နိုင်ငံကူးလက်မှတ် လုပ်ငန်းပြန်လည်စတင်မယ်၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
မြန်မာနွေဦး ခရိုနီကယ် - ဖေဖော်ဝါရီ ၂၂ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃
နိုင်ငံကူးလက်မှတ် လုပ်ငန်းပြန်လည်စတင်မယ်၊ မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ
ဇန်နဝါရီလဆန်းကတည်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ဘာအကြောင်းကြောင့်မှန်း တိတိကျကျ မပြောဆိုဘဲ ရပ်ဆိုင်းလိုက်ရာက ၂ လနီးပါးအကြာမှာ ပြန်လည်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
ကျူအာရ် ကုဒ်စနစ်နဲ့ အွန်လိုင်းကနေ ကြိုတင်ရက်ချိန်းရယူပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးနေခဲ့ရာကနေ ဇန်နဝါရီပထမပတ်မှာ စနစ်ပြောင်းလဲမယ်လို့ အကြောင်းပြပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးနေတာကို ရပ်ဆိုင်းခဲ့တာဖြစ်ပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာမယ့်သူ၊ ကျောင်းတက်ဖို့ ထွက်ခွာမယ့်သူ၊ ဆေးကုသဖို့ ထွက်ခွာမယ့်သူတွေအနက် ပတ်စ်ပို့သက်တမ်းကုန်နေတာ သို့မဟုတ် မလုပ်ရသေးသူတွေ အဖို့ အချိန်းအချက်တွေ လွဲကုန်တာ၊ အရေးပေါ် ကိစ္စရှိပေမယ့် ပတ်စ်ပို့မရှိလို့ မသွားရောက်နိုင်တာတွေကြောင့် ဒုက္ခများခဲ့ကြရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတဲ့ ကုမ္ပဏီတွေမှာ စာရင်းပေးထားကြသူတွေကိုသာ ပတ်စ်ပို့ လုပ်ပေးနေခဲ့တာကြောင့် အချို့သော ပြည်ပထွက်ခွာဖို့ အကြောင်းရှိသူတွေအနေနဲ့ ဗုဒ္ဓဂါယာဘုရားဖူး တခေါက်သွားဖို့ စာရင်းပေး ငွေပေးချေပြီး ပတ်စ်ပို့ ထုတ်ယူပြီး ဘုရားဖူးပါ တခေါက်သွားကြရတဲ့ အခြေအနေမျိုး ခုလတွေမှာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ ဘာကြောင့် ပတ်စ်ပို့ လုပ်ငန်းစဥ်ကို ရပ်ဆိုင်းထားခဲ့တာလဲ ဆိုတာ တိတိကျကျ မှန်းဆပြောဖို့ ခက်နေပေမယ့် တချက်က ၄င်းတို့ရဲ့ အာဏာရှိတာကို ပြသတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း ပိုပြီးရှားပါးလာတာ၊ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် လူငယ်တွေကို မိဘတွေက ပြည်ပမှာ အလုပ်လုပ်ကိုင်ဖို့ တွန်းအားပေးကြတာကြောင့်ပါ နိုင်ငံကူးလက်မှတ် ထုတ်ယူသူ အရေအတွက်ဟာ ဘယ်တုန်းကနဲ့မှ မတူအောင် များပြားခဲ့တာဖြစ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားဖို့အတွက် နံနက် ၁ နာရီ ၂ နာရီကနေ တန်းစီကြတာတွေ ရှိပြီး ၁၀ နာရီကနေ ၁၂ နာရီကြာ တန်းစီစောင့်ဆိုင်းကြရတဲ့ အဖြစ်တွေ လွန်ခဲ့တဲ့ နှစ်လယ်ကနေစလို့ နှစ်ကုန်အထိ ဖြစ်နေခဲ့တာပါ။
နိုင်ငံကူးလက်မှတ် ကြိုတင်စာရင်းပေးသွင်းတဲ့ ကျူအာရ်ကုဒ်ရဖို့ အနည်းဆုံး ကျပ် ၃ သောင်း ကနေ အများဆုံး ၁ သိန်းထိ ပေးခဲ့ကြရပြီး ၊ အစအဆုံးအတွက် ၃ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျခဲ့တဲ့သူတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ်ရချင်လို့ ဗုဒ္ဓဂါယာ ဘုရားဖူးအတွက် အနိမ့်ဆုံးပမာဏအဖြစ် ကျပ် ၁၀ သိန်း အကုန်ကျခံကာ ဘုရားဖူးသွားပြီးမှ ပြည်ပကို ထွက်ခွာသူတွေလည်း အခုကာလမှာရှိခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုက နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ အဘက်ဘက်က နိမ့်ကျစေခဲ့ရုံသာမက ပြည်ပမှာ အလုပ်ထွက်လုပ်မယ့်သူ ပညာသင်ကြားမယ့်သူတွေကိုပါ ရပ်ဆိုင်းစေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ အခြားသတင်းအကြောင်းအရာ တခုက တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။ ဝ အဖွဲ့၊ မိုင်းလားအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပြီး ဘာအကြောင်းအရာတွေ ဆွေးနွေးသလဲဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းမှာ အမေရိကန်ရဲ့ ပါဝင်လာမှုကို အနီးကပ်စောင့်ကြည့်နေလိမ့်မှာ ထင်ရှားပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမေရိကန်ဘက်ကို နီးစပ်ယိမ်းယိုင်မှာကို မလိုလားတာတော့ ထင်ရှားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ထောက်ခံမှု၊ လက်နက်၊ ရိက္ခာ၊ ဆေးဝါးကုသမှုတွေမှာ တရုတ်နိုင်ငံကို အားကိုးနေကြရတဲ့ မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံကို သစ္စာခံတာမဟုတ်ပေမယ့် အလေးထား ဦးစားပေး ဆက်ဆံရတာမျိုး၊ တရုတ်နိုင်ငံရဲ့အမြင်ကို အလေးထားရတာမျိုးတော့ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နဝတ၊ နအဖ စစ်အစိုးရလက်ထက်က တိတိပပ ထောက်ခံအားပေးခဲ့ပေမယ့် အခု ၂၀၂၁ ခု စစ်အာဏာသိမ်းမှု နောက်မှာတော့ နိုင်ငံရေးအခြေအနေကို ပိုမိုသတိထား အကဲခတ်နေပြီး ဘယ်ဘက်ကို လောင်းရမလဲဆိုတဲ့ အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar