အိုက်နီ(ဖြူး) - ဦးအောင်စိုးမြင့် (သို့မဟုတ်) ကျနော်ရဲ့နိုင်ငံရေးခရီးအစ
ဦးအောင်စိုးမြင့် (သို့မဟုတ်) ကျနော်ရဲ့နိုင်ငံရေးခရီးအစ
အိုက်နီ(ဖြူး)
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၂၃
၂၀၁၂ခုနစ်မှာ တက္ကသိုလ်ပထမနှစ် တက်ဖို့ တောင်ငူမြို့ကို ဖြူးမြို့ငယ်လေးကနေ အဆန်ရထားစီးပြီး နေ့လည်တနာရီလောက်မှာ လိုက်ပါစီးနင်းခဲ့ပါတယ်။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ ပထမအပတ်။ အဆောင်နေရာ အမှတ်(၁၁)ရပ်ကွက် ကန်တော်ကြီးရှေ့က အဆောင်မှာ နေရာထိုင်ခင်းချထားပြီး တောသားမြို့တက်ဆိုရမလား ဟိုဟိုဒီဒီလျှောက်သွားခဲ့တယ်။
ဖြူးက အတူတက်လာခဲ့တဲ့သူငယ်ချင်းတွေနဲ့ ကန်တော်ကြီးအလည် အပတ်၊ ဝက်သားတုတ်ထိုး အသုတ်ဆိုင်အစုံပါပဲ။ ဘဝရဲ့အချိုးအကွေ့ပြောင်းလဲမယ့်နေ့ကိုရောက်ရှိလာပြီ။ အဲ့နေ့က ဖေဖော်ဝါရီလ ၁၂ရက်နေ့ ။
ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် တောင်ငူမိုင်ဒါကွင်းမှာ ပွဲစျေးတန်းရှိတယ်ဆိုလို့ ကျနော်တို့သူငယ်ချင်းတွေ လည်ပတ်ကြမယ်လို့ တိုင်ပင်ဖြစ်ခဲ့တယ်။ တကယ့်လက်တွေ့မှာ အလည်အပတ်ခရီးမှသည် ခရီးရှည်ချီတက်ဖို့ဆုံးဖြတ်ခဲ့သည့်နေ့တနေ့ဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။ ဆိုင်ကယ်ကို မိုင်ဒါကွင်းရှေ့မှာ ရပ်ပြီး ပွဲစျေးတန်းထဲ ဟိုဟိုဒီဒီ လျောက်လည်ရင်း တနေရာအရောက်မှာ ခြေလှမ်းကျဲကျဲလျောက်တတ်တဲ့ကျနော်အဖို့ ခြေအစုံရပ်လိုက်မိတယ်။ တခါမှ မြင်ရလိမ့်မယ်လို့ မထင်မှတ်မိတဲ့မြင်ကွင်း၊ ကျနော်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကား ချပ်တွေ၊ ကျနော် ချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပန်းချီတွေ အစီစီ နေရာယူပြီး ခွတ်ဒေါင်းကြယ်ဖြူအလံထောင်ပြီး "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရံပုံငွေအရောင်းဆိုင်" လို့ ပိတ်စအနီမှာ အဖြူရောင် စာ လုံးကြီးကအထင်းသား။ ကျနော် ရင်ခုန်မိတယ်၊ ကျနော်ကို တစုံတရာက စွဲငင်ထားသည့်အလား၊ ကျနော် ငေးနေမိတယ်။ အဲ့အချိန်မှာ လွင့်ပျံလာတဲ့တေးသံက "တိုင်းနိုင်ငံအနှံ့ ခွတ်ဒေါင်းပြန်လာပြီ" ကျနော်ရဲ့ အထက် တန်းကျောင်းသားဘဝ ၊ ရွှေဝါရောင်တော်လှန်ရေးမြင်ကွင်းတွေက တီဗီဖန်သားပြင်ကနေ ကျနော်စိတ်ကို လွှမ်းမိုးထားခဲ့တာ ၈တန်းကျောင်းသားဘဝထဲကပင်။ အခုအခါ အပြင်လက်တွေ့မှာ ခွတ်ဒေါင်းအလံတွေ လေး စားရတဲ့ ဓာတ်ပုံကားချပ်တွေကစွဲဆောင်မိနေပြီ ကျနော်ရဲ့စိတ်ကို၊ ရပ်နေတဲ့ခြေအစုံက ဆက်သွားဖို့ဆန္ဒမရှိတော့။ "မောင်လေး လာကြည့်လို့ရတယ်ဆိုတဲ့ အသံတခု" ကျနော်ပြေးကြည့်မိတယ်။ ရင်ထိုးတခု၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည် တွဲယှဥ်လျက်ပါတဲ့ ဓာတ်ပုံကားချပ်ကို ဝယ်ယူမိတဲ့အချိန်၊ သတိထားမိသွားတဲ့လူတဦး အသက်၆၀ခန့်အရွယ် ပင်နီတိုက်ပုံဝတ်ထားပြီး ခွတ်ဒေါင်းကြယ်ဖြူတံဆိပ် ဘယ်ဘက်ရင်အုံကိုထိုးထားတဲ့လူတဦး။ ကျနော်မျက်လုံးအစုံက သာမန်စျေးဝယ်သူနဲ့မတူဘဲ လှုပ်ရှားနေတဲ့မျက်လုံးအစုံကြောင့် ကွမ်းတမြုံ့မြုံ့ဝါးရင်း နောက်လည်းလာခဲ့ပါလို့ပြောသံ။ နောက်ထပ်အသံတခု ကျနော်နားဆီထပ်တိုးဝင်လာခဲ့တယ်။ အသံခပ်ကျယ်ကျယ်နဲ့ ကျောင် းသားလေးတွေလား၊ စာအုပ်တွေလည်းရှိတယ်တဲ့။
နောက်မှ ကျနော်သိလိုက်ရတာတော့ ကွမ်းတမြုံ့မြုံ့ဝါးနေသူက ၁၉၉၀ခုနစ်အမတ် ဦးအောင်စိုးမြင့်လို့ သိလိုက်ရတယ်။ အသံစွာစွာနဲ့ပြောလာတဲ့ အရပ်ရှည်ရှည် အသား ညိုညိုနဲ့က ကျောက်တံခါးအမတ်ဦးလှဦးရဲ့ သား ဆရာဇော်ဇော်လို့ သိလိုက်ရတယ်။ ကျနော်မကြာခဏဆိုသလို သွားလည်ခဲ့မိတယ်။
ကျနော်ဆုံးဖြတ်ချက်အချို့ကြောင့် မိုင်ဒါကွင်း ရန်ပုံငွေအရောင်းဆိုင်ဟာ ကျနော်က ဝယ်သူမဟုတ်ခဲ့ဘဲ ရောင်းသူအဖြစ်၊ ရောင်းသူအဖြစ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ငူ)ရုံးရှိရာ ဦးအောင်စိုးမြင့်အိမ်ဆီသို့။ ကျနော် ရဲ့ စားအိမ်သောက်အိမ်ဖြစ်ခဲ့ရုံမက အဖတယောက်လို ဆရာတယောက်လို ရှင်သန်ခဲ့ဖူးတယ်။ ၂၀၁၂ ဧပြီမှာ ကြားဖြတ်ရွေးကောက်ပွဲရှိခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်လို့ ကျနော်တို့ တောင်ငူခရိုင်လည်း ပြင်ဆင်စုရုံးခဲ့ကြတယ်။ ကြားဖြတ်ရွေး ကောက်ပွဲကာလမှာ ကျနော်နဲ့ ဦးအောင်စိုးမြင့်မိသားစု ပိုမိုရင်းနှီးသွားကြတယ်။ ကျနော် တောင်ငူတက္ကသိုလ်မှာ အတန်းတက်ချိန်မမှန်ခဲ့ပါ၊ Roll callတွေ ငြိလာလို့ အိမ်အထိ ပါချုပ်ဒေါက်တာအောင်သူလက်မှတ်နဲ့ ဌာနမှူးမှ မိဘခေါ်ခဲ့ပြီ။ အဖေနဲ့အမေ လိုက်ပါလာတော့ အဆောင်မှာသတင်းက မွှေးနေပြီ၊ ပင်နီတိုက်ပုံနဲ့ မနက်ကထွက်ပြီး ညမှ ပြန်လာသတဲ့။ ကျနော်ကို ဆူတဲ့အမေ့ရဲ့အသံက တိုးမပေါက်ခဲ့ဘူး။ ကျနော်ဆုံးဖြတ်ပြီးပြီ၊ စစ်တပ်အုပ်ချုပ်တာကို မကြိုက်ဘူး မလိုချင်ဘူး၊ အရပ်သားအစိုးရ ကျနော်တို့ချစ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမပါတီအာဏာရအောင်လုပ်တဲ့အထဲ အုတ်တချပ် သဲတပွင့်အဖြစ်။
အဖေနဲ့အမေက စုံစမ်းပြီး အဘဦးအောင်စိုးမြင့်ဆီ သွားတွေ့ပြီး ခက်ခက် ခဲခဲနှင့် ကျောင်းထားပေးရတာဖြစ်တာကြောင့် ကျောင်းတက်ချိန်မှန်စေဖို့နဲ့ သူရဲ့စိတ်အားထက်သန်မှုကိုလည်းမပိတ်ပင်ပါဘူး စသည်ဖြင့်။ အဘရဲ့ နှစ်လိုဖွယ်အပြုံးနဲ့ ကျနော်ကို ဆုံးမခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျနော်တို့ အပြတ်အသတ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမတ်လောင်း ဒေါ်ဝေဝေသာ(သမ္မတရံုးဝန်ကြီးဟောင်း ဦးအောင်မင်းဇနီး)ကို အနိုင်ရရှိခဲ့တယ်။ ကြားဖြတ်ကာလ ရက်တိုခဲ့သော်ငြား သံယောဇဥ်တွယ်ခဲ့ကြတယ်။ ခင်မင်ခဲ့ကြတယ်။ ကျနော်ရဲ့ နိုင်ငံရေး သမားဘဝအစကို ဦးအောင်စိုးမြင့်ဆီကနေ တောင်ငူခရိုင်ကျောင်းသားသမဂ္ဂ/ဗကသများအဖွဲ့ချုပ်၊ လယ်သမားအရေးလှုပ်ရှားသူ၊ တောတွင်းတော်လှန်ရေးသမားဘဝ စသည်ဖြင့်။
မထင်မှတ်ဘဲ လမ်းခုလတ်ဒီကနေ့မနက်အစောမှာ လေးစားချစ်ခင်ရတဲ့ အဘဦးအောင်စိုးမြင့်ဆုံးပြီလို့ ကြား လိုက်ရတယ်။ ကျနော်က အဘနဲ့ အဝေးတောင်တန်းတွေဆီရောက်နေပြီ။ ဖြူးမြို့မှာသာရှိနေခဲ့ရင် အပြေးသွားခဲ့မိမှာပါ။ အဘရဲ့နောက်ဆုံးခရီးကို မလိုက်ပို့နိုင်ပေမယ့် အဘယုံ ကြည်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးခရီးကို အဆုံးထိ လျှောက်လှမ်းသွားပါမယ်လို့ သန္နိဋ္ဌာန်ပြုလိုက်ပါတယ်။
အိုက်နီ(ဖြူး)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar