စစ်ကျွန်ပြုပြီး တိုင်းပြည်တခုလုံးကို လက်ဝါးကြီးအုပ်ချင်တာ စတဲ့ အဓမ္မ လုပ်ရပ်တွေအတွက် စစ်တပ်က ဖန်တီးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

နောက်တချက်ကတော့ ဗမာစစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ဖြစ်နေတာ ကြာမြင့်ခဲ့ပါပြီ။ အနှစ် ၇၀ ကျော်ကြာ တိုင်းရင်းသားဒေသတွေမှာ ဖက်ဆစ်လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် လုပ်ခဲ့ကြပါတယ်။ ဒီနေရာမှာ အမျိုး ဘာသာ သာသနာဆိုတဲ့ တဖက်ပိတ် ဗမာလူမျိုးကြီးဝါဒ၊ ဗမာလူမျိုးကြီးဘာသာ ဆိုတာတွေနဲ့ တိုင်းရင်းသားတွေနဲ့ဗမာတွေကြား ရန်တိုက်အုပ်ချုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကာလ ရောက်မှ ကျနော်တို့ ဗမာတွေ လူလို အသိတရားဝင်ခဲ့ကြတာလို့ ကျနော်တော့ ဗြောင်ပြောချင်ပါတယ်။

နွေဦးတော်လှန်ရေး ရောက်တဲ့အခါ ဗမာစစ်တပ်ဟာ ဖက်ဆစ်တွေ ဖြစ်ကြောင်း အိမ်ပေါင်း သုံးသောင်းကျော် မီးရှို့ခံရပြီး လူပေါင်း တသောင်းကျော်လောက် အသတ်ခံရတဲ့အခါ လက်တွေ့ဘဝပေးအသိက ပြဋ္ဌာန်းလိုက်တာပါပဲ။ စစ်ဗိုလ်ချုပ်တွေဟာ ကိုယ်ကျိုးစီးပွားအတွက် ဘာမဆို လုပ်ရဲတယ်ဆိုတာနဲ့ အောက်ခြေစစ်သား ဆိုတာတွေ အများစုဟာ တကယ့်ကလေကချေတွေ ဖြစ်နေတာမျက်ဝါးထင်ထင် မြင်လိုက်ကြရတာပဲ ဖြစ်ပါတယ်။

ကနေ့ အရေးအကြီးဆုံးက ဗမာတိုင်းရင်းသားတွေဟာ အခြား တိုင်းရင်းသား ညီအကို မောင်နှမများနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးမှာ ကိုယ်စွမ်းရှိသမျှ၊ဉာဏ်စွမ်းရှိသမျှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးဟာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် မဖြစ်မနေ လိုအပ်ချက်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

(၁၉၆၂ ခုနှစ် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဖက်ဒရယ်အရေးဆောင်ရွက်မှု၊ တောင်ကြီးညီလာခံနဲ့ ရှမ်းမူ ဆိုတာ ဘာလဲဆိုတာတွေကို ဆက်ရေးပါဦးမယ်။)

ကိုအောင်မှိုင်း

( ကိုးကား။ ။တာတေစနေသား၊ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်း (ဗန်းမော်တင်အောင် )၊ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန် မြဟန်၊ လွတ်လပ်ရေးရွှေရတု ( ပြည်တွင်းစစ်နှစ် ၅၀) အောင်စော ဦး၊ပြည်သူ့အာဏာဂျာနယ်၊ မိုးကြိုးသတင်းစာ။)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar