Breaking News

ပန်ဒိုရာ - သတိရဖို့မကောင်းတဲ့လူ

သတိရဖို့မကောင်းတဲ့လူ
ပန်ဒိုရာ
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃

နေရှိရာ လှည့်လှည့်ပွင့်ပြရင်း
ရိုးတံလေးဟာ ရိုကျိုးကိုင်းညွတ်လို့ 
သူ့အမြစ်တွေက ရေကြည်နုရာရှာရင်း
လည်တံမော့မော့ ခက်ဖြာပြန့်ကားလို့။

နွေကာလာက ခပ်ရင့်ရင့်
တိမ်တောင်တွေက အစိုးမရ
ဥသြသံလေးလည်း အရင်လို
ချိုချိုရှရှ နားဝမဝင်တော့ဘူး
ကော်ဖီခွက်က အငွေ့သေနေုပြီ
ဒီဆိပ်ကမ်းနဲ့ ဒီလမ်းနဲ့
ဆိုက်ချင်သလိုဆိုက် လွင့်ချင်ရာလွင့်
ဒီရွက်ကြွေနဲ့ လေပွေနဲ့။

ဒီလိုပါပဲ
ခြေခင်းလက်ခင်း မလင်းကျင်းခင်
အမှောင်တိုက်ကြီးကိုပဲ
ရည်ညွှန်းကိုးကားနေကြမှာပါပဲ
ကိုယ့်လိပ်ပြာခေါ်သံ ကိုယ်ပြန်ကြားရ
မကောင်းမှုဆိုတာ... စိတ္တရလေခါ
မြစ်ကမ်းနံဘေးက... သိဒ္ဓတ္ထ
တစ်မျက်နှာ တစ်ပါဒလှန်လှော
ပြန်မပြောဖြစ်တော့ဘူး မဟုတ်လား
ဒီလိုပါပဲ။ 

ရပါတယ်
ဟာသလုပ် ရယ်သွမ်းသွေးကြတဲ့
နောင်တတွေပဲဖြစ်ဖြစ် သံဝေဂပဲဖြစ်ဖြစ်
ဘာတွေရရ ဘဝမှာ
ကျန်းမာပါစေ ရွှင်လန်းပါစေ
ရှင်သန်မှုကို မွေးမြူနိုင်ပါစေ
အားလုံးပဲ အဆင်ပြေပါတယ်
အားလုံးပဲ ရပါတယ်။

အထင်ဟာ အမြင်နဲ့ ထပ်တူကျမကျ
ပညာတတ်မတစ်ယောက်ရဲ့အကျပ်အတည်း
ဘယ်သူ့ငရဲ က ပိုကြီးမကြီး
မျက်တောင်မွှေးအစွန်အဖျားက
စိတ်နဲ့ဆိုးချလိုက်တဲ့အရောင်တွေလည်း
စိတ်သာသလို စွန်းထင်းနေပါစေ။

ထောင့်ချိုးမှာ ဝင်တိုက်မိပြီးရင်
ဇာတ်လမ်းကို ကြိုက်သလိုဆက်ရေးနိုင်တယ်
တနေ့နေ့ပေါ့ တကွေ့ကွေ့ပေါ့
ကံကြမ္မာဆိုတာလည်း ပါပစေပေါ့
အဖြစ်အပျက်တွေကို ပြန်မတွေးဖြစ်တော့တဲ့အခါ 
အတိတ်ဟာ အရင်ဘဝလောက် ဝေးသွားတယ်။

မြေမှုန်ဘဝက လာခဲ့ကြတာပဲ
အစိုင်အခဲကာလ အေးစက်မာကျောနိုင်ရုံမက
ရေခိုးရေငွေ့လို ခြေရာလက်ရာ
မှေးမှိန် ကျပျောက်သွားတတ်တာ ဘာဆန်းသလဲ။

၃.၆.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar