Breaking News

NUG အစိုးရကို နိုင်ငံတကာနဲ့ ပြည်ပရောက် မြန်မာတွေ၏ အသိအမှတ်ပြုမှု အတိုင်းအတာ

မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၁ မြင်ကွင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃

  

NUG အစိုးရကို နိုင်ငံတကာနဲ့ ပြည်ပရောက် မြန်မာတွေ၏ အသိအမှတ်ပြုမှု အတိုင်းအတာ

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂရုံးမှ သတင်းထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။

ဥရောပသမဂ္ဂက နောက်ထပ်  လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုအပေါ်  ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်လို့ ဆိုလိုက်ပါတယ်။ စွမ်းအင်ဝန်ကြီးနှင့်  စစ်တပ်ကို ထောက်ခံအားပေး စီးပွားကုန်သွယ်မှုများ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာစစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်တယ်လို့ သတင်းမှာ ပါရှိပါတယ်။ 

ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီရေး လှုပ်ရှားသူ လေးဦးအား သေဒဏ်ပေး ကွပ်မျက်သည့် ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးမှူးများ၊  ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် စစ်တပ်မှ ကျူးလွန်သည့် လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဌာနများနှင့် သူ့အောက်က နိုင်ငံပိုင်လုပ်ငန်းအပြင်  စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီများ အပါအဝင် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသူ လူပုဂ္ဂိုလ်  စုစုပေါင်း ၉၃ ဦးနှင့် အဖွဲ့အစည်း ၁၈ ခု ရှိနေပြီလို့ ဆိုပါတယ်။

၂၀၂၂ ဒီဇင်ဘာ နှစ်မကုန်မီမှာ အမေရိကန်ပြည်ထောင်စုက မြန်မာပြည်၏ နွေဦးတော်လှန်ရေးအင်အားစုများနဲ့ ပြည်သူများကို ထောက်ပံ့ ကာကွယ် အားပေးမှုများကို အချက်အလက်၊ အတိုင်းအတာများ သတ်မှတ်ပြီး အတည်ပြုလိုက်တဲ့ ဘတ်ဂျက် ထည့်သွင်းသတ်မှတ်လိုက်တဲ့ NDAA ကလည်း ၂၀၂၃ ခုနှစ်အတွက် နိဒါန်းကောင်းတယ်လို့ ဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဘားမား ဥပဒေ ၂၀၂၁ (BURMA Act 2021) ကို ပြီးခဲ့တဲ့ ဧပြီလတွင်းက အောက် လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အဲဒါကို မွမ်းမံပြောင်းလဲထားတဲ့ အခု ဘားမား ဥပဒေ ၂၀၂၂ (BURMA Act 2022) (Burma Unified through Rigorous Military Accountability (BURMA) Act of 2022) ထဲမှာ  “NUG/ NUCC/ CRPH စတာတွေကို အမည် တိုက်ရိုက်တပ်ပြီး အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ ပြောထားတာ”......၊ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (Ethnic Armed Organizations – EAOs)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (People’s Defense Force – PDFs) ကို ထောက်ခံ ကူညီဖို့” ထည့်သွင်းထားတာတွေက နိုင်ငံတကာမှာ နွေဦးတော်လှန်ရေး၏ တရားဝင်မှုကို ထင်ရှားစေတယ်လို့ မှတ်ချက်ပေးကြပါတယ်။

EU အလားတူ US က ပိတ်ဆို့အရေးယူမှုတွေက စာရင်းတွေက ထပ်တူနီးပါးမဟုတ်ပေမဲ့ ပိတ်ဆို့အရေးယူမှု အာဏာစက်ကတော့ သူတို့နယ်နမိတ်အတွင်းမှာ အများကြီး ကျယ်ပြန့်တယ် ထိရောက်မှု ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားကို ပိတ်ဆို့အရေးယူတာလောက် မပြင်းထန်သော်လည်း မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုဟာ အမေရိကန်၊ အီးယူနဲ့ ဗြိတိန်အပြင် အာဆီယံနိုင်ငံ၊ ဂျပန်၊ ဩစတြေးလျ၊ တောင်ကိုရီးယားတို့လို မဟာမိတ်ကုန်သွယ်ဖက်တွေအတွက်လည်း ပတ်သက်မှု ထိရောက်မှု ရှိတယ်လို့ ဆိုကြပါတယ်။

လေ့လာသုံးသပ်သူတွေ အဆိုအရကတော့ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ NUG, CRPH & NUCC အသိုင်းအဝိုင်းက မြန်မာစစ်ကောင်စီ၏ စီးပွားရေး စစ်ရေး အကျိုးတူလုပ်ဖော်ကိုင်ဖက် အပေါင်းအပါတွေကို ပိုမို ထောက်လှမ်းထုတ်ဖော်ပြသဖို့ အခွင့်အရေး ဖြစ်တယ်၊ ဒါကို ထိရောက်စွာ အသုံးချရမယ်လို့ ဆိုပါတယ်။ Justice for Myanmar, Blood Money Campaign တို့လို ကမ်ပိန်းအဖွဲ့အစည်းတွေကနေ စဉ်ဆက်မပြတ် ထုတ်ဖော် ကမ်ပိန်းလုပ်နေတဲ့ စစ်ကောင်စီကွန်ရက်ကို ပြည်ပရောက် မြန်မာတွေက အာရုံစိုက်ပြီး ကူညီ သတင်းပေးကြ၊ အချက်အလက်တွေ ရှာပေးကြရင် အစိုးရတွေက အရေးယူဖို့ သွက်လက်လာနိုင်ပါတယ်။ သို့သော်လည်း စစ်ကောင်စီ၏ အကျိုးစီးပွားတူ အသိုင်းအဝိုင်း၏ ခြေကုပ်တွေက အမေရိကန်၊ အီးယူ၊ ဗြိတိန်များ အရောင်အသွေးမျိုးစုံနဲ့ ရှိနေနှင့်တာကြောင့် လက်ရှိ စစ်ကောင်စီ အနီးကပ်အသိုင်းအဝိုင်းနဲ့ အချိတ်အဆက်ကို ဆက်စပ်ပြရတာမှာ အခက်အခဲတွေ ရှိတယ်လို့လည်း တချို့က ပြန်ဝေဖန်ကြပါတယ်။

ပြည်ပရောက် မြန်မာတွေက နွေဦးတော်လှန်ရေးမှာ ထောက်ပို့တပ်သားတွေအဖြစ် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲနေတာကြောင့် အခုလို တော်လှန်ရေးက အရှိန်အဟုန် မကျသေးဘူးလို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း ယခုလအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးများ၏ အမေရိကန်ကမြန်မာတွေနဲ့ တိုက်ရိုက်တွေ့ဆုံတဲ့ ခရီးစဉ်တွေက ပြည်သူတွေ၏ မေးခွန်းတွေကို လေ့လာကြည့်လိုက်ရင်တော့ - PDF တွေအကြောင်း၊ စစ်ရေးအကြောင်းနဲ့ စစ်လက်နက်တပ်ဆင်ရေးတွေအကြောင်း အဓိက စိတ်ဝင်တစား မေးမြန်းကြတာကို တွေ့ရပါတယ်။ 

ပြည်ပက သာမန်ပြည်သူလူတွေကတော့ သူတို့နယ်မြေဒေသမှာရှိတဲ့ Fund Raiser တွေ  Fund Raising ပွဲတွေမှာ တတ်စွမ်းသလောက် ထောက်ပို့ လှူဒါန်းမှုတွေ ရှိကြပြီး နောက်တမျိုးကတော့ NUG နဲ့ ချိတ်ဆက်ထားတဲ့ ရန်ပုံငွေ ထည့်ဝင်မှုတွေမှာ ပါဝင်ကြတာမျိုး တွေ့ရပါတယ်။ NUG အစိုးရ၏ တိုက်ရိုက်ရန်ပုံငွေ သို့မဟုတ် ထောက်ပို့မှုတွေဖြစ်တဲ့ End of Dictatorship ရဲ့ Bonds, Plot & Housing နဲ့ အခွန်ဆောင်မှု တွေကိုလည်း ဝယ်ယူမှု ပေးဆောင်မှု အသင့်အတင့်ရှိတယ် ဆိုပေမယ့် သူတို့နယ်မြေခံတွေထဲက စီစဉ်ပြုလုပ်ကြတဲ့  Fund Riasing တွေမှာ ပါဝင်မှုရာခိုင်နှုန်းကတော့ အများဆုံးဖြစ်ပါတယ်။

အထက်ကပြောခဲ့တဲ့ အမေရိကန်အစိုးရ၏ NDAA က မြန်မာ့အရေး ဘတ်ဂျက်ခွဲဝေမှုမှာဆိုရင်လည်း (ရခဲ့လို့ရှိရင်) တကယ်တမ်းက ကြားခံအမေရိကန်၏ အဖွဲ့အစည်းတွေကနေ နွေဦးအင်အားစုတွေဆီ ခွဲဝေရောက်ရှိမှာ ဖြစ်ပါတယ်။ NUG တခုတည်း မဟုတ်တာဖြစ်တာကြောင့် Public Fund Raising တွေက Fund Raisersတွေကဲ့သို့  သူတို့ အာရုံကျရာ အဖွဲ့တွေ အင်အားတွေဆီ ရောက်ရှိနေတာမျိုး ဖြစ်ပါတယ်။ မြန်မာ့အရေး နှစ်စဉ် ကူညီနေတယ်ဆိုတဲ့ အမေရိကန်ကအကူ သန်း ၁၀၀ကျော်ဆိုတာကလည်း အစကတည်းက သတ်မှတ်ထားပြီးသား နယ်ပယ်များ အဖွဲ့အစည်းများဆီ စီးဆင်းနေတာမို့ အဲသည်ထဲမှာ NUG ၏ အစိတ်အပိုင်းတွေဆီ ရောက်ဖို့ဆိုတာကလည်း အကန့်အသတ်ရှိနိုင်ပါတယ်။ မနေ့က အမေရိကန်သမ္မတ ဘိုင်ဒင်က ယူကရိန်းကို တထိုင်တည်းနဲ့ ဒေါ်လာ သန်း ၅၀၀ ထပ်ကူဦးမယ် ပြောလိုက်တာက အစိုးရကနေ အစိုးရကို တိုက်ရိုက်ပေးတဲ့ အကူအညီဖြစ်တယ်ဆိုတာ ဖြစ်ပြီး၊ NDAA Burma Act Budget ကတော့ အစုအဖွဲ့ လူတန်းစားအားလုံးဆီ ဖြစ်ပါတယ်။ NDAA မှာ မြန်မာပြည်က လူသားစာနာ အကာအကွယ်အကူက အခြေခံ သန်း ၅၀ ကို USAID ကနေ နှစ်စဥ် ၅ နှစ် ကူဖို့ဖြစ်ပြီး၊ ၂၀၂၃ အတွင်း အိမ်နီးချင်းနိုင်ငံများနဲ့ ခွဲဝေအကူက သန်း ၂၂၀ လို့ ဆိုထားပါတယ်။ 

ဒါကြောင့် ပြည်ပရောက်ပြည်သူတွေက direct action ဖြစ်တဲ့ စစ်ဖြစ်နေတဲ့ဒေသတွေ တိုက်ပွဲတွေကို စိတ်ဝင်စားကြပြီး NUG ၏ လုပ်ဆောင်နိုင်မှုကို အဓိကထား မေးခွန်းထုတ်နေကြသော်လည်း  တကယ်တမ်းကတော့ သူတို့တွေ၏ ရန်ပုံငွေထည့်ဝင်မှုတွေအပြင် နိုင်ငံတကာက အကူအညီထောက်ပို့မှုတွေ ဆိုတာကလည်း  NUG အစိုးရအပြင် ERO တွေ တိုင်းရင်းသားတွေ၊ Local PDF တွေ လူသားချင်း စာနာထောက်ကူမှု နယ်ပယ်တွေဆီကိုပါ တပြန့်တပြော တနံတလျား ရောက်ရှိနေတာဖြစ်တာမို့ NUG အစိုးရတာဝန်ရှိသူတွေချည်း ဖြေဆိုရမယ့် မေးခွန်းမဟုတ်တာကိုလည်း သတိချပ်မိလိမ့်မယ် မျှော်လင့်မိပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar