မောင်ရစ် - နွေဦးတော်လှန်ရေး ၂ နှစ်နဲ့ ၈၈ လည်ပြန်အတွေးများ - (၁)
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အမေရိကန်အချိန် ညသန်းကောင်ယံအချိန်မှာ စစ်တပ်က အာဏာသိမ်းတဲ့သတင်း ရောက်လာတာပဲ။ ပထမဦးဆုံးတွေးမိတာကတော့ ၈၈ ကနေ အနှစ် ၃၀ ကျော် အခြေတည်ထားလာကြတဲ့ စစ်အုပ်ချုပ်ရေးကနေ တစိတ်တပိုင်းဒီမိုကရေစီအုပ်ချုပ်ရေး အထိ တဖြေးဖြေး တည်ဆောက်နေကြတဲ့အဆောက်အအုံတွေ ပြိုကျကုန်ပြီ ဆိုတာပဲ ဖြစ်ပါတယ်။ အစကနေ ပြန် စကြရတော့မယ်၊ ကိုယ့်မိတ်ဆွေ စာပေနဲ့ စာနယ်ဇင်းသမားတွေနဲ့ ပြန်ပြီး အလုပ်တွေ ပြန်တည်ဆောက်ကြ လုပ်ကိုင်ကြရဦးမယ်ဆိုပြီး ရင်မောသွားပါတယ်။ တကယ်တန်းကတော့ မျိုးဆက်သစ်သတင်း စာနယ်ဇင်း လူငယ်မျိုးဆက်တွေ နောက်ဆုတ်မသွားဘဲ နွေဦးတော်လှန်ရေးနဲ့အတူ ဆက်လက်စီးဆင်းနေတာကို အခုတော့ တွေ့ရှိနေရပါပြီ။ ဒါပေမယ့် ပြည်တွင်းက creativity တီထွင်ဖန်တီးမှုနဲ့ freedom to express လွတ်လပ်စွာထုတ်ဖော်ခွင့် တွေကတော့ အကန့်အသတ်တွေ ရှိသွားတာ။ self censorship -ကိုယ့်ဖာသာကိုယ် မြိုသိပ်ရခြင်းတွေနဲ့ ဖွံဖြိုးမှုတွေ ကျဆင်းသွားတာကိုတော့ ဝန်ခံရမှာပါ။
အဲသည် အာဏာသိမ်းတဲ့နေ့ကစပြီး မိုးမခမှာ နေ့စဉ် သတင်းမှတ်တမ်း စရေးကြတယ်။ အယ်ဒီတာ ၂ ဦး ၃ ဦးလောက်နဲ့ တိုင်ပင်ပြီး စရေးကြတာ။ စစ်တပ်အာဏာသိမ်းပြီးနောက် ၁ ရက်မြောက် မြင်ကွင်းကနေ ခေါင်းတပ်ပြီး ရေးတာ၊ ၁ လ၊ ၂လ၊ ၃လ ကနေ အခု ၂ နှစ် ကျော်သွားပြီး။ မြန်မာနွေဦး ခရော်နီကယ် - နေ့စွဲမြင်ကွင်းဆိုပြီး ဆက်ရေးတယ်။ ရက်မပျက်သေးဘူး။ နွေဦးတော်လှန်ရေးဟာ အဆုံးတနေ့ကို ရောက်ရှိကြမှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ သည်တော့ ၂၁ ရာစုရဲ့ မြန်မာပြည်တော်လှန်ရေးခေတ်သစ်ကာလကို ငါတို့တသက်မှာတော့ မပျက်မကွက် မှတ်တမ်း ရေးမယ်လို့ ဆုံးဖြတ်ထားမိတယ်။ ၈၈ တုန်းကတော့ ခါးဆက်ပြတ်သွားတယ်။ ကိုယ်လဲ ဘာမှ ဖြတ်သန်းမှု စုဖွဲ့မှု မရှိခဲ့ဘူး။ အခုတော့ တစုံတရာ အတိုင်းအတာ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုတွေ စုဖွဲ့မှု ရှိနေပြီဆိုတော့ သည်နွေဦးတော်လှန်ရေးကို မှတ်တမ်းပြုတာ နေ့စဉ် လုပ်နေမိတော့တယ်။
နောက်တခုကတော့ စစချင်းမှာ CDM လှုပ်ရှားမှု ထောက်ပို့လုပ်ငန်းတွေကို ပြည်ပက မြန်မာပြည်သူတွေ၏ အားပေးကူညီမှုတွေ အရှိန်အဟုန်ရလာကြတာပါ။ အဲသည်အချိန်မှာ သွားတွေးမိတာက ပြည်တွင်းက စာပေနဲ့သတင်း မိတ်ဆွေများ၏ လုံခြုံရေးနဲ့ ရပ်တည်ရေး ဖြစ်ပါတယ်။ အဲသည်ကတည်းက မိမိတို့ဖာသာ ရန်ပုံငွေတရပ် တတ်နိုင်သလောက်ထူထောင်ပြီး အဲသည်တော်လှန်ရေးထဲက မိတ်ဆွေတွေအတွက် ထောက်ကူတဲ့အလုပ်ကို စလုပ်ဖြစ်တယ်။ နောက်တော့ မမေငြိမ်း၊ ကိုအောင်ဝေး၊ မိုးချိုသင်း၊ မစမ်းစမ်းတင်၊ သစ်ကောင်းအိမ်၊ ဆောင်းဝေ၊ ကျော်မောင် (တိုင်းတာရေး)၊ မေနှင်းလဲ့မွန်၊ စိုးသင့်ဆွေ၊ အိဇာ၊ မိုးစဲ စတဲ့ မိုးမခကို ထောက်ကူနေကျ ကလောင်ရှင်တွေနဲ့ ပေါင်းပြီး မိုးမခ၏ နွေဦးစာပေမိတ်ဆွေများ ထောက်ကူအဖွဲ့လေးနဲ့ လှူတာ ကူတာ လုပ်ဖြစ်နေပါတယ်။ လစဉ်မဟုတ်တောင် ကြုံကြိုက်သလို ဝင်ကူတဲ့ စာပေချစ်သူတွေနဲ့ ခရီးတွင်တယ် ဆိုရပါမယ်။
အဲသည်လိုကနေ နွေဦးခရိုနီကယ်ဆောင်းပါးတွေနဲ့ အခြားဆောင်းပါးရှင်တွေ၏ နွေဦးတော်လှန်ရေးဆိုင်ရာ စာတွေကို လစဉ် စုဝေးပြီး ပုံနှိပ်စာအုပ်လေး ဖြစ်ဖြစ် ထုတ်ထားမယ်။ အီးဘုတ်အဖြစ်လဲ အမေဇုံကင်းဒဲ အီးဘုတ်ဆိုင်မှာ တင်ထားမယ်လို့ တွေးမိပြန်ပါတယ်။ လစဉ် နွေဦးခရိုနီကယ်စာအုပ်ကို ၂၀၂၁ ဧပြီလကစပြီး ထုတ်ပါတယ်။ နောက်တော့ နွေဦးခရိုနီကယ်တင် မဟုတ်တော့ပဲ အောင်ဝေး၏ နွေဦးတော်လှန်ရေးကဗျာတွေ စုပြီး ထုတ်ဖြစ်တယ်။ ကဗျာ ၁၀၀ စီနဲ့ တတိယအုပ်အထိ ရောက်နေပြီ။ ကိုစောဝေရဲ့ အမှတ်တရစာများစုပြီးလည်း တအုပ် ပါတယ်။ ကိုအောင်မှိုင်း၏ နွေဦးအတွက် ကဗျာစာအုပ်လည်း ထုတ်ဖြစ်ပါတယ်။ စာအုပ်ဖြစ်အောင် ထုတ်တာကတော့ ၂၁ကနေ အခု ၂၃ နှစ်ဆန်းအထိ ၁၁ အုပ် (လစဉ်မှတ်တမ်း ၆ အုပ်၊ ကဗျာ ၄၊ ဆောင်းပါး ၁အုပ်) ထွက်တယ်။ ၂ နှစ်တာမှာ ၂လ ကို တအုပ်နှုန်းလောက်ပဲ နှေးတယ် ဆိုရပါမယ်။
အဲသည်တုန်းက အဓိက ကြုံဆုံမိတာ ၃ - ၄ - ၅ ခု ရှိတယ်။ incidents ပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်တဲ့ ပြည်သူ့အစိုးရတက်မှတော့ အာဏာသိမ်းတာ အကြမ်းဖက်တာတွေ ပြန်မဖြစ်နိုင်တော့ပါဘူးလို့ မရဲတရဲ မျော်လင့်ချက် ထားမိခဲ့ပါတယ်။ NLD ပါတီက ကိုဗစ်ကာလအတွင်း ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွေကို ပြိုင်ဘက်ပါတီတွေက ဝေဖန်ကြတာ။ နောက်ပြီးတော့ စစ်တပ်ကိုယ်တိုင်က ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်လာကြတာ။ အဲသည်မှာ စစ်တပ်က အာဏာသိမ်းမလားဆိုတဲ့ မေးခွန်း။ တကယ်တန်းမှာ စစ်တပ်ဟာ သူတို့စိတ်တိုင်းကျ အာဏာထိုင်ခုံမှာ အတိုင်းအတာ တစုံတရာ ရထားပြီးသားဆိုတော့ ဒီထက်ပိုပြီး မိုက်ကန်းလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် စစ်တပ်က တကယ်ကို စုံလုံးကန်း အာဏာသိမ်းတဲ့ စစ်ရာဇဝတ်မှုကြီးကို ကျုးလွန်ခဲ့ပါတယ်။ အဲဒါကို ချက်ခြင်းတုန့်ပြန် အာခံ တွန်းလှန်နိုင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမျိုးဆက်တွေ အင်အားစုတွေ (NLD, Gen Z, CDM, CSO, Ethnics, Unions, Activist စတဲ့ classificationတွေအကုန်) ၏ အစွမ်းသတ္တိ စိတ်ဓာတ် လုပ်ရပ်တွေက စစ်အုပ်စု၏ နိဂုံးသို့ သွားရာလမ်းကို ဖောက်ထွင်း လမ်းခင်းပေးလိုက်ပါတော့တယ်။ တော်လှန်ရေးဆိုတာ ဘာလဲဆိုတာ နွေဦးက ပြသလိုက်တာပါ။
အဲဒါတွေ မတိုင်ခင်က မိမိမှာ ပြန်လည်တွေးတောမိတာ ရေးသားမိတာ ၃ - ၄ - ၅ ခု ရှိတယ်။ တခုက လှည်းတန်းအက်ဆေးစာအုပ်အတွက် လှည်းတန်းစကွဲ (square) ဆိုတဲ့ ဆောင်းပါး ရေးခဲ့မိတာ။ တိုင်းပြည်တွေ၏ ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ အမှတ်တရ မှတ်တိုင်တွေ နေရာတွေ ရှိတယ်။ freedom sqaure လို့ သတ်မှတ်ထားကြတယ်။ ရန်ကုန်မှာ ကျောင်းသားတွေအမြဲတန်း သူပုန်ထကြတဲ့ သပိတ်မှောက်ကြတဲ့နေရာ လှည်းတန်းလမ်းဆုံရှိတယ်။ ဒီကနေ တော်လှန်ရေးတွေဆီ ဆက်ချီတက်ကြတယ်လို့ ရေးခဲ့မိတယ်။ ဘာရယ်လို့ မဟုတ်ဘူး။ ၈၈ အရေးတော်ပုံကြီးရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်းမှာ အတိတ်ပြည်ဖုံးကား ချခဲ့လိုက်ရပြီလားလို့ အတွေးနဲ့ ရေးမိတာပါ။
“ … ကျနော်တို့ လှည်းတန်းလမ်းဆုံကို ရောက်ရှိခဲ့ဖူးပါတယ်။ လှည်းတန်းလမ်းဆုံကနေ လွတ်လပ်ခြင်း တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး ဂုဏ်သိက္ခာရှိခြင်း လမ်းမများပေါ်ကို ရွေးချယ် လျောက်လှမ်းခဲ့ကြဖူူးပါတယ်။ အဲသည်လမ်းမများကို ရောက်ရှိဖို့ မိတ်ဆွေ လှည်းတန်းလမ်းဆုံကို အရင်ဆုံး ရောက်ရှိကြဖို့ လိုပါတယ်။ အဲသည်ကနေ လှည်းတန်းလမ်းဆုံကနေမှတဆင့် ကျနော်တို့ လွတ်မြောက်ခြင်းလမ်းမကို ရောက်ရှိကြမှာ ဖြစ်ပါတယ်။ …” (ဇွန် ၂၀၁၇ တုန်းက ရေးခဲ့တာ) https://blog.moemaka.com/2018/04/blog-post_905.html အခုလည်း လှည်းတန်းစကွဲ လှည်းတန်းလမ်းဆုံကနေ နွေဦးမျိုးဆက်တွေက ဆက်ချီတက်သွားကြပါပြီ။
နောက်တခု ရေးခဲ့တွေးခဲ့မိတာကတော့ - ဟောင်ကောင်ကျောင်းသားလှုပ်ရှားမှုပါ။ အခုချိန်မှာ မြန်မာနွေဦးကို လာကြိုဆို လက်တွဲကြတဲ့ အာရှလူငယ်တွေ၏ Milk Tea Alliance အင်အားတွေ၏ အစပေါ့။ ၂၀၂၀ ဖေဖော်ဝါရီလဆန်းမှာ ဟောင်ကောင်မျိုးဆက်သစ်တွေ၏ တော်လှန်ရုန်းကန်မှုနဲ့ အာရှ၏ နွေဦးအစပိုင်းကာလတွေအကြောင်း ရေးမိတယ်။ မြန်မာပြည်က လူငယ်တွေက ဟောင်ကောင်လူငယ်တွေလို ဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့မိဘူး။
“ … အတိတ်ကို ပြန်ကြည့်ရင် တော်လှန်ရေးအဟောင်းတွေက လူကြီးလူကောင်းဆန်တယ်။ လိမ္မာယဉ်ကျေးကြတယ်လေ။ လမ်းပေါ်ထွက်ပြီး စည်းကမ်းတကျ တန်းစီပြီး ဆန္ဒပြကြ၊ အကြမ်းဖက်အဖြိုခွဲခံရတော့ ဖယောင်းတိုင်လေးတွေ ထွန်းပြီး ဆုတောင်းပွဲလေးတွေ လုပ်ကြ၊ ထောင်တန်းကျတော့လည်း နှိပ်စက်ညှင်းပန်းခံရတာကို (သူတို့ဥပဒေနဲ့အညီ) ရင်ဆိုင်ကြရ၊ သေတော့လည်း အကြမ်းဖက်သမားအဖြစ် တံဆိပ်တပ်ခံကြရ၊ သည်လိုမျိုး မဟုတ်လား။ သည်တခါတော့ ဟောင်ကောင်သည် မျက်ရည်ကို အလိုမရှိ။ ကလေးတွေဟာ လမ်းပေါ်မှာ လက်နက်အပြည့်အစုံ အကာအကွယ်အပြည့်အစုံနဲ့ မိမိကိုယ်ကိုယ် ကာကွယ်တွန်းလှန်ပြီး တိုက်ပွဲကို ရှေ့ကိုတွန်းဖို့ ချီတက်လာကြတာ ဖြစ်ပါတယ်။ ရရင် ရ ၊ မရ ရင် ချ ဆိုတာ ကြွေးကြော်သံမဟုတ်တော့ဘူး၊ တကယ်ကို ပြန်ချ တဲ့ လက်နက်ဖြစ်လာပါတယ်။ …” (ဖေ ၁၅၊ ၂၀၂၀)။ https://www.moemaka.com/2021/02/blog-post_65.html ။ မြန်မာနွေဦးမျိုးဆက်ဟာ သူတို့ကို ကျော်လွန်ပြီး လက်နက်ကိုင်ခုခံတွန်းလှစ် ဆင်နွဲနေတဲ့ တော်လှန်စစ်သည်တွေ နွေဦးစစ်သည်တွေ ဖြစ်လာကြပါပြီ။
Reflection တွေထဲမှာ Gen - Z တွေ၊ ရာစုသစ်မျိုးဆက် မီလီနီယံလူငယ်တွေအကြောင်း ၂၀၁၃ တုန်းက ရေးခဲ့မိတာလဲ ပေါ်လာတယ်။ ၂၀၁၃ တုန်းကတော့ ၂၁ ရာစု မျိုးဆက်သစ် ဘာလဲ ဆိုပြီး ရေးခဲ့တာပါ။ Gen Z တွေက ငြိမ်းချမ်း အေးမြတဲ့ အရိပ်အာ၀သမှာ ကြီးကြလိမ့်မယ်၊ သာယာတဲ့လူ့ဘောင်သစ်ကို ခူးဆွတ်စားသုံးသူတွေ ဖြစ်လိမ့်မယ်လို့ မျော်လင့်မိတာ။ လုံး၀ကြီး မှားသွားပါတယ်။ Gen Z တွေဟာ ဟောင်ကောင်လူငယ်တွေလိုပဲ ရှေ့ကလူတွေ ချို့ယွင်းအားနည်းခဲ့တာတွေအတွက် ပုခုံးနဲ့ ဝင်ထမ်းပြီး တိုက်ပွဲဝင်ရတဲ့ ခက်ထန်ကြမ်းတမ်း အားကောင်းမောင်းသန် လူငယ်သစ်တွေ ဖြစ်လာတာကို ၂၀၂၁ ဖေဖော်ဝါရီကနေ စပြီး တွေ့ရပါတော့တယ်။ Gen Lee တွေလို့ နွေဦးမျိုးဆက်သစ်တွေက အာလုပ်ပြုတဲ့ မျိုးဆက်ဟောင်း လူညံ့တွေအကြောင်းကိုလည်း သူတို့တွေ၏ ဝေဖန်ကြတာတွေ ဆူညံလာတာတွေ့ရပါတယ်။
၂၀၁၃ နီဝင်ဘာလထုတ် အတွေးအမြင်စာစောင်မှာ ရေးခဲ့ဖူးတာက - မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း ပြည်သူလူထုနဲ့ အင်န်အယ်ဒီပါတီနဲ့ လူငယ်မျိုးဆက်သစ်တွေ တက်ကြွ လန်းဆန်း မျော်လင့်တက်ကြွနေပုံတွေကို ကြည့်ပြီး ရေးခဲ့မိတာ ဖြစ်ပါတယ်။ အဲသည်တုန်းက ရေးမိတာက -
“ … သူတို့တွေခေတ်မှာ သူတို့ ဘာလုပ်ကြမယ် ထင်သလဲ။ သူတို့က အကြမ်းဖက်တော်လှန်ရေးသမားတွေ မဟုတ်တော့ဘူး။ အနုနည်းနဲ့ တော်လှန်ပြောင်းလဲကြလိမ့်မယ် ထင်တယ်။ ကျနော်တို့တုန်းကတော့ အာခံရတယ်။ ဖီဆန်ရတယ်။ အဖေ အမေတို့တုန်းက သူပုန်ထရတယ်။ အကြမ်းဖက်ရတယ်။ သူတို့ကတော့ ကျနော်တို့မျိုးဆက်တွေကို နားဝင်အောင် ဆွေးနွေးပြောဆိုကြလိမ့်မယ် ထင်တယ်။ ကျနော်တို့ အကျင့်ဆိုးတွေကို သူတို့ရဲ့ ကိုယ်ကျိုးကြည့်မျက်စိနဲ့ ဝေဖန်ပြီး၊ ကိုယ်ချင်းစာပြီး စဉ်းစားအောင် ဖိအားပေးကြလိမ့်မယ်ထင်တယ်။ မတူတဲ့သူတွေ အတူတူ နေထိုင်ပြီး သူ့အကြိုက် ကိုယ့်အကြိုက် Like လုပ်တတ်တဲ့ ယဉ်ကျေးမှု space ကို သူတို့ လူကြီးတွေကို သင်ပေးလိမ့်မယ် ထင်ပါတယ်။ အကောင်းမြင်တဲ့ စိတ်နဲ့ ကြည့်တဲ့အခါ သူတို့ကိုယ်တိုင်က သူများအကြွေးတွေကို ဝင်ထမ်းချင်မှာ မဟုတ်သလို၊ သူတို့တွေကိုယ်တိုင်ကလည်း နောင်လာမယ့် ၂၁ ရာစုလွန်မျိုးဆက်ကို မျိုးဆက်ဟောင်းတွေရဲ့ အကြွေးတွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ပေးရစ်ဖို့ သူတို့ ကြိုးစားလိမ့်မယ် မဟုတ်ဘူး။ ..” https://www.moemaka.com/2020/02/blog-post_88.html (၂၀၁၃ အတွေးအမြင်၊ ၂၀၁၉ မိုးမခမဂ္ဂဇင်း၊ ၂၀၂၀ အွန်လိုင်း ပြန်ဖော်ပြ)
အခုချိန်မှာ ပြန်ပြောင်းကြည့်လိုက်တော့ Gen Z တွေ မျိူးဆက်သစ်တွေဟာ နွေဦးတော်လှန်ရေး၏ မြားဦးကနေ တပ်ဦးကနေ လက်နက်မျိုးစုံကိုင်စွဲလို့ ချီတက်နေကြပါပြီ။ ငြိမ်းချမ်းရေးရဖို့ စစ်ကို ရဲရဲခင်းသူတွေ ဖြစ်နေကြပါပြီ။ အတွေးအခေါ်ဟောင်းတွေက မှိုင်းတိုက်ထားတဲ့ ပျော့ညံ့တွေဝေမှုတွေကို ဆွဲနှုတ်လိုက်သူတွေ ဖြစ်ပြီး ကျနော်တို့လို မျိုးဆက်ဟောင်းတွေက သူတို့ဆီက ပြန်သင်ယူနေရသူတွေ ဖြစ်နေကြရပါပြီ။
အခု ဒီစာကို ရေးနေမိတာကလည်း ၈၈ ကနေ ဆက်ပြီး ခရီးလမ်းမှာ ရုန်းကန်နေရသူ၊ တော်လှန်ရေး သို့မဟုတ် တိုက်ပွဲတွေ၏ ပဟေဠိတွေကို အဖြေညှိနေမိသူတဦး၏ အတွေးအမျှင်တန်းတွေပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar